နောက်ဆုံးရ သတင်း
ထိုင်းနိုင်ငံထွက်ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ထိုင်းဆန်မွှေး၊ ပီလောပီနံ၊ နှင်းသီးအခြောက်နဲ့ဆီစတဲ့ လယ်ယာထွက်ကုန် ပစ္စည်းများကို ဘတ်သန်း (၁၀၀၀) ဖိုးခန့်ဝယ်ယူရန် တရုတ်ကုမ္ပဏီယူနန်အင်ဝက်မန့်နှင့် ထိုင်းနိုင်ငံ Logical Information Network Co.,Ltd တို့အကြားနားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြတယ် လို့သိရပါတယ်။ တရုတ် ကုမ္ပဏီဟာထိုင်းနိုင်ငံမှဝယ်ယူပြီး ယူနန်ပြည်နယ်သို့ တင်ပို့သွား မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ Siam Chemical Co., မာပီတိုလီယမ် ကုမ္ပဏီနဲ့ စီချွန်ဂရု ကုမ္ပဏီတို့ကလည်း တရုတ်နိုင်ငံမှာ ဘတ် သန်း (၅၀၀၀) ခန့်ရင်းနှီးမြှုပ်နှံသွားမယ်လို့သိရပါတယ်။
Source: ထိုင်းရတ်သတင်းစာ
(မြင့်ဦး၊ တာချီလိတ်)
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ တိုင်းဒေသကြီး၊ မန်နေဂျာရုံး အစည်းအဝေး ခန်းမမှာ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောသင်တန်းကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနဲ့ စီးပွားရေးဆိုင်ရာဝန်ကြီး၊ ဦးကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်းရဲ့ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ကုန်စည်ဒိုင်အသီးသီးမှ တာဝန်ရှိသူများ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၆၄ ဦးတက်ရောက်ခဲ့ကြပါတယ်။ သင်တန်းကို ဇွန်လ ၂၈ ရက်မှ ၂၉ ရက်ထိဖြစ်ကြောင်း သိရပါတယ်။
ခင်ဆွေဝင်း - ပြည်
ကနဦးအစီရင်ခံစာများအရ အိန္ဒိယနိုင်ငံ လက်ရှိစိုက်ပျိုးရာသီမှာ စိုက်ပျိုးဖို့ဟက်တာ ၁၇ ဒသမ ၄၉ သိန်းလျာထား ပေမဲ့လည်း ယခုအချိန်ထိ ဟက်တာ ၁၅ ဒသမ ၁၁ သိန်းသာစိုက်ပျိုးထားပြီးကြောင်းသိရပါတယ်။ ပြည်တွင်း ဈေးကွက် အတွင်း ရောင်းချမှု နည်းတဲ့အပြင် ရူပီးတန်ဖိုးကျဆင်းခြင်းတွေကြောင့် တင်သွင်းပဲဈေးကို ကြီးမြင့်စေတဲ့ အတွက် ကုလားပဲဈေး ဆက်လက် ခိုင်မာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ရောင်းချမှုနည်းတဲ့အပြင် မုတ်သုံမိုးနှေးကွေးတဲ့အတွက် မိုးပဲစိုက်ပျိုးမှုက ကျဆင်းနေပါတယ်။ အိန္ဒိယ မိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ ၂၀၁၂ မုတ်သုံမိုးရွာသွန်းမှုက ကာလရှည်ပျမ်းမျှမိုးရေချိန်ရဲ့ ၉၆ ရာခိုင်နှုန်းသာရှိမှာဖြစ်လို့ ဧပြီလမှာခန့်မှန်းတဲ့ ၉၉ ရာခိုင်နှုန်းထက် ကျဆင်းတယ်လို့ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ စုစုပေါင်း ပဲစိုက်ပျိုးမှုရဲ့ ၃၆ ရာခိုင်နှုန်းခန့်ကို မိုးရာသီမှာစိုက်ပျိုးပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ မိုးပဲစိုက်ဧရိယာဟာ ယခင်နှစ်ကာလတူ စိုက်ပျိုးမှုဟက်တာ ၀ ဒသမ ၉၂ သိန်းနဲ့ယှဉ်ရင် ၉၂ ရာခိုင်နှုန်းကျဆင်းပြီး ဟက်တာ ၀ ဒသမ ၀၇ သိန်းသာရှိတယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာမှာ မိုးပဲစိုက်ပျိုးမှုကလည်း ယခင်နှစ်ကာလတူစိုက်ပျိုးမှု ဟက်တာ ၁၀၀၄၃၁ ထက် ၆ ရာခိုင်နှုန်း ကျဆင်းပြီး ဟက်တာ ၉၄၈၇၅ ရှိတယ်လို့ဆိုပါတယ်။ အစိုးရရဲ့ တတိယအကြိမ် ခန့်မှန်းချက်အရ ၂၀၁၁-၂၀၁၂ မှာ ပဲစုစုပေါင်းထုတ်လုပ်မှုက တန်ချိန် ၁၇ ဒသမ ၀၂ သန်းရှိလို့ ယခင်နှစ်ကာလတူ ထုတ်လုပ်မှုတန်ချိန် ၁၈ ဒသမ ၂၄ သန်းထက် ကျဆင်းခဲ့ပါတယ်။ ကုလားပဲထုတ်လုပ်မှုက ဒုတိယအကြိမ် ခန့်မှန်းတန်ချိန် ၇ ဒသမ ၆၆ သန်းထက် ၇ ဒသမ ၄ သန်းကို ကျဆင်းမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ကုန်သွယ်ရေးနဲ့ စက်မှုလက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ၂၀၁၁ ဧပြီလမှ ၂၀၁၂ မတ်လအတွင်း ပဲလုံးတန်ချိန် ၂၀ ဒသမ ၂၃ သိန်း၊ ကုလားပဲတန်ချိန် ၂ ဒသမ ၀၃ သိန်း၊ မတ်ပဲနဲ့ ပဲတီစိမ်းတန်ချိန် ၄ ဒသမ ၃၂ သိန်း၊ ပဲနီလေးတန်ချိန် ၁ ဒသမ ၁၂ သိန်းနဲ့ ပဲစင်းငုံတန်ချိန် ၄ ဒသမ ၂၆ သိန်းစီ တင်သွင်းခဲ့ကြောင်းသိရပါတယ်။ ၂၀၁၂-၂၀၁၃အတွက် မတ်ပဲအနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းကို ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းတိုးမြှင့်ပြီး၊ တစ်တန်ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၇၅၄ ) သတ်မှတ်ခဲ့ပါတယ်။ ပဲစင်းငုံနဲ့ ပဲတီစိမ်းအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းကို အစိုးရက ကြေငြာခြင်း မရှိသေးဘူးလို့သိရပါတယ်။
Source: businessline
ယမင်းခင်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်အတွင်း ဆောင်းသီးနှံပဲမျိုးစုံများမှာ လက်ကျန်နည်းလာခဲ့ပြီဖြစ်သလို ပဲတီစိမ်းသီးနှံဟာလည်း တိုင်းအတွင်းရှိ မြို့နယ်အားလုံးမှာ စိုက်ပျိုးမှုမရှိဘဲ ပြည်ခရိုင်အတွင်း မြို့နယ်အချို့မှာသာ စိုက်ပျိုးမှုရှိခဲ့တာကြောင့် ဒေသတွင်း ထွက်ရှိမှုနည်းခဲ့ပါတယ်။ ဒါကြောင့် ဈေးကွက်အတွင်း ပွဲရုံများမှာ လက်ကျန် အသင့်အတင့်သာရှိခဲ့ပြီး၊ တစ်ခါတစ်ရံမှသာ ရန်ကုန်ဝယ်လက်အပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ယခင်အပတ်က ဈေးအတိုင်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဇူလိုင်လ အတွင်း မိုးပဲတီစိမ်းသစ်များ ဈေးကွက်ကို ဝင်ရောက်နိုင်ကြောင်း ပွဲရုံများမှ သိရှိရပါတယ်။
