Minister's Office

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ကြည့်ရှုစစ်ဆေး

Sun, 08/27/2023 - 12:57 -- mocadmin
Myanmar

နေပြည်တော်၊ ဩဂုတ် ၂၇             တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးညွန့်အောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၊  YACL အစည်းအဝေးခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(ခရီးသည်)၊ လေဆိပ်ပို့ကုန်(MCS)၊ လေဆိပ် သွင်းကုန် (YACL) တို့တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များနှင့်တွေ့ဆုံ၍ လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

 

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

Sun, 08/27/2023 - 08:48 -- mocadmin
Myanmar

နေပြည်တော်၊ ဩဂုတ် ၂၆    မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော်တည်ဆောက်ခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်ပွဲအခမ်းအနားအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

              ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြတ်သက်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံရုံးမှ ဒုတိယသံရုံးအကြီးအကဲ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးသံမှူး၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကုန်သည်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

              ဖွင့်ပွဲအခမ်းအနားမစတင်မီ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များက ရိုးရာအကများဖြင့် ကပြဖျော်ဖြေကြပါသည်။ ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် လာအိုပြည်သူ့ဒီမို ကရက်တစ်နိုင်ငံတို့သည် ရှေးရာစုနှစ်များစွာကပင် ချစ်ခင်ရင်းနှီးခဲ့ကြသော နိုင်ငံများဖြစ်ပါကြောင်း၊ နှစ်နိုင်ငံပြည်သူများအနေဖြင့် ရိုးရာဓလေ့၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်ရာဘာသာလည်း တူညီကြပါကြောင်း၊ နှစ်နိုင်ငံအကြား မဲခေါင်မြစ်က ပိုင်းခြားထားမှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှုဖွံ့ဖြိုးခဲ့ခြင်း မရှိသော်လည်း မြန်မာ-လာအို ချစ်ကြည်ရေးတံတား တည်ဆောက်နိုင်ခဲ့ပြီးဖြစ်၍ သဘာဝအတားအဆီးကို ကျော်လွန်နိုင်ခဲ့ပြီဖြစ်ပါသဖြင့် နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမှုအပေါ် အခြေပြုကာ ကုန်သွယ်မှုမြှင့်တင်ဆောင်ရွက်နိုင်ရန် ယခင်က ယာယီဖွင့်လှစ်ခဲ့သည့် ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေးစခန်းကို ကုန်သွယ်ရေးစခန်း အင်္ဂါရပ်များနှင့် ညီညွတ်သော စခန်းတစ်ခုဖြစ်လာစေရန် အဆင်မြှင့်တင်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ စခန်းရုံးအဆောက်အအုံများ တည်ဆောက်ရေးအတွက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေမှ ထောက်ပံ့ကူညီပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုလည်းကျေးဇူးတင်ရှိပါကြောင်း၊ ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးမြင့်လာမည့်အပြင် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုလည်း ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍    ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးသံမှူး Mr.Ouyang Daobing က လည်း ဝမ်းမြောက်စကားပြောကြားခဲ့ပါသည်။

              ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်ကြီးများက ကျိုင်းလပ်နယ်စပ် ကုန်သွယ်ရေးစခန်း ကြေးပြားဆိုင်းဘုတ်အား အမွှေးနံ့သာဖြင့် ပက်ဖျန်းဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များသည် ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းအား လှည့်လည်ကြည့်ရှုကာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကုန်သည်အသင်းအဖွဲ့များ၊ လာအိုနိုင်ငံမှ စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များနှင့် ထိုင်းနိုင်ငံမယ်ဆိုင်နယ်စပ်ကုန်သည်အသင်းတို့၏ ဒေသထွက်ကုန်များ ခင်းကျင်းပြသမှုအပေါ် လိုက်လံကြည့်ရှုခဲ့ကြသည်။

              အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မဲခေါင် မြစ်ကူး မြန်မာ-လာအို ချစ်ကြည်ရေးတံတားသို့ သွားရောက်လေ့လာကြပြီးနောက် တာချီလိတ်မြို့ မယ်ယန်းရပ်ကွက်ရှိ ကုန်သွယ်ရေးစခန်းသို့ ဆက်လက်သွားရောက်ကာ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပို့ကုန်မြှင့်တင်ရေးကိစ္စရပ်များနှင့် တရားမဝင်ကုန်သွယ်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ ၌ ကုန်သည်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Sun, 08/27/2023 - 08:43 -- mocadmin
Undefined

နေပြည်တော်၊ ဩဂုတ် ၂၅           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ရှမ်းပြည်နယ်အစိုးရ ဝန်ကြီးချုပ်ဦးအောင်ဇော်အေးနှင့်အတူ ယနေ့ ညနေပိုင်းတွင် တာချီလိတ်မြို့ ၊ အောင်မြတ်ခန်းမ၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် တာချီလိတ်နယ်စပ်ကုန်သည်များအသင်းတို့မှ အသင်းဝင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

           တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသ၏ ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးအတွက် ကုန်သွယ်မှုကဏ္ဍမှ ကူညီဆောင်ရွက်ပေးမည့်အစီအစဉ်များ၊ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားပါသည်။

           ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပို့ကုန်ဈေးကွက်အား ထိုင်းနိုင်ငံဈေးကွက်အပြင် လာအိုနှင့် တရုတ်နိုင်ငံသို့ပါ ဈေးကွက်ချဲ့ထွင်နိုင်ရေး၊ ပို့ကုန်တိုးမြှင့်တင်ပို့ရာတွင် တစ်ဖက်နိုင်ငံ ဆက်စပ်ပြည်နယ်များသာမက အခြားပြည်နယ်များအထိ မိမိပို့ကုန်များ ဖြန့်ကျက်တင်ပို့နိုင်ရေး၊ တတိယနိုင်ငံများသို့ပါ မိမိကုန်စည်များ တင်ပို့နိုင်ရေးတို့အတွက် တိုက်တွန်းပြောကြားခဲ့ပြီး ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပါသည်။

           ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ကုန်သည်လုပ်ငန်းရှင်များက ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံနေသည့် အခက်အခဲများ၊ ဝန်ကြီးဌာနက ပံ့ပိုးဆောင်ရွက် ပေးစေလိုသည့်ကိစ္စများနှင့် ကုန်စည်များ လွယ်ကူချောမွေ့စွာ သယ်ယူနိုင်ရေးနှင့် ပတ်သက်သည် များကို တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါ သည်။

အဆိုပါတွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ စုစုပေါင်း ၈၀ ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ CRI Myanmar သတင်းဌာနမှ တွေ့ဆုံမေးမြန်းခြင်း

Sun, 08/27/2023 - 08:21 -- mocadmin
Myanmar

သတင်းထောက်         -       ပြည်ထောင်စုဝန်ကြီးက ကွမ်ကျိုးခရိုင်ရဲ့ တယ်ဟုန် လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်တွေကို သွားရောက် လေ့လာခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာကုန်သွယ် ရေးဇုန် တည်ဆောက်ဖို့အတွက် ဘယ်လိုအတွေးအမြင် တွေရှိပါသလဲ? ပြီးတော့တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက်ဘယ်လိုအတွေးအခေါ်တွေ ရှိပါသလဲရှင်?

ပြည်ထောင်စုဝန်ကြီး   -       ကျွန်တော်ပြီးခဲ့တဲ့ မေလတုန်းက ယူနန်ကို တစ်ခေါက်ရောက်ပါတယ်။ ဒီရောက်ရင်းနှင့် ကျွန်တော် ဒီတယ်ဟုန်ကိုသွားပြီးတော့မှ  တယ်ဟုန်ဒေသမှာ ကျွန်တော်တို့နှစ်နိုင်ငံ လုပ်နေတဲ့ နယ်စပ်ကုန်သွယ်မှုကိစ္စတွေကို သွားရောက်ပြီးတော့ ကြည့်ရှုခဲ့တယ်။ အဲ့မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို တတ်နိုင်သမျှ ဖြေရှင်းပေးခဲ့တယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံက မူဆယ်နှင့်ရွှေလီ အဲ့မှာကျွန်တော်တို့ နှစ်နိုင်ငံနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ဖို့ရှိတယ်။ အဲ့တာတွေ နှစ်နိုင်ငံအစိုးရတွေ သဘောတူညီထားပြီးသားဖြစ်တယ်။ သို့သော်လည်းဘဲ ကိုဗစ်ဖြစ်သွားတော့ လုပ်ငန်းတွေက ရှေ့သိပ်ပြီးတော့ခရီးမရောက်ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေးနှင့်ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ မြန်မာနိုင်ငံဘက်မှာလိုအပ်တဲ့ ကော်မတီ၊ ဝန်ကြီးဌာန အသီးသီးက ပုဂ္ဂိုလ်တွေပါတဲ့ ကော်မတီတွေ ကျွန်တော်တို့ဖွဲ့စည်းထားတယ်။ အဲ့ဒီကို ကျွန်တော်တို့ကော်မတီက တရုတ်နိုင်ငံကဖွဲ့ထားတဲ့ကော်မတီနှင့် ပူးပေါင်းပြီးတော့ ဆက်လက်အကောင်အထည်ဖော်မှာ၊ အဲ့ဒီတော့ ကျွန်တော်တို့က နှစ်နိုင်ငံ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ဆိုတာ တကယ်တမ်းတော့ လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန်ကြီးတစ်ခု ထူထောင်နိုင်ဖို့ဖြစ်တယ်။ အဲ့ဒီဟာက နှစ်နိုင်ငံလုံးအတွက် ကုန်သွယ်မှုအတွက်ကော ရင်းနှီးမြှုပ်နှံမှု အတွက်ကော များစွာအထောက်အကူဖြစ်တယ်။ နောက်တစ်ချက်ကလည်း နှစ်နိုင်ငံနယ်စပ်မှာနေတဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အများကြီးကောင်းတဲ့ အစီအမံဖြစ်ပါတယ်။ အဲ့တော့အနာဂတ်မှာ တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေက ဒီကျွန်တော်တို့နယ်စပ်ဒေသစီးပွားရေး လွတ်လပ်စွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်နဲ့ ဆက်စပ်ပြီးတော့ အများကြီး တိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 

