နောက်ဆုံးရ သတင်း
ပီလောပီနံက ကမ္ဘာ့ဒေသကြီးအချို့မှာ အရေးပါတဲ့ အစားအစာတစ်မျိုးဖြစ်ပြီး၊ ၎င်းင်းကို စားသောက်ကုန် လုပ်ငန်းတွေမှာ တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါတယ်။ ပီလောပီနံအမှုန့်ကို အစားအစာတွေပြုလုပ်ရာမှာ စေးကပ်ပျစ်နှစ်စေတဲ့ အကူပစ္စည်း အဖြစ်လည်းကောင်း၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကစ်၊ ကွတ်ကီးများပြုလုပ်ရာမှာ နူးညံ့စေဖို့အတွက်လည်းကောင်း၊ ပီလောပီနံ ခရက်ကာ (ဃမခေုနမ) တွေပြုလုပ်ရာမှာ လည်းကောင်း၊ ပီလောပီနံဥကို ပြုတ်ပြီးလည်းကောင်း၊ ပေါင်းပြီး လည်းကောင်း စားသုံးလျက် ရှိကြပါတယ်။ ဒါ့အပြင် ပီလောပီနံမှုန့်ကို ဆေးပြားတွေပြုလုပ်ရာမှာလည်း စေးကပ်ပေါင်းစပ်မှု ရှိစေဖို့နဲ့ သဘာဝဆိုးဆေးတွေ ခဲပျစ်စေဖို့အတွက်လည်း ထည့်သွင်းအသုံးပြုလျက်ရှိပါတယ်။ မြန်မာ့ထုတ်ကုန်တစ်မျိုးဖြစ်တဲ့ ပီလောပီနံအမှုန့်ကို ပင်လယ်ရေကြောင်းမှတစ်ဆင့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်၊ ဂျပန်နဲ့ အိန္ဒိယနိုင်ငံတွေကို တင်ပို့လျက်ရှိရာ ၂၀၁၀-၂၀၁၁ဘဏ္ဍာနှစ်မှာ တန်ချိန် ၂၃၀၀ကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁၇၀၀၀ ကျော်နဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (ဇွန်လအထိ) တန်ချိန် ၃၀၀၀ကျော် တင်ပို့ပြီးဖြစ်ရာ ယခုဘဏ္ဍာနှစ် (ဇွန်လအထိ)အတွင်း ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်ထက် ပိုမိုတင်ပို့ထားနိုင်ပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ဒါကြောင့် နိုင်ငံခြားဝင်ငွေရှာဖွေပေးလျက်ရှိတဲ့ စိုက်ပျိုးရလွယ်ကူတဲ့ ပီလောပီနံတွေကို တိုးချဲ့စိုက်ပျိုးနိုင်ကြဖို့နဲ့ ဈေးကွက်သေချာတဲ့ မြန်မာ့ပီလောပီနံမှုန့်အကြောင်း သိရှိနိုင်ပါရန် သတင်းကောင်းပါးလိုက်ရပါတယ်။
စန္ဒာထွန်း
ကမ္ဘာ့ဒုတိယမြောက် ဆန်တင်ပို့မှုအများဆုံးဗီယက်နမ်က ဇွန်လအတွင်း ဆန်တန်ချိန် ၇၅၀၀၀၀ သင်္ဘော တင်ပို့ နိုင်ဖွယ်ရှိတယ်လိ့ု ဗီယက်နမ်ဗဟိုစာရင်းအင်းရုံး (GSO)က ဇွန်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့တယ်။ ယခုနှစ် ပထမ (၆) လအတွင်း ဆန်တန်ချိန် ၃ ဒသမ ၆၈ သန်းသာ တင်ပို့နိုင်ဖွယ်ရှိရာ ယခင်နှစ်ကထက် ၉ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းမယ်လို့ GSO က အစီရင်ခံထားတယ်။
