ဗီယက်နမ်ပို့ကုန်သမားတွေအနေနဲ့ လာမယ့်နှစ်မှာ နိုင်ငံတော်တော်များများက ပြည်တွင်းစက်မှု လုပ်ငန်းတွေကို ကာကွယ်ဖို့အတွက် ကုန်သွယ်ရေး အတားအဆီးတွေကို စတင်ဆောင်ရွက်နေပြီဖြစ်တာကြောင့် အခက်အခဲတွေတိုးလာကြောင်း ကုန်သွယ်မှုအသိုင်းအဝိုင်းက ပြောပါတယ်။ လွန်ခဲ့တဲ့နှစ်ကတည်းက တစ်ကမ္ဘာ လုံးကုန်သွယ်ရေးကာကွယ်မှုစနစ်ကို စတင်သုံးလာကြောင်း ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေး အေဂျင်စီက ဆိုပါတယ်။ ဒီဖြစ်စဉ်က တင်သွင်းတဲ့နိုင်ငံတွေမှာ ပြည်တွင်းစီးပွားရေးပြဿနာတွေရင်ဆိုင်နေရသရွေ့ ၂၀၁၃ အထိ ဆက်လက်ဖြစ်ပေါ်နေနိုင်တယ်လို့ အစီရင်ခံစာများမှာ ဖော်ပြထားပါတယ်။ ဒီလိုကာကွယ်မှုက ဗီယက်နမ်ပို့ကုန်တွေ အထူးသဖြင့် စတီး၊ ပလပ်စတစ်နဲ့ ပရိဘောဂပစ္စည်းတွေအတွက် အနှုတ်လက္ခဏာ ဆောင်စေတယ်လို့ စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။
ကုန်သွယ်ရေးအဟန့်အတားတွေက ကင်းလွတ်မယ်ဆိုရင်တောင် ဗီယက်နမ်အနေနဲ့ အလုပ်သမား စရိတ်သက်သာပြီး ထုတ်လုပ်မှုမြင့်မားတဲ့အခြားနိုင်ငံမှ ပို့ကုန်သမားတွေနဲ့ ယှဉ်ပြိုင်မှုတွေတိုးလာ ဖွယ်ရှိတယ်လို့ သူကဆိုပါတယ်။ ဗီယက်နမ်ရဲ့ ပို့ကုန်တင်ပို့မှုက ဧပြီလမှာ ဒေါ်လာ ၈ ဒသမ ၉၆ ဘီလီယံ ရှိရာကနေ မေလမှာ ဒေါ်လာ ၉ ဒသမ ၁ ဘီလီယံကို တိုးတက်လာကြောင်း ဗဟိုစာရင်းဌာနမှ သိရပါတယ်။ ယခုနှစ်ပထမ ၅ လအတွင်း သင်္ဘောတင်မှု ၂၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ပြီး ဒေါ်လာ ၄၂ ဒသမ ၈၆ ဘီလီယံကို ရောက်ရှိလာကြောင်း သိရပါတယ်။ ဗီယက်နမ်က ၂၀၁၀ မှာ ပို့ကုန်ဝင်ငွေကောင်းတာကြောင့် လွန်ခဲ့တဲ့နှစ်က GDP ၀ ဒသမ ၅ ရာခိုင်နှုန်းလိုငွေပြခဲ့တာကို လျော့ချဖို့ကြိုးစားနေကြောင်း ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ထုတ်လုပ်မှုကဏ္ဍများဖြစ်တဲ့ အထည်အလိပ်၊ ဖိနပ်နဲ့ ပရိဘောဂတို့မှာ အလုပ်သမားလိုအပ်ချက် ယခုနှစ်မှာ ဆက်လက်မြင့်တက်နေမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ ဗီယက်နမ်ရဲ့ ပို့ကုန်တင်ပို့မှုက ၃၄ ဒသမ ၂ ရာခိုင်နှုန်း ယခင်နှစ်ထက်တိုးတက်ပြီး ဒေါ်လာ ၁၁၀ ဒသမ ၅ ဘီလီယံကို ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
Suorce:Thanh Nien
K.Z.W