နောက်ဆုံးရ သတင်း

မုံရွာကုန်စည်ဒိုင် ဇွန်လတတိယပတ် ကုလားပဲဈေးကွက်အနေနဲ့ မန္တလေး၊ ရန်ကုန်နဲ့ ဒေသတွင်းလုပ်ငန်းသုံး သမားတွေ အဝယ်ဆုံလို့ ကုလားပဲမျိုးစုံတက်ဈေးနဲ့ အရောင်းအဝယ်သွက်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ကုလားပဲရိုးရိုးကတော့ ပစ္စည်းလက်ကျန်နည်းလို့ ဈေးမတက်နိုင်တဲ့ရက်တွေရှိခဲ့ပေမဲ့ တစ်တင်း ၁၇၉၀၀ ကျပ် အမြင့်ဆုံးပေါက်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ တစ်တင်းပေါက်ဈေး အနိမ့်အမြင့်အားဖြင့် ထိုင်ဝမ် ၁၉၁၀၀ ကျပ် မှ ၁၉၈၀၀ ကျပ်၊ V2 ၁၉၂၀၀ ကျပ်မှ ၂၀၂၀၀ ကျပ်၊ 929  က ၁၉၄၀၀ ကျပ်မှ ၂၀၁၀၀ ကျပ် အသီးသီးဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် ယခုတစ်ပတ်အတွင်း ထိုင်ဝမ်နဲ့ 929 အိတ် ၇၀၀၀ မှ ၁၀၀၀၀ ကြားနဲ့ V2 အိတ် ၇၀၀၀ မှ ၈၀၀၀ ကြားဖြစ်ခဲ့တယ်လို့သိရပါတယ်။ စီးဆင်းမှုအနေနဲ့ ရန်ကုန်ကို အိတ် ၅၀၀၀ ရေကြောင်း ခရီးဖြင့် တင်ပို့ခဲ့ကြပြီး၊ မုံရွာဆိပ်ကမ်းမှာ ဆိုက်ကပ်လာတဲ့ ကုန်တင်ရေယာဉ်တွေနဲ့ ဆက်လက်တင်ပို့နိုင်ဖွယ်ရှိတယ်လို့ သိရှိရပါတယ်။
ထွန်းလှိုင်-မုံရွာ

ကမ္ဘာ့ငရုတ်ကောင်း ပမာဏရဲ့ ၄၀-၅၀ ရာခိုင်နှုန်း နေရာယူထားတဲ့ ဗီယက်နမ်ဟာ ကမ္ဘာ့အခြား ငရုတ်ကောင်း တင်ပို့သူများကို ဦးဆောင်နေဆဲဖြစ် ပါတယ်။ မေလအတွင်းမှာ ဗီယက်နမ်နိုင်ငံက ငရုတ်ကောင်း တန်ချိန် ၁၅၀၀၀ တင်ပို့ခဲ့ပြီး၊ ကန်ဒေါ်လာ ၁၀၂ သန်း ရရှိခဲ့တယ်လို့ စက်မှုလက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန၊ သွင်းကုန်ပို့ကုန်ဌာနမှ ပြောကြားပါတယ်။ ပထမ ၅ လအတွင်း စုစုပေါင်းတင်ပို့မှုဟာ တန်ချိန် ၆၂၀၀၀ ရှိလို့ ယခင်နှစ်ကာလတူနဲ့ ယှဉ်ရင် ပမာဏအားဖြင့် ၁၄ ဒသမ ၅ ရာခိုင်နှုန်းပိုမိုပြီး၊ တန်ဖိုးအားဖြင့် ၄၂ ဒသမ ၇ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါတယ်။
အမေရိကန်၊ ဂျာမဏီနဲ့ ယူအေအီးတို့ဟာ ဗီယက်နမ်ရဲ့ အကြီးဆုံးဈေးကွက် ၃ ခုဖြစ်ပြီး၊ ယင်းနိုင်ငံများမှ ငရုတ်ကောင်းအတွက် ကန်ဒေါ်လာ ၃၀ သန်းဖိုး ဝယ်ယူတယ်လို့ သိရပါတယ်။ ယူအေအီးဟာ အခြားနိုင်ငံတွေထက် ၎င်းင်းတို့ရဲ့ စားသောက်ကုန်တွေမှာ ငရုတ်ကောင်းကို ပိုမိုအသုံးပြုတဲ့ ကြီးမားတဲ့ ဈေးကွက်ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းင်းရဲ့ ပြည်ပကုန်သွယ်ရေးမူဝါဒက အလွန်ကို ရိုးရှင်းပြီး၊ အခွန်လွတ်လပ်တယ်လို့ သိရပါတယ်။
အဲဒီအကျိုးကျေးဇူးတွေရှိတဲ့တိုင် ယူအေအီးနိုင်ငံမှာ အေးဂျင့်နဲ့ ဖြန့်ဖြူးသူများဟာ ၎င်းတို့ ထုတ်ကုန်များ စားသုံးသူတွေကို ရောက်ရှိမှု မြန်နိုင်သမျှမြန်အောင် ကာလရှည် ကော်ပိုရေးရှင်းတည်ထောင်ဖို့ သွင်းကုန်ပို့ကုန်ဌာန မှ အဆိုပြုထားကြောင်း သိရပါတယ်။
ယမင်းခင်
Source: VOU