သတင်းထောက်         -       အချို့သော အနောက်နိုင်ငံများက Belt & Road အဆိုပြုချက်နာမည် ရှိခြင်းဖြင့်တရုတ်နိုင်ငံပုံရိပ်ကို နာမည်ပျက်အောင် လုပ်ချင်နေကြပါတယ်။ Belt & Road အဆိုပြုချက်အပေါ် ဘယ်လိုမြင်ပါသလဲရှင်? အခုနှစ်က Belt Road အဆိုပြုချက် ကျင်းပခဲ့တဲ့ (၁၀) နှစ်ပြည့်ဖြစ်ပါတယ်။ တရုတ်-မြန်မာ Belt & Road အတူတကွတည်ဆောက်ရာမှာ ဘယ်လို ထင်ရှားတဲ့ ရလဒ်တွေရရှိခဲ့ပါသလဲ? မြန်မာနိုင်ငံ ကုန်သွယ်ရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ဘယ်လိုအကျိုးပြုနေပါတယ်လို့ယူဆပါသလဲရှင်?

ပြည်ထောင်စုဝန်ကြီး   -       ကျွန်တော်တို့က Belt & Road စီမံကိန်းကနေပြီးတော့ အင်မတန် ကောင်းတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ Belt & Road နှင့် ပတ်သက်ပြီးတော့ အထူးသဖြင့်တော့ တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုး တိုးတက်မှု မြန်ဆန်စွာဖွံ့ဖြိုးတိုးတက်လာတာကို အဲ့တာကို အချို့နိုင်ငံတွေက ပုံရိပ်ပျက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ Belt & Road အပေါ်မှာ လူတွေ အထင်အမြင်လွဲအောင်လှုံ့ဆော်မှုတွေလုပ်နေကြတာရှိလာတယ်။ သတင်းတွေ၊ မီဒီယာတွေ ကိုအားပြုပြီးတော့ သတင်းတွေအမျိုးစုံထုတ်တယ်။ အထူးသဖြင့် Belt & Road Initiative က တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကြွေးမြီထောင်ချောက်ထဲကိုရောက်အောင် တွန်းပို့တာရှိတယ်။ အဲ့တော့ Belt & Road စီမံကိန်း မှာလုပ်ရတဲ့ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကတော့ တိုင်းပြည်အတွက် ဆယ်စုနှစ်၊ လိုအပ်ရင်လည်း ရာစုနှစ် ဒီလောက်ထိလုပ်ရမယ့်လုပ်ငန်းဖြစ်တယ်။ ချက်ချင်းအကျိုးအမြတ် ပေါ်ဖို့မဖြစ်နိုင်ဘူး။ သို့သော်လည်းဘဲ ချက်ချင်းအကျိုးအမြတ်မပေါ် တာလေးကို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တရုတ်ပြည်ရဲ့ထောင်ချောက်ကို တွန်းပို့တာတွေ ဖြစ်လာတယ်ဆိုတာကိုတွေ့ရတယ်။ မြန်မာနိုင်ငံ အနေနဲ့လဲ Belt & Road စီမံကိန်းနှင့်ပတ်သက်ပြီးတော့ပါဝင် ဆောင်ရွက်ဖို့ နှစ်နိုင်ငံအစိုးရ သဘောတူ ထားပြီးဖြစ်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Belt & Roadနဲ့ ပတ်သက်ပြီးတော့ အစိုးရက လိုအပ်တဲ့ ကော်မတီဖွဲ့စည်းပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ မြန်မာနိုင်ငံ ကတော့ Belt & Road Initiative က မိမိနိုင်ငံတော်နှင့် မိမိနိုင်ငံ သားတွေ မြန်မာနိုင်ငံသားတွေအတွက် အကျိုးရှိမယ့်ကိစ္စမျိုးဆို အားလုံးပါဝင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လတ်တလောတော့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံလုပ်နေတာရှိတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကတော့ အဓိကကတော့ တရုတ်နိုင်ငံ၊ တယ်ဟုန်-မူဆယ်-ရွှေလီ- မန္တလေးအထိ ရထားလမ်းကတော့ လူလည်းစီးလို့ ရမယ်၊ ကုန်တင်လို့ရမယ်။ နောက်တစ်ခါ မန္တလေးကနေပြီးတော့ ကျောက်ဖြူအထိ ရထားလမ်းတစ်လမ်း၊ မန္တလေးမှရန်ကုန်အထိ ရထားလမ်းတစ်ခု၊ ဒီလိုဟာမျိုး ဒီစီမံကိန်းတွေထဲမှာပါတယ်။ အဲ့ဒီ စီမံကိန်းနှင့်ဆက်စပ်ပြီးတော့ စင်္ကြံတစ်လျှောက် ပြန်လည်ဖွံ့ဖြိုးမှု စီမံကိန်းတွေလည်းပါတယ်။ သို့သော် ဒီစီမံကိန်းက အင်မတန် ကြီးမား တဲ့စီမံကိန်းကြီးဖြစ်တယ်။ အဲ့အတွက်ကျောက်ဖြူစီမံကိန်းက မကြာမီစတင်မည့်အခြေအနေကိုရောက်နေတယ်။ စီမံကိန်းကြီးက တစ်ပြိုင်နက်တည်းသွားမယ်။ မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုအတွက်ကော အလုပ်အကိုင်အတွက်ကော အများကြီးအကျိုးအမြတ် ရရှိမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

 

သတင်းထောက်         -       မြန်မာနိုင်ငံ အထည်ချုပ်စက်မှုလုပ်ငန်းရဲ့ အဓိက အားသာချက်က ဘာတွေဖြစ်မလဲလို့ ထင်ပါသလဲရှင်၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည် ချုပ်လုပ်ငန်းက RCEP စတဲ့ ယန္တရားတွေရဲ့အောက်မှာ တံခါးဖွင့်လျက် ဘယ်လိုအကျိုးတူပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်နေပါသလဲရှင်?

ပြည်ထောင်စုဝန်ကြီး   -       ကျွန်တော်တို့ အထည်ချုပ်လုပ်ငန်းက မြန်မာနိုင်ငံရဲ့ အားသာချက်က နံပါတ်(၁)ကတော့ကျွန်တော်တို့ဆီမှာလူငယ်လုပ်သားအင်အား အလုပ် လုပ်နိုင်တဲ့လူတွေအများကြီးရှိတယ်။ အထူးသဖြင့် အထည်ချုပ်လုပ်ငန်း ထဲမှာမြန်မာအမျိုးသမီးအများကြီး အလုပ်လုပ်ကြတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လုံလောက်တဲ့ လုပ်သားအင်အား အများအပြားရှိတယ်။ နံပါတ်(၂)ကတော့ အထည်ချုပ်လုပ်ငန်းမှာလုပ်တဲ့ အမျိုးသမီးတွေ အများစုကလည်းအနည်းဆုံးအခြေခံပညာအလယ်တန်း၊ အထက်တန်း လောက်တတ်ကြတယ်။ တစ်ချို့လည်းဘွဲ့ရတယ်။ ပညာအရည်အချင်း ကအတိုင်းအတာတစ်ခုထိ တတ်မြောက်ထားကြတယ်။ နောက်တစ်ချက် ကတော့ ကျွန်တော်တို့မြန်မာလူမျိုးတွေက သင်ရပြုရတာလွယ်ကူတယ်။ ကျွန်တော်က မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်းတွေလုပ်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ ခဏခဏတွေ့ဖြစ်တယ်။ တွေ့ဖြစ်တိုင်း ကျွန်တော် မေးတယ်၊မြန်မာနိုင်ငံကလုပ်သားတွေဘယ်လိုနေလဲ၊သူတို့ပြောတာက မြန်မာနိုင်ငံကလုပ်သားတွေက သင်ရတာ ခဏလေးနဲ့တတ်တယ်။ ကျန်တဲ့နိုင်ငံတွေမှာ အချိန်ယူရတဲ့ကိစ္စဆို မြန်မာလူမျိုးတွေက ခဏလေးနဲ့ တတ်မြောက်တယ်။ နောက်တစ်ခုက အားလုံးက အလုပ် ကြိုးစားတယ်။ ဒါကမြန်မာနိုင်ငံရဲ့အားသာ ချက်ဖြစ်တယ်။ လက်ရှိမှာ လည်း မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းတွေမှာဘာတွေ အားသာ ချက်ရှိလဲဆိုတော့ မြန်မာနိုင်ငံကချုပ်တဲ့ အထည်တွေကို ဥရောပနိုင်ငံ ကို Duty Free , Quota Free အကောက်ခွန်လည်း ဆောင်စရာ မလိုဘူး၊ အရေအတွက်လည်း အကန့်အသတ်မရှိဘူး ကျွန်တော်တို့က ပို့ပေးလို့ရတယ်။ ကျွန်တော်တို့ အထည်ချုပ်ကဏ္ဍမှာ ကြည့်လိုက်လို့ ရှိရင် အနောက်နိုင်ငံ ကုမ္ပဏီကြီးတွေက လာရောက်ပြီး ဆောင်ရွက် နေတာအများကြီးရှိတယ်။ အထူးသဖြင့် ဟောင်ကောင်လည်း လာ တယ်၊ ကိုရီးယားလည်းလာတယ်၊ ဂျပန်လည်းလာတယ်၊ တရုတ်နိုင်ငံ လည်းလာတယ်။ အခုလည်းထပ်ပြီးတော့ လုပ်ငန်းတွေထပ်မံတိုးချဲ့ပြီး လုပ်နိုင်ဖို့ လျှောက်ထားတာတွေ အများကြီးရှိတယ်။ အဲ့တော့ဒါက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်တယ်။  နောက်တစ်ခုက RCEP မပေါ်ခင်ကတည်းက အာဆီယံနဲ့ဂျပန်၊ အာဆီယံနဲ့ကိုရီးယား၊  အာဆီယံနဲ့တရုတ်၊ အာဆီယံနဲ့ ဩစတေးလျ၊ နယူးဇီလန်စသည့် သဘောတူညီချက်တွေရှိ ထားခဲ့ပြီးသား၊ အဲ့ကတည်းက မြန်မာနိုင်ငံရဲ့ အထည်တွေက အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတွေကို လွတ်လွတ်လပ်လပ်နဲ့ အရေအတွက်များများစားစား တင်ပို့တာတွေ့ရပါတယ်။ ကျွန်တော်တို့အထည်ချုပ်ကဏ္ဍက  တော်တော်လေးကြီးထွားလာတယ်။ မနှစ်ကကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံရဲ့အထည်ချုပ် ကနေပြီးတော့မှ နိုင်ငံခြားကိုတင်ပို့တဲ့ တန်ဘိုးပမာဏစုစုပေါင်း အမေ ရိကန်ဒေါ်လာသန်း (၅၀၀၀)လောက် ရှိတယ်။ အဲ့တော့ အထည်ချုပ် ကဏ္ဍအများကြီး အလားအလာကောင်းပါတယ်။