ခင်ဆွေဝင်း - ပြည်
ဗီယက်နမ်ပို့ကုန်သမားတွေအနေနဲ့ လာမယ့်နှစ်မှာ နိုင်ငံတော်တော်များများက ပြည်တွင်းစက်မှု လုပ်ငန်းတွေကို ကာကွယ်ဖို့အတွက် ကုန်သွယ်ရေး အတားအဆီးတွေကို စတင်ဆောင်ရွက်နေပြီဖြစ်တာကြောင့် အခက်အခဲတွေတိုးလာကြောင်း ကုန်သွယ်မှုအသိုင်းအဝိုင်းက ပြောပါတယ်။ လွန်ခဲ့တဲ့နှစ်ကတည်းက တစ်ကမ္ဘာ လုံးကုန်သွယ်ရေးကာကွယ်မှုစနစ်ကို စတင်သုံးလာကြောင်း ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေး အေဂျင်စီက ဆိုပါတယ်။ ဒီဖြစ်စဉ်က တင်သွင်းတဲ့နိုင်ငံတွေမှာ ပြည်တွင်းစီးပွားရေးပြဿနာတွေရင်ဆိုင်နေရသရွေ့ ၂၀၁၃ အထိ ဆက်လက်ဖြစ်ပေါ်နေနိုင်တယ်လို့ အစီရင်ခံစာများမှာ ဖော်ပြထားပါတယ်။ ဒီလိုကာကွယ်မှုက ဗီယက်နမ်ပို့ကုန်တွေ အထူးသဖြင့် စတီး၊ ပလပ်စတစ်နဲ့ ပရိဘောဂပစ္စည်းတွေအတွက် အနှုတ်လက္ခဏာ ဆောင်စေတယ်လို့ စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။
ကုန်သွယ်ရေးအဟန့်အတားတွေက ကင်းလွတ်မယ်ဆိုရင်တောင် ဗီယက်နမ်အနေနဲ့ အလုပ်သမား စရိတ်သက်သာပြီး ထုတ်လုပ်မှုမြင့်မားတဲ့အခြားနိုင်ငံမှ ပို့ကုန်သမားတွေနဲ့ ယှဉ်ပြိုင်မှုတွေတိုးလာ ဖွယ်ရှိတယ်လို့ သူကဆိုပါတယ်။ ဗီယက်နမ်ရဲ့ ပို့ကုန်တင်ပို့မှုက ဧပြီလမှာ ဒေါ်လာ ၈ ဒသမ ၉၆ ဘီလီယံ ရှိရာကနေ မေလမှာ ဒေါ်လာ ၉ ဒသမ ၁ ဘီလီယံကို တိုးတက်လာကြောင်း ဗဟိုစာရင်းဌာနမှ သိရပါတယ်။ ယခုနှစ်ပထမ ၅ လအတွင်း သင်္ဘောတင်မှု ၂၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ပြီး ဒေါ်လာ ၄၂ ဒသမ ၈၆ ဘီလီယံကို ရောက်ရှိလာကြောင်း သိရပါတယ်။ ဗီယက်နမ်က ၂၀၁၀ မှာ ပို့ကုန်ဝင်ငွေကောင်းတာကြောင့် လွန်ခဲ့တဲ့နှစ်က GDP ၀ ဒသမ ၅ ရာခိုင်နှုန်းလိုငွေပြခဲ့တာကို လျော့ချဖို့ကြိုးစားနေကြောင်း ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ထုတ်လုပ်မှုကဏ္ဍများဖြစ်တဲ့ အထည်အလိပ်၊ ဖိနပ်နဲ့ ပရိဘောဂတို့မှာ အလုပ်သမားလိုအပ်ချက် ယခုနှစ်မှာ ဆက်လက်မြင့်တက်နေမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ ဗီယက်နမ်ရဲ့ ပို့ကုန်တင်ပို့မှုက ၃၄ ဒသမ ၂ ရာခိုင်နှုန်း ယခင်နှစ်ထက်တိုးတက်ပြီး ဒေါ်လာ ၁၁၀ ဒသမ ၅ ဘီလီယံကို ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
Suorce:Thanh Nien
K.Z.W