Minister's Office

သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည် ဖော်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ (Task Force) ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

Sun, 09/10/2023 - 05:18 -- mocadmin
Undefined

ရန်ကုန်၊ (၉-၉-၂၀၂၃)

     သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့်ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System – WRFS) အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

            ညှိနှိုင်းအစည်းအဝေးတွင် သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့်ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System – WRFS) အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့်ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ၏ဖော်ထုတ်ချက်များကို လိုက်ပါ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ Task Force အဖွဲ့အနေဖြင့် သိုလှောင်ရုံကုန်အပ် လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများရေးဆွဲခြင်း၊ မူဝါဒများချမှတ်ခြင်း၊ စံလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ခြင်း၊ သီးခြားရန်ပုံငွေတစ်ရပ်ထူထောင်ခြင်း၊ အစပျိုးစမ်းသပ်ကာလ (Pilot Project) အဖြစ် စတင်ဆောင်ရွက်ခြင်းနှင့် သိုလှောင်ရုံတည်ဆောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များကို အားပေးကူညီ ခြင်းစသည့် လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဆန်စပါးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် တောင်သူလယ်သမားများအတွက် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးသည့်သီးနှံအာမခံစနစ်ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှု စနစ်တစ်ရပ် အောင်မြင်စွာဖော်ဆောင်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊ သိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် ကုန်သည်လုပ်ငန်းရှင်များ အပါအဝင် သက်ဆိုင်သူများအားလုံးက အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းလျက် ဟန်ချက်ညီစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။

          ယင်းနောက် ညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ဝင်များက သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

  ညှိနှိုင်းအစည်