 

သတင်းထောက်         -       သမ္မတရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက် ထဲမှာ ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးခြင်းကို ဆွဲကိုင်ထားတဲ့ ပြည်သူ လူထုဗဟိုပြုခြင်းကို ဆွဲကိုင်ထားခြင်း၊ လူသားနှင့်သဘာဝ သဟဇာတ ဖြစ်စွာ အတူယဉ်တွဲနေထိုင်ရေးကိုဆွဲကိုင်ထားခြင်း အဲ့ဒီမှာထည့်သွင်း ပြောကြားခဲ့တယ်။ အဆိုပါဆွဲကိုင်ထားခြင်းသုံးရပ်အပေါ် ဘယ်လို ယူဆပါသလဲရှင်? ပြီးတော့လဲ တရုတ်နိုင်ငံက အဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအပိုင်းမှာ ဆောင်ရွက်ချက်တွေအပေါ် ဘယ်လို ယူဆပါ သလဲရှင်? မြန်မာနိုင်ငံအနာဂတ် ဖွံ့ဖြိုးတိုးတက်ရာမှာ ပတ်ဝန်းကျင် မထိခိုက်ဖို့ ဘယ်လိုဆောင်ရွက်ချက်တွေရှိပါသလဲရှင်?

ပြည်ထောင်စုဝန်ကြီး   -       ပထမဆုံး သမ္မတကြီးရှီကျင့်ဖျင်ရဲ့ Global Development Initiative ဒါလဲ ကုလသမဂ္ဂအပါအဝင် နိုင်ငံတွေတော်တော်များများ လက်ခံ ထားတဲ့ အလွန်ကောင်းတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဖွံ့ဖြိုး တိုးတက်မှုနဲ့ တစ်ခုတည်းမကြည့်ဘဲ အားလုံးမျှမျှတတ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဟာ အင်မတန် ကျယ်ပြန့်ပြီးတော့ အမျှော်အမြင်ရှိတဲ့ အစီအစဉ် တစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ Global Development Initiative ဟာ တစ်ကမ္ဘာလုံး အတွက် သမ္မတကြီးရှီကျင့်ဖျင်ရဲ့ အမျှော်အမြင်ကြီးမားမှုတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ ဒါဟာ အင်မတန်ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်တယ်။ အထူးသဖြင့် ပြည်သူလူထုဗဟိုပြုတဲ့ အစီအစဉ်ဟာ နိုင်ငံ တိုင်းက မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အစီအစဉ်ဖြစ်ပါတယ်။ အခု ၂၁ ရာစုဆိုရင် ပြည်သူလူထုရဲ့အခန်းကဏ္ဍဟာ ပိုပြီးအရေးကြီး လာတယ်။ အရေးကြီးလာတော့ ပြည်သူလူထုကို ဦးစားပေးပြီးတော့ ဗဟိုပြုပြီးတော့ စဉ်းစားတာဟာ အင်မတန်ကောင်းတယ်။ နောက် သဘာဝပတ်ဝန်းကျင်ကို လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာက ဂရုမစိုက် ခဲ့အတွက် အဲ့ဒီ အကျိုးဆက်တွေဟာ ဒီနေ့မှာ ရာသီဥတုဖောက်ပြန် တာတွေ၊ ရာသီဥတုပြောင်းလဲတာတွေ ဒါတွေရဲ့အကျိုးဆက်တွေ အများကြီးဖြစ်တယ်။ ဒါကြောင့်မို့ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုး တက်မှုကို မျှမျှတတ ဆောင်ရွက်တာ အင်မတန်ကောင်းတဲ့ အစီအစဉ် ဖြစ်တယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံရောက်တဲ့အခါ နေရာတိုင်း သွားကြည့်လိုက်ရင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီအောင်တရုတ်အစိုးရကကြိုးစားလုပ်ဆောင်နေတာ တွေ့ရ တာ အများကြီး နမူနာယူဖို့ကောင်းတယ်။  ကျွန်တော်တို့ မြန်မာနိုင်ငံ မှာလဲ သဘာဝပတ်ဝန်းကျင်ကို ဦးစားပေးတဲ့ အစီအစဉ်တစ်ခုအနေနဲ့ ထိန်းသိမ်းဆောင်ရွက်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ စက်ရုံ တွေတည်ဆောက်တဲ့အခါ  လူနေအဆောက်အဦတွေ၊ ကုန်တိုက်တွေ၊ ဟိုတယ်တွေ စသည်ဖြင့် တည်ဆောက်တဲ့အခါမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဥပဒေအရ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက် တွေကိုမဖြစ်မနေလုပ်ရမယ်လို့ဥပဒေအရပြဋ္ဌာန်းထားတယ်။ကျွန်တော် တို့မြန်မာနိုင်ငံမှာ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အရေးကြီးတဲ့ကဏ္ဍ တစ်ရပ်အနေနဲ့ဆောင်ရွက်နေတယ်၊အဲဒီတော့ ကျွန်တော်တို့လုပ်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ သမ္မတကြီးရှီကျင့်ဖျင်ရဲ့ Global Development Initiative နဲ့ အတော်လေး သဟဇာတ ဖြစ်ပါတယ်။

 

သတင်းထောက်         -       (၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံဟာ အဓိကဧည့်သည်တော်နိုင်ငံအနေနဲ့ ဘာတွေပြင်ဆင်မှုလုပ်ခဲ့သလဲ၊ ကမ္ဘာကြီးဆီကို မြန်မာနိုင်ငံရဲ့စွမ်းဆောင်မှုကို ဘယ်လိုပြသတင်ဆက် ထား ပါသလဲရှင်?

ပြည်ထောင်စုဝန်ကြီး   -       ကျွန်တော်တို့ကတရုတ်-တောင်အာရှကုန်စည်ပြပွဲမှာ နှစ်စဉ်ပါဝင်ပြသ တယ်။ ဟိုးအရင် ကူမင်း ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲမှာလည်း နှစ်တိုင်း မြန်မာနိုင်ငံကပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ မေလက လာတဲ့ အခါမှာ ယူနန်ပြည်နယ်၊ ပါတီအတွင်းရေးမှူးနဲ့ နေ့လည်စာ အတူသုံး ဆောင်တဲ့အခါမှာ ဒီနှစ်မှာ မြန်မာနိုင်ငံကို ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် ရွေးချယ်ထားတယ်ဆိုတာကိုလဲ သတင်းကောင်းလေး ပြောလိုက်ပါ တယ်။ မြန်မာနိုင်ငံကလဲ ဒီဟာအတွက် သေချာလေးကို ပြင်ဆင်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ ကုန်စည်တစ်ခုထဲပြသရုံသာမကဘဲ ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ မြန်မာလူမျိုးတွေရဲ့ဖော်ရွေမှု၊ မြန်မာလူမျိုး တွေရဲ့ မိမိစားသုံးသူပေါ်မှာစေတနာထားမှု  ဒါတွေအားလုံး ပေါင်းစပ် ပြီးတော့ပြင်ဆင်ပါတယ်။ ပါဝင်ပြသတဲ့ ပုဂ္ဂိုလ်တွေလဲ(၁၂၀)ကျော် လောက်ရှိပြီး တော်တော်လေးများပါတယ်။ ကျွန်တော်တဲ့ ဘက်က လည်း ပါဝင်ပြသသူတွေအပြင် သက်ဆိုင်ရာ ဌာနတွေကအရာရှိတွေလဲ အများကြီးပါပါတယ်။ ကိုယ့်ကဏ္ဍအလိုက်၊ ကဏ္ဍအလိုက် လုပ်ကြ တယ်။ ကျွန်တော့ ဝန်ကြီးဌာနကလဲ အရာရှိတွေအများကြီးပါတယ်။ နောက် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း ဖျော်ဖြေတဲ့အဖွဲ့၊ ရိုးရာအက ကတဲ့အဖွဲ့တွေက ဖျော်ဖြေတဲ့ အနုပညာရှင်တွေ ယဉ်ကျေးမှု အကပဒေသာများကို နေ့စဉ်ကပြဖျော်ဖြေပေးတယ်။ (၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲမှာ ကျွန်တော်တို့ ပါဝင်ခွင့်ရတာ ဂုဏ်ယူပါတယ်။ နောက်နှစ်တွေမှာလဲ ဆက်လက်ပါဝင်မှာ ဖြစ်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုပြီးတော့ မြန်မာထုတ်ကုန်တွေနဲ့ ခရီးသွား ကဏ္ဍမြှင့်တင်ရေးလုပ်ငန်းတွေကိုပိုပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

