ရောင်းလိုအားနည်းတာကြောင့် ကုလားပဲဈေးဆက်လက်ခိုင်မာနိုင်

Fri, 06/29/2012 - 06:59 -- Anonymous (not verified)

ကနဦးအစီရင်ခံစာများအရ အိန္ဒိယနိုင်ငံ လက်ရှိစိုက်ပျိုးရာသီမှာ စိုက်ပျိုးဖို့ဟက်တာ ၁၇ ဒသမ ၄၉ သိန်းလျာထား ပေမဲ့လည်း ယခုအချိန်ထိ ဟက်တာ ၁၅ ဒသမ ၁၁ သိန်းသာစိုက်ပျိုးထားပြီးကြောင်းသိရပါတယ်။ ပြည်တွင်း ဈေးကွက် အတွင်း ရောင်းချမှု နည်းတဲ့အပြင် ရူပီးတန်ဖိုးကျဆင်းခြင်းတွေကြောင့် တင်သွင်းပဲဈေးကို ကြီးမြင့်စေတဲ့ အတွက် ကုလားပဲဈေး ဆက်လက် ခိုင်မာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ရောင်းချမှုနည်းတဲ့အပြင် မုတ်သုံမိုးနှေးကွေးတဲ့အတွက် မိုးပဲစိုက်ပျိုးမှုက ကျဆင်းနေပါတယ်။ အိန္ဒိယ မိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ ၂၀၁၂ မုတ်သုံမိုးရွာသွန်းမှုက ကာလရှည်ပျမ်းမျှမိုးရေချိန်ရဲ့ ၉၆ ရာခိုင်နှုန်းသာရှိမှာဖြစ်လို့ ဧပြီလမှာခန့်မှန်းတဲ့ ၉၉ ရာခိုင်နှုန်းထက် ကျဆင်းတယ်လို့ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ စုစုပေါင်း ပဲစိုက်ပျိုးမှုရဲ့ ၃၆ ရာခိုင်နှုန်းခန့်ကို မိုးရာသီမှာစိုက်ပျိုးပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ မိုးပဲစိုက်ဧရိယာဟာ ယခင်နှစ်ကာလတူ စိုက်ပျိုးမှုဟက်တာ ၀ ဒသမ ၉၂ သိန်းနဲ့ယှဉ်ရင် ၉၂ ရာခိုင်နှုန်းကျဆင်းပြီး ဟက်တာ ၀ ဒသမ ၀၇ သိန်းသာရှိတယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာမှာ မိုးပဲစိုက်ပျိုးမှုကလည်း ယခင်နှစ်ကာလတူစိုက်ပျိုးမှု    ဟက်တာ ၁၀၀၄၃၁ ထက် ၆ ရာခိုင်နှုန်း ကျဆင်းပြီး ဟက်တာ ၉၄၈၇၅ ရှိတယ်လို့ဆိုပါတယ်။ အစိုးရရဲ့ တတိယအကြိမ် ခန့်မှန်းချက်အရ ၂၀၁၁-၂၀၁၂ မှာ ပဲစုစုပေါင်းထုတ်လုပ်မှုက တန်ချိန် ၁၇ ဒသမ ၀၂ သန်းရှိလို့ ယခင်နှစ်ကာလတူ ထုတ်လုပ်မှုတန်ချိန် ၁၈ ဒသမ ၂၄ သန်းထက် ကျဆင်းခဲ့ပါတယ်။ ကုလားပဲထုတ်လုပ်မှုက ဒုတိယအကြိမ် ခန့်မှန်းတန်ချိန် ၇ ဒသမ ၆၆ သန်းထက် ၇ ဒသမ ၄ သန်းကို ကျဆင်းမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ကုန်သွယ်ရေးနဲ့ စက်မှုလက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ၂၀၁၁ ဧပြီလမှ ၂၀၁၂ မတ်လအတွင်း ပဲလုံးတန်ချိန် ၂၀ ဒသမ ၂၃ သိန်း၊ ကုလားပဲတန်ချိန် ၂ ဒသမ ၀၃ သိန်း၊ မတ်ပဲနဲ့ ပဲတီစိမ်းတန်ချိန် ၄ ဒသမ ၃၂ သိန်း၊ ပဲနီလေးတန်ချိန် ၁ ဒသမ ၁၂ သိန်းနဲ့ ပဲစင်းငုံတန်ချိန် ၄ ဒသမ ၂၆ သိန်းစီ တင်သွင်းခဲ့ကြောင်းသိရပါတယ်။  ၂၀၁၂-၂၀၁၃အတွက် မတ်ပဲအနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းကို ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းတိုးမြှင့်ပြီး၊ တစ်တန်ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၇၅၄ ) သတ်မှတ်ခဲ့ပါတယ်။ ပဲစင်းငုံနဲ့ ပဲတီစိမ်းအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းကို အစိုးရက ကြေငြာခြင်း မရှိသေးဘူးလို့သိရပါတယ်။                                                   
Source: businessline
ယမင်းခင်