တတိယသုံးလပတ်ကာလအတွင်း ဆန်တင်ပို့မှုကိုလည်း တန်ချိန် ၂ ဒသမ ၁ သန်း ဝန်းကျင်သာ ရှိနိုင်မယ် ရည်မှန်းထားရာ တစ်လကို ခန့်မှန်းတန်ချိန် ၇ သိန်းဝန်းကျင်သာ တင်ပို့နိုင်မှာဖြစ်တယ်။ ဒါကြောင့် လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ စီမံကိန်းဖြစ်တဲ့ တစ်လကို ဆန်တန်ချိန် (၁) သန်း သိုလှောင်မယ့် အစီအစဉ်ကို ဇူလိုင် ၁၀ ရက်မှစပြီး တစ်လကို ဆန် တန်ချိန် ၅ သိန်းသာ သိုလှောင်သွားသင့်ကြောင်း ဗီယက်နမ်စားနပ်ရိက္ခာ အသင်းက အကြံပြုတင်ပြထားတယ်။
Source:reuters.com
ပပ
ထိုင်းနိုင်ငံက ယခုနှစ်ဆန်တန်ချိန် ၉ ဒသမ ၅ သန်း တင်ပို့နိုင်မယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ယုံကြည် နေပေမဲ့ ပုဂ္ဂလိက ကဏ္ဍကတော့ ထိုင်းနိုင်ငံကအများဆုံး တင်ပို့နိုင်မှု တန်ချိန် ၆ ဒသမ ၅ သန်းမှ ၇ သန်းအထိသာ ရှိနိုင်ပြီး၊ ယခင် နှစ်ထက်တန်ဖိုးအားဖြင့် ၃၅ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ မျှော်လင့်ထားကြောင်းသိရပါတယ်။ ယခုနှစ် ပထမနှစ်ဝက်အတွင်း ဆန်တင်ပို့မှုက တန်ချိန် ၃ ဒသမ ၅ သန်းထိရှိနိုင်တယ်လို့ ထိုင်းဆန်တင်ပို့သူများ အသင်း ဥက္ကဌဟောင်း Chookiat Ophaswongse မှပြောကြားပါတယ်။ အဲဒါကြောင့် ရည်မှန်းချက်ပြည့်မီဖို့ဆိုရင် ယခုနှစ်ကျန်တဲ့လတွေမှာတစ်လတန်ချိန် ၁ သန်းစီတင်ပို့ ရတော့မှာဖြစ်ပါတယ်။ ဇူလိုင်လ ၂ ရက်တိုင်အောင် ထိုင်းနိုင်ငံက ဆန်တန်ချိန် ၃ ဒသမ ၃၅ သန်းတင်ပို့ပြီးလို့ ယခင်နှစ်တင်ပို့မှုထက် ၄၅ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ဆိုပါတယ်။ ထိုင်းဆန်ဈေးက တစ်တန်ကန်ဒေါ်လာ ၆၀၀၊ ဗီယက်နမ်က ကန်ဒေါ်လာ ၄၀၅ နဲ့ အိန္ဒိယက ကန်ဒေါ်လာ ၄၁၀ အသီးသီးရှိလို့ ထိုင်းဆန်နဲ့ အခြားနိုင်ငံ ဆန်ဈေးတွေအကြား ကွာဟမှုကြီးမားနေတာကြောင့် ထိုင်းဆန်တင်ပို့မှုက အခက်အခဲများနဲ့ ဆက်လက်ရင်ဆိုင်ရလိမ့်မယ်လို့ Mr Chookiat မှ ကြိုတင်ခန့်မှန်းထားပါတယ်။ ၂၀၀၈ နှောင်းပိုင်းနဲ့ ၂၀၀၉ ခုနှစ်အစပိုင်းအတွင်း ထိုင်းနိုင်ငံက တစ်လဆန်တန်ချိန် ၁ သန်းစီ တင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က အိန္ဒိယရဲ့ ယှဉ်ပြိုင်မှုမရှိခဲ့တဲ့အပြင် ထိုင်းနဲ့ဗီယက်နမ်ဆန်ဈေးကွာဟမှုကလည်း တစ်တန် ကန်ဒေါ်လာ ၁၀ ခန့်သာရှိခဲ့ပါတယ်လို့ဆိုပါတယ်။ ၎င်းမှ ခန့်မှန်းထားရာမှာ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း လစဉ်တင်ပို့နိုင်မှုဟာ အစိုးရရည်မှန်း ချက် ပြည့်မီအောင် လိုအပ်တဲ့ပမာဏရဲ့ ထက်ဝက်ဖြစ်တဲ့ ပျမ်းမျှတန်ချိန် ၅ သိန်းခန့်သာ တင်ပို့နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီလိုပမာဏလျော့ကျတင်ပို့နိုင်ခြင်းမှာ နိုက်ဂျီးရီးယားနိုင်ငံက မကြာမီမှာ စတင်တော့မယ့် တင်သွင်းခွန် နှုန်းထားအသစ် ကြောင့် နိုက်ဂျီးရီးယားနိုင်ငံကို တင်ပို့ရမယ့်ပမာဏ လျော့ကျနိုင်တဲ့အတွက်ဖြစ်ပါတယ်။ ဒုတိယ နှစ်ဝက်တင်ပို့မှုက အစိုးရ အချင်းချင်းကုန်သွယ်မှုစာချုပ်အရ အီရတ်နဲ့ ဂျပန်မှချုပ်ဆိုထားတဲ့ အမှာအော်ဒါများကို ဖြည့်ဆည်းရမှာဖြစ်ပြီး အိုင်ဗရီကို့စ် အတွက် ဆန်တန်ချိန် ၂၅၀၀၀၀ တင်ပို့ရဖွယ်ရှိပါတယ်။ ပြည်ပကုန်သွယ်ရေးဌာနမှပြောကြားရာမှာ ၎င်းင်းတို့ဌာနမှ ဆန်တန်ချိန် ၅ သိန်းနဲ့ပတ်သက်တဲ့ လေလံအသစ်များ ခေါ်ယူသွားမယ်လို့ သိရပါတယ်။ အစိုးရအနေနဲ့ ၎င်းင်းတို့သိုလှောင်ဆန်များ ထုတ်ရောင်းရာမှာ ထင်သာ မြင်သာစွာပြုလုပ်ဖို့ Mr. Chookiat မှ တိုက်တွန်းထားကြောင်း သိရပါတယ်။ အစိုးရရဲ့လေလံကြော်ငြာချက်က ပုန်းလျှိုးကွယ်လျှိုးရှိတယ်ဆိုတဲ့ ကောလာဟလသတင်းများဖြန့်နေကြောင်း၊ အစိုးရအနေနဲ့ ပြည်တွင်းပုဂ္ဂလိက ကဏ္ဍကို ဆန်ရောင်းချမယ့်နည်းလမ်းသုံးဖို့ ရည်ရွယ်ထားခြင်းမရှိကြောင်းလည်း၎င်းမှထောက်ပြပါတယ်။ အချို့ပွဲစားများက အစိုးရသိုလှောင်ဆန် များကို လျှော့ဈေးနဲ့ အချို့ပြည်ပတင်ပို့သူများကို ရောင်းချနေတယ်လို့ဆိုပါတယ်။ လေလံခေါ်ယူခြင်းအစား လျှို့ဝှက်ရောင်းချခြင်းဟာ မရိုးသား ခြင်းပဲဖြစ်ကြောင်း ထပ်လောင်း ပြောကြားပါတယ်။
လမင်း
Source: riceonline
၂၀၀၃ခုနှစ်က ရပ်ဆိုင်းခဲ့သည့် နော်ဝေနိုင်ငံ၏ တဖက်သတ် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ အစီအစဉ် General System of Preferences (GSP) ကို မြန်မာနိုင်ငံသို့ ပြန်လည်ခွင့်ပြုလာကြောင်း သိရှိရသည်။ အဆိုပါအစီအစဉ်သည် ဖွံဖြိုးပြီးနိုင်ငံများမှ ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများနှင့် ဖွဲ့ဖြိုးဆဲ နိုင်ငံများ၏ ပို့ကုန်ပစ္စည်းများကို အကောက်ခွန် သက်သာခွင့်ပေးသည့် အစီအစဉ်ဖြစ်သည်။ ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ မြန်မာနိုင်ငံ၏ ပို့ကုန်များကို GSP အခွင့်အရေးပြန်လည်ပေးအပ်ကြောင်း၊ မြန်မာ ထုတ်ကုန်များ အနေဖြင့်အကောက်ခွန် ကင်းလွတ်/သက်သာခွင့်များ ရရှိခံစားနိုင်ကြောင်း သိရှိရသည်။ အဆိုပါအစီအစဉ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းရှင်များ အကောက်ခွန်သက်သာခွင့်ရရှိခံစားနိုင်ရေးကို အသိပညာပေးနိုင်ရေးအတွက် နော်ေ၀ အကောက်ခွန် ဦးစီးဌာနနှင့် ထိုင်းနိုင်ငံရှိ နော်ဝေသံရုံးမှ တာဝန်ရှိသူများမှ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ ဆွေးနွေးပွဲတစ်ရပ်ကျင်းပနိုင်ရေးကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတဝှမ်းရှိ ကျေးရွာတိုင်းတွင် အုန်းပင်များ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်ကို တွေ့ရပါသည်။ အုန်းပင်သည်မြေ အငံဓါတ်ကြွယ်ဝသော မြေမျိုးတွင် ပေါက်ရောက်ဖြစ်ထွန်းလေ့ရှိပြီး ပူအိုက်စွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက် သည်။ မြန်မာနိုင်ငံ နစ်မြစ်ဝမှ ရခိုင်ပြည်နယ် ၊ တနင်္သသာရီတိုင်း ကော့သောင်းအငူအထိ မိုင်ပေါင်း (၁၃၀၀) ကျော် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းတလျှောက်တွင် အများဆုံးပေါက်ရောက်သည်။ မြန်မာ့ပင်လယ်ပြင်ရှိ ကျွန်းများတွင်လည်း အုန်းပင်များစိမ်းစိမ်းစိုစိုပေါက်ရောက်နေသည့်မြင်ကွင်းကို တွေ့ရှိရပါသည်။ အုန်းသီးကို မြန်မာနိုင်ငံတွင် ရိုးရာနတ် ပူဇော်ခြင်း၊ မြန်မာ့ရိုးရာစားစရာအမျိုးမျိုးတွင် ထည့်သွင်းအသုံးပြုခြင်း၊ အုန်းဆီ ကို ခေါင်းလိမ်းဆီအဖြစ် အသုံးပြုခြင်းနှင့် အုန်းလက်ကို တံမြက်စည်းကြမ်း အုန်းဆံကို ကြိုးကျစ်ခြင်း ခြေသုတ်ခုံကြမ်းနှင့် အလှအရုပ်ကလေးများ အဖြစ်ပြုလုပ်ကြပါသည်။ အုန်းခွံကို အလှရုပ်လေးများ ပြုလုပ်၍ အသုံးပြုနေကြ သည်။ ယခုအခါ အုန်းသီးနှင့် အုန်းသီးထွက်ပစ္စည်းများကို ပြည်ပ ပို့ကုန်အဖြစ် တင်ပို့နေပြီမို့ ယခင်အမှိုက်များ အဖြစ်သာ စွန့်ပစ်ခဲ့ကြသော အုန်းဆံခွံသည်လည်း အမှိုက်မှရွှေဖြစ်နေပြီဖြစ်သည်။ သို့ဖြစ်ရာ စွန့်ပစ်ခဲ့သော အမှိုက်များသည် ယခုအခါ ကျေးလက်နေ ပြည်သူများအဖို့ဝင်ငွေရရှိလာနိုင်သော အကျိုးပြု ပစ္စည်းဖြစ်လာကြောင်း တွေးမိပါသည်။ သို့ဖြစ်ရာ မြန်မာပြည်တစ်ဝှမ်း၌ ဘေးထွက်ပစ္စည်းများဖြစ်သော အုန်းဆံဖတ်၊ အုန်းဆံကြိုး အုန်းခွံဖြင့် ပြုလုပ်သော လူ့အသုံးအဆောင်ပစ္စည်းများကို တန်ဖိုးမြှင့်ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်ဆောင်ရွက်နိုင် ပါက ကျေးလက် လူထုလည်း ဝင်ငွေတိုး၊ နိုင်ငံအတွက်လည်း ပို့ကုန်ဝင်ငွေတိုးတက်ဖြစ်ထွန်းလာပေမည်။ အုန်းထွက် ပစ္စည်းများ ပြည်ပတင်ပို့မှု အခြေအနေအား လေ့လာကြည့်ရာ ၂၀၁၀ - ၂၀၁၁ ဘဏ္ဍာနှစ်အတွင်း အုန်းဆံကြိုး တန် ၃၀ ကျော် တန်ဖိုးကန်ဒေါ်လာ ၄၈၀၀ ကျော်ဘိုးကို တရုတ်နိုင်ငံကိုတင်ပို့ခဲ့တာတွေ့ရပါသည်။ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာ နှစ်အတွင်းမှာလည်း အုန်းဆံဖတ်တန် ၆၀ ခန့်ကို တရုတ် ၊ ကိုရီးယားနှင့် မလေးရှားနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ အမှိုက်ထဲက ရွှေဖြစ်သော တန်ဖိုးမြှင့်ပို့ကုန်ပစ္စည်းအမယ်သစ်များကို ထုတ်လုပ်တင်ပို့ခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်ပြီး နိုင်ငံအတွက်လည်း ပို့ကုန်ဝင်ငွေတိုးတက်လာမည်ဖြစ်ပါကြောင်း အသိပေးရေးသားလိုက်ရပါသည်။
ထွန်းမြင့်ထွန်း(ပို့ကုန်)