တံတားဦးမြို့နယ်တစ်ဝိုက်မှ ယခုလဆန်းပိုင်းအတွင်း ရွှေဟင်္သာသရက် လှိုင်လှိုင်တင်ပို့နေပြီး၊ ရင်ကွဲသရက်များလည်း ဂျပ်ဖာအနည်းငယ်ညှပ်ကာ တင်ပို့နေကြောင်းသိရှိရပါတယ်။ ယခုနှစ်သရက်ရာသီမှာ အစပိုင်း အပွင့်ကောင်း၊ သီးအားပိုခဲ့ပြီး အသီးအညှာမခိုင်ချိန်နဲ့ အသီးရင့်မာချိန် တို့မှာ လေပြင်းတိုက်ခတ်ခြင်းများ ကြုံတွေ့ခဲ့ရခြင်းများကြောင့် သရက်သီး အသီးတင်မှုမှာ သုံးပုံတစ်ပုံသာ ကျန်ရှိခဲ့ပါတယ်။ စိန်တလုံးသရက်မှာလည်း အိတ်စွပ်တစ်ဖာ ၁၁၀  ယွမ် (၁၄၅၀၀ ကျပ်) ရရှိခဲ့လို့ စိန်တလုံးသရက်တင်ပို့ရောင်းချမှုအပေါ်မှာ ခြံပိုင်ရှင်များ တွက်ချေကိုက်ခဲ့ကြပါတယ်။ ယခုအပတ်မှာလည်း ခြံပိုင်ရှင်များဟာ မူဆယ်ကားခ ၆ ဘီးကား တစ်ဖာ ၁၂၀၀ ကျပ်၊ ဟိုင်းလတ်ကား တစ်ဖာ ၁၅၀၀ ကျပ်ရှိပြီး၊ ၆ ဘီးကားများနဲ့သာ အများဆုံးတင်ပို့လျက်ရှိပြီး၊ ရွှေဟင်္သာအိတ်စွပ် တစ်ဖာ ၁၀၀ မှ ၁၂၀ ယွမ် (၁၃၂၀၀ ကျပ်မှ ၁၅၈၀၀ ကျပ်)၊ အိတ်လွတ် ၅၀ ယွမ် (၆၆၀၀ ကျပ်)  အမြင့်ဆုံးရရှိကြောင်း၊ ရင်ကွဲသရက်မှာ အိတ်စွတ် ၄၅ မှ ၅၀ ယွမ် (၆၀၀၀ ကျပ်မှ ၆၆၀၀ ကျပ်) ၊ အိတ်လွတ်တစ်ဖာ ၂၀ ယွမ်မှ ၃၀ ယွမ် (၂၆၀၀ ကျပ်မှ ၄၀၀၀ ကျပ်) ရရှိကြောင်း၊ ဟင်္သာသရက်အနေနဲ့ တစ်ရက် ၅၅၀ ဖာတင်တဲ့ ၆ ဘီကားနဲ့ နေ့စဉ်ကား ၆ စီးခန့် တင်ပို့နေကြပြီး ရွှေဟင်္သာသရက်ရောင်းချမှုမှလည်း အကျိုးအမြတ်ရရှိမှု တွက်ချေကိုက်လျက်ရှိကြောင်း သရက်ခြံပိုင်ရှင်များနဲ့ သရက်ပွဲစားများထံမှသိရှိရပါတယ်။
သက်လွင်ထူး-မန္တလေး