Latest News: 
Latest New တင္ရန္

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာ့စက်မှုဆိပ်ကမ်းနှင့် အေးရှားဝေါလ်ဆိပ်ကမ်းများအား ကြည့်ရှုစစ်ဆေး

Sun, 08/27/2023 - 08:15 -- mocadmin
Myanmar

နေပြည်တော်၊ ဩဂုတ် ၂၆    ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် တာဝန်ရှိသူများနှင့်အတူ မြန်မာ့ စက်မှုဆိပ်ကမ်း(MIP) သို့ရောက်ရှိကာ ဆိပ်ကမ်းအတွင်း ကုန်သေတ္တာများ X-ray စက်ဖြင့် ဖြတ်သန်းစစ်ဆေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဆိပ်ကမ်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခြင်းနှင့်  Export တင်ပို့မည့် CMP ပစ္စည်းများ မျက်မြင်ဖွင့်ဖောက်စစ်ဆေးနေမှု အခြေအနေများအား  ကြည့်ရှုစစ်ဆေးခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် (၁၁:၀၅) နာရီအချိန်တွင် အေးရှားဝေါလ်ဆိပ်ကမ်းသို့ ရောက်ရှိပြီး ဆိပ်ကမ်းအတွင်းကုန်သေတ္တာများ X-ray စက်ဖြင့် ဖြတ်သန်းစစ်ဆေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း၊ ဆိပ်ကမ်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းနှင့် Export တင်ပို့မည့် CMP ပစ္စည်းများ မျက်မြင်ဖွင့်ဖောက်စစ်ဆေးနေမှု အခြေအနေများအား  ကြည့်ရှုစစ်ဆေးခဲ့ပြီး အေးရှားဝေါလ်ဆိပ်ကမ်း အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ သီလဝါဆိပ်ကမ်းနယ်မြေရှိ ဆိပ်ကမ်းများနှင့် စက်သုံးဆီဆိပ်ကမ်းများမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအား တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားကာ အေးရှားဝေါလ်ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းသက်သာအရောင်းဆိုင် ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

Mon, 08/21/2023 - 09:20 -- mocadmin
Undefined

နေပြည်တော်၊ ဩဂုတ် ၂၁

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရေးအတွက်ရည်ရွယ်၍ ဖွင့်လှစ်သည့် ဝန်ထမ်းသက်သာအရောင်းဆိုင်ဖွင့်ပွဲအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

   အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဝန်ထမ်းသက်သာအရောင်းဆိုင်ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆိုင်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။ အဆိုပါ အရောင်းဆိုင်တွင် ဝန်ထမ်းများအနေဖြင့် ဆန်၊ ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး၊ ကုလားပဲခြမ်း၊ ကြက်ဥ၊ ငြုပ်၊ ဆား အစရှိသော အခြေခံစားသောက်ကုန်များကို ပြင်ပဈေးနှုန်းထက်သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်မည်ဖြစ်သည့်အပြင် ရေထွက်ကုန်ပစ္စည်းများနှင့် အခြားစားသောက်ကုန်များကိုပါ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါ ဝန်ထမ်းသက်သာအရောင်းဆိုင်ဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်  အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

( ၇ ) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ နောက်ဆုံးနေ့မြန်မာပြခန်းများ ဆက်လက်ပါ၀င်ပြသပြီး စီးပွားရေးနှင့်နည်းပညာပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုး

