မြန်မာနိုင်ငံတဝှမ်းရှိ ကျေးရွာတိုင်းတွင် အုန်းပင်များ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်ကို တွေ့ရပါသည်။ အုန်းပင်သည်မြေ အငံဓါတ်ကြွယ်ဝသော မြေမျိုးတွင် ပေါက်ရောက်ဖြစ်ထွန်းလေ့ရှိပြီး ပူအိုက်စွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက် သည်။ မြန်မာနိုင်ငံ နစ်မြစ်ဝမှ ရခိုင်ပြည်နယ် ၊ တနင်္သသာရီတိုင်း ကော့သောင်းအငူအထိ မိုင်ပေါင်း (၁၃၀၀) ကျော် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းတလျှောက်တွင် အများဆုံးပေါက်ရောက်သည်။ မြန်မာ့ပင်လယ်ပြင်ရှိ ကျွန်းများတွင်လည်း အုန်းပင်များစိမ်းစိမ်းစိုစိုပေါက်ရောက်နေသည့်မြင်ကွင်းကို တွေ့ရှိရပါသည်။ အုန်းသီးကို မြန်မာနိုင်ငံတွင် ရိုးရာနတ် ပူဇော်ခြင်း၊ မြန်မာ့ရိုးရာစားစရာအမျိုးမျိုးတွင် ထည့်သွင်းအသုံးပြုခြင်း၊ အုန်းဆီ ကို ခေါင်းလိမ်းဆီအဖြစ် အသုံးပြုခြင်းနှင့် အုန်းလက်ကို တံမြက်စည်းကြမ်း အုန်းဆံကို ကြိုးကျစ်ခြင်း ခြေသုတ်ခုံကြမ်းနှင့် အလှအရုပ်ကလေးများ အဖြစ်ပြုလုပ်ကြပါသည်။ အုန်းခွံကို အလှရုပ်လေးများ ပြုလုပ်၍ အသုံးပြုနေကြ သည်။ ယခုအခါ အုန်းသီးနှင့် အုန်းသီးထွက်ပစ္စည်းများကို ပြည်ပ ပို့ကုန်အဖြစ် တင်ပို့နေပြီမို့ ယခင်အမှိုက်များ အဖြစ်သာ စွန့်ပစ်ခဲ့ကြသော အုန်းဆံခွံသည်လည်း အမှိုက်မှရွှေဖြစ်နေပြီဖြစ်သည်။ သို့ဖြစ်ရာ စွန့်ပစ်ခဲ့သော အမှိုက်များသည် ယခုအခါ ကျေးလက်နေ ပြည်သူများအဖို့ဝင်ငွေရရှိလာနိုင်သော အကျိုးပြု ပစ္စည်းဖြစ်လာကြောင်း တွေးမိပါသည်။ သို့ဖြစ်ရာ မြန်မာပြည်တစ်ဝှမ်း၌ ဘေးထွက်ပစ္စည်းများဖြစ်သော အုန်းဆံဖတ်၊ အုန်းဆံကြိုး အုန်းခွံဖြင့် ပြုလုပ်သော လူ့အသုံးအဆောင်ပစ္စည်းများကို တန်ဖိုးမြှင့်ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်ဆောင်ရွက်နိုင် ပါက ကျေးလက် လူထုလည်း ဝင်ငွေတိုး၊ နိုင်ငံအတွက်လည်း ပို့ကုန်ဝင်ငွေတိုးတက်ဖြစ်ထွန်းလာပေမည်။ အုန်းထွက် ပစ္စည်းများ ပြည်ပတင်ပို့မှု အခြေအနေအား လေ့လာကြည့်ရာ ၂၀၁၀ - ၂၀၁၁ ဘဏ္ဍာနှစ်အတွင်း အုန်းဆံကြိုး တန် ၃၀ ကျော် တန်ဖိုးကန်ဒေါ်လာ ၄၈၀၀ ကျော်ဘိုးကို တရုတ်နိုင်ငံကိုတင်ပို့ခဲ့တာတွေ့ရပါသည်။ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာ နှစ်အတွင်းမှာလည်း အုန်းဆံဖတ်တန် ၆၀ ခန့်ကို တရုတ် ၊ ကိုရီးယားနှင့် မလေးရှားနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ အမှိုက်ထဲက ရွှေဖြစ်သော တန်ဖိုးမြှင့်ပို့ကုန်ပစ္စည်းအမယ်သစ်များကို ထုတ်လုပ်တင်ပို့ခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်ပြီး နိုင်ငံအတွက်လည်း ပို့ကုန်ဝင်ငွေတိုးတက်လာမည်ဖြစ်ပါကြောင်း အသိပေးရေးသားလိုက်ရပါသည်။
ထွန်းမြင့်ထွန်း(ပို့ကုန်)