အာဆီယံ-ဂျပန်စင်တာ (ASEAN-Japan Centre) မှကြီးမှူး၍  ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၄ ရက်ထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အာဆီယံ-ဂျပန်စင်တာခန်းမတွင် CLMV Trade Missions with Business Meetings ပြပွဲကို ကျင်းပပြုလုပ်မည်ဖြစ်သည်။ပြပွဲတွင် လူနေမှုဘ၀ (Lifestyle) ကိုပေါ်လွင်စေသည့် ပစ္စည်းများဖြစ်သည့် အသေးစားအိမ်သုံး ပရိဘောဂပစ္စည်း၊ ထိုင်ခုံစွပ်၊ ပန်းကန်ခွက်ယောက်များ၊ အိမ်တွင်းအလှဆင်ပစ္စည်းများစသည့် လုပ် ငန်းများ ပါဝင်ပြသမည်ဖြစ်သည်။ အဆိုပါပွဲအား CLMV နိုင်ငံများမှ အိမ်တွင်းအလှဆင်ပစ္စည်းများ ဂျပန်ဈေးကွက်သို့ ထိုးဖောက် ဝင်ရောက်နိုင်စေရန်နှင့် ကုန်သွယ်မှုပမာဏ တိုးမြှင့်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်သည်။
ပြပွဲတွင် Liftstyle ပစ္စည်းများကို CLMV နိုင်ငံများမှ တစ်နိုင်ငံလျှင် ကုမ္ပဏီ ငါးခုမှ ခြောက်ခု အထိ ပါဝင်ပြသမည်ဖြစ်ပြီး စုစုပေါင်းပြသသူ ၂၄ ဦးမှ ၂၈ ဦးအထိ ပါဝင်ပြသမည်ဖြစ်သည်။ အဆိုပါပြပွဲအတွက် အာဆီယံ-ဂျပန်စင်တာမှ တာဝန်ရှိသူတစ်ဦးနှင့် အိမ်တွင်းအလှဆင်ဒီဇိုင်း ကျွမ်းကျင်သူတစ်ဦးသည် ၂၀၁၂ ခုနှစ် သြဂုတ် ၈ ရက်မှ ၁၁ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ပြီး သြဂုတ် ၉ ရက်မှ ၁၀ ရက်များတွင် အဆိုပြုကုမ္ပဏီများသို့ လှည့်လည်ကြည့်ရှုစစ်ဆေး၍ သတ်မှတ်စည်းကမ်းချက်များဖြစ်သည့် ကုန်ပစ္စည်းအရည်အသွေးမီ ထုတ်လုပ်နိုင်မှု၊ ဂျပန်ဈေးကွက် အကြိုက် ထုတ်လုပ်နိုင်ခြင်း ရှိ၊ မရှိစသည်တို့ကိုစစ်ဆေး၍ ပါဝင်ပြသရန် ကုမ္ပဏီ ငါးခုမှ ခြောက်ခုအထိ ရွေးချယ်မည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ကုမ္ပဏီတစ်ခုစီမှ  တစ်ဦးစီအတွက် အသွားအပြန် လေယာဉ်စရိတ်၊ တည်းခို နေထိုင်စရိတ်နှင့် ဒေသတွင်းသွားလာစရိတ်များကို အာဆီယံ-ဂျပန်စင်တာမှ ကျခံပေးမည်ဖြစ်ပါသည်။ စိတ်ဝင်စားသည့် မြန်မာကုမ္ပဏီများအနေဖြင့် ဇွန် ၂၅ ရက်မတိုင်မီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊   အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ၊ ကုန်စည်ပြပွဲဌာနစိတ်ဖုန်း ၀၆၇-၄၀၈၄၁၁၊ ဖက်စ် ၀၆၇-၄၀၈၃၁၁ နှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ပြပွဲဌာနတို့သို့ဆက်သွယ်စာရင်း ပေးသွင်းနိုင်ပါသည်။                                                              
KKK

ပင်လယ်ရေကြောင်းမှ နိုင်ငံတကာသို့ မြန်မာ့နှမ်းတင်ပို့ရောင်းချမှုသည် နှစ်စဉ်မှန်မှန် တိုးတက် လျက်ရှိပါတယ်။ နှမ်းကို ကုန်ကြမ်းအဖြစ်ရောင်းချ၍ လည်းကောင်း၊ ကုန်ချောအဖြစ် အခွံချွတ်၍ လည်းကောင်း၊ နှမ်းလှော်မှုန့်ပြုလုပ်၍ လည်းကောင်း တင်ပို့ရောင်းချကြပါတယ်။နှမ်းကိုဆီကြိတ်၍ လည်းကောင်း၊ စားသုံးရန်မုန့်အမျိုးမျိုး ပြုလုပ်ရာတွင် အသုံးပြု၍ လည်းကောင်း စားသုံးကြပါတယ်။ နှမ်းဆီကို စားသုံးခြင်းဖြင့်နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ လေဖြတ်ခြင်း မှ ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကြောင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့် အတွက်လည်း လူအများ ယုံကြည်နှစ်သက်စွာ စားသုံးကြပါတယ်။ဈေးကွက်များတွင် အဓိကရောင်းချရတဲ့ နှမ်းတွေကတော့ သိပ္ပံနှမ်း၊ နှမ်းနက်၊ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနီနှင့် ပန်းနှမ်းစသည့် အမျိုးအစားများဖြစ်ပါတယ်။ တင်ပို့ရောင်းချတဲ့ ဈေးကွက်တွေကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ယူအေအီးနှင့် အိန္ဒိယ စသည့် အာရှနိုင်ငံများဖြစ်ပြီး အီးယူနိုင်ငံအချို့သို့လည်း အနည်းငယ်တင်ပို့ ရောင်းချခဲ့ပါတယ်။ ပင်လယ်ရေကြောင်းမှ နိုင်ငံတကာသို့ မြန်မာ့နှမ်းတင်ပို့ရောင်းချခဲ့မှုအနေဖြင့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာ နှစ်တွင် တန်ချိန် ၂၄၀၀၀ ကျော်၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၉၀၀၀ ကျော်နှင့် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် တန်ချိန် ၃၆၀၀၀ ကျော်ဖြစ်တဲ့အတွက် နှစ်စဉ်တိုးတက် တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။                                                                
သန်းအုန်း

Pages

Subscribe to နောက်ဆုံးရ သတင်း