Sun, 08/20/2023 - 17:08 -- mocadmin
Myanmar

နေပြည်တော်၊ ဩဂုတ်လ ၂၀ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center တွင်ကျင်းပပြုလုပ်နေသည့် (၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ၏ နောက်ဆုံးနေ့ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံပြခန်းများ ဆက်လက်ပါ၀င်ပြသရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။ မြန်မာပြခန်းသို့ လာရောက်ကြသူများအား မြန်မာ့ထုတ်ကုန်များဖြစ်သည့် ကော်ဖီ၊ လက်ဖက်စို၊ လက်ဖက်ခြောက်၊ ဇီးဖျော်ရည်နှင့် စားသောက်ကုန်များကို မိတ်ဆက်ကျွေးမွေး၍ ဈေးကွက်ရရှိရေးဆောင်ရွက်ခဲ့ပါသည်။ ပြခန်းဆောင်အတွင်း ပြသထားသည့် ရင်းနှီးမြုပ်နှံမှုနှင့် မြန်မာ့ခရီးသွားနေရာများကိုလည်း ပြခန်းသို့လာရောက်သူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြပါသည်။ ထို့အပြင် ကုန်စည်ပြပွဲတွင် ပါဝင်ပြသနေေသာ မြန်မာကုမ္ပဏီ/ အသင်းအဖွဲ့များဖြစ်သည့် ကိုးကန့် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ AJ Myanmar၊ Good Brother Group Co. ,Ltd၊ Global Earth Agro and Aqua International Co.,Ltd တို့သည် ဂုဏ်ထူးဆောင်နိုင်ငံပြခန်းဆောင်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၊ ချုံချင့်မြို့နှင့် ကွမ်ရှီးပြည်နယ်၊ သုံးရှင်းမြို့ အခြေစိုက်ကုမ္ပဏီ ၄ ခုတို့နှင့် ပို့ကုန်/သွင်းကုန် လုပ်ငန်း၊ ကုန်စည်ဖြန့်ဖြူးရေး၊ လယ်ယာထွက်ကုန်၊ ရေထွက်ပစ္စည်းများနှင့် ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်များကို လက်မှတ်‌ရေးထိုးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အတွက် အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Sun, 08/20/2023 - 16:51 -- mocadmin
Undefined

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာ‌သော Dongfeng EX1 Nano Box အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၅) စီး၊ Dongfeng E70 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂) စီး၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော BAIC ARCFOX α T အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂၀) စီး၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၂၇) စီးနှင့် Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger, 7 KW) (၂၀) ခုသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၁၈-၈-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံး မော်တော်ယာဉ်နှင့် လျှပ်စစ်သုံးယာဉ်အားသွင်းစက်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး RCEP ကုန်စည် ဖြန့်ဖြူးရေးစင်တာသို့ သွားရောက်လေ့လာ

Thu, 08/17/2023 - 10:57 -- mocadmin
Undefined

နေပြည်တော်၊ ဩဂုတ်လ ၁၇

   (၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲသို့ တက်ရောက်ရန် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေလိုက်ပါ၍ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ China(Yunnan)Pilot Free Trade Zone ရှိ RCEP ကုန်စည်  ဖြန့်ဖြူးရေးစင်တာသို့ သွားရောက် လေ့လာခဲ့သည်။

   ပြည်ထောင်စုဝန်ကြီးကို စင်တာမှ တာဝန်ရှိသူများက RCEP ကုန်စည်ဖြန့်ဖြူးရေးစင်တာရှိ တောင်အာရှနှင့် အရှေ့တောင်အာရှ ကုန်စည်ပြခန်းနှင့် ရောင်းဝယ်ရေးစင်တာတွင် ပြသထားသော တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများမှ ထုတ်ကုန်များ ခင်းကျင်း ပြသရောင်းချနေမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် RCEP နိုင်ငံများမှ ထုတ်ကုန်များကို နိုင်ငံအလိုက် Studio အခန်းများမှ Online Live Streaming ဖြင့် တိုက်ရိုက်မိတ်ဆက်ရောင်းချနေမှု အခြေအနေများ၊ နေ့စဉ်ကုန်ပစ္စည်းများ ရောင်းချနိုင်မှုနှင့် ဖြန့်ဖြူးမှုအခြေအနေများကို ကြည့်ရှုလေ့လာခဲ့သည်။

   အဆိုပါစင်တာသည် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ၏ ထုတ်ကုန်များအား တရုတ်နိုင်ငံအတွင်းသို့ ဖြန့်ဖြူးရောင်းချရာ တွင် မဟာဗျူဟာကျသည့် ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင်တည်ရှိပြီး ကုန်သည်လုပ်ငန်းရှင်များအတွက် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်း များကို အဆင်ပြေလွယ်ကူစွာဆောင်ရွက်နိုင်ရန် ပြီးပြည့်စုံသော ဝန်ဆောင်မှုလုပ်ငန်းများထည့်သွင်းထားသည့် ကုန်စည်ဖြန့်ဖြူးရေး စင်တာဖြစ်ပြီး မြန်မာထွက်ကုန်များကိုလည်း တရုတ်နိုင်ငံအတွင်း  online မှတစ်ဆင့် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၀၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Sun, 08/13/2023 - 16:35 -- mocadmin
Myanmar

နေပြည်တော် ဩဂုတ်လ ၁၃ ရက်

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ မှ ဩဂုတ်လ ၂၀ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၀၃၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

              ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

              အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Minister's Office