ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့် CLMV Trade Missions with Business Meetings

Mon, 06/25/2012 - 09:22 -- Anonymous (not verified)

အာဆီယံ-ဂျပန်စင်တာ (ASEAN-Japan Centre) မှကြီးမှူး၍  ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၄ ရက်ထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အာဆီယံ-ဂျပန်စင်တာခန်းမတွင် CLMV Trade Missions with Business Meetings ပြပွဲကို ကျင်းပပြုလုပ်မည်ဖြစ်သည်။ပြပွဲတွင် လူနေမှုဘ၀ (Lifestyle) ကိုပေါ်လွင်စေသည့် ပစ္စည်းများဖြစ်သည့် အသေးစားအိမ်သုံး ပရိဘောဂပစ္စည်း၊ ထိုင်ခုံစွပ်၊ ပန်းကန်ခွက်ယောက်များ၊ အိမ်တွင်းအလှဆင်ပစ္စည်းများစသည့် လုပ် ငန်းများ ပါဝင်ပြသမည်ဖြစ်သည်။ အဆိုပါပွဲအား CLMV နိုင်ငံများမှ အိမ်တွင်းအလှဆင်ပစ္စည်းများ ဂျပန်ဈေးကွက်သို့ ထိုးဖောက် ဝင်ရောက်နိုင်စေရန်နှင့် ကုန်သွယ်မှုပမာဏ တိုးမြှင့်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်သည်။
ပြပွဲတွင် Liftstyle ပစ္စည်းများကို CLMV နိုင်ငံများမှ တစ်နိုင်ငံလျှင် ကုမ္ပဏီ ငါးခုမှ ခြောက်ခု အထိ ပါဝင်ပြသမည်ဖြစ်ပြီး စုစုပေါင်းပြသသူ ၂၄ ဦးမှ ၂၈ ဦးအထိ ပါဝင်ပြသမည်ဖြစ်သည်။ အဆိုပါပြပွဲအတွက် အာဆီယံ-ဂျပန်စင်တာမှ တာဝန်ရှိသူတစ်ဦးနှင့် အိမ်တွင်းအလှဆင်ဒီဇိုင်း ကျွမ်းကျင်သူတစ်ဦးသည် ၂၀၁၂ ခုနှစ် သြဂုတ် ၈ ရက်မှ ၁၁ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ပြီး သြဂုတ် ၉ ရက်မှ ၁၀ ရက်များတွင် အဆိုပြုကုမ္ပဏီများသို့ လှည့်လည်ကြည့်ရှုစစ်ဆေး၍ သတ်မှတ်စည်းကမ်းချက်များဖြစ်သည့် ကုန်ပစ္စည်းအရည်အသွေးမီ ထုတ်လုပ်နိုင်မှု၊ ဂျပန်ဈေးကွက် အကြိုက် ထုတ်လုပ်နိုင်ခြင်း ရှိ၊ မရှိစသည်တို့ကိုစစ်ဆေး၍ ပါဝင်ပြသရန် ကုမ္ပဏီ ငါးခုမှ ခြောက်ခုအထိ ရွေးချယ်မည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ကုမ္ပဏီတစ်ခုစီမှ  တစ်ဦးစီအတွက် အသွားအပြန် လေယာဉ်စရိတ်၊ တည်းခို နေထိုင်စရိတ်နှင့် ဒေသတွင်းသွားလာစရိတ်များကို အာဆီယံ-ဂျပန်စင်တာမှ ကျခံပေးမည်ဖြစ်ပါသည်။ စိတ်ဝင်စားသည့် မြန်မာကုမ္ပဏီများအနေဖြင့် ဇွန် ၂၅ ရက်မတိုင်မီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊   အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ၊ ကုန်စည်ပြပွဲဌာနစိတ်ဖုန်း ၀၆၇-၄၀၈၄၁၁၊ ဖက်စ် ၀၆၇-၄၀၈၃၁၁ နှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ပြပွဲဌာနတို့သို့ဆက်သွယ်စာရင်း ပေးသွင်းနိုင်ပါသည်။                                                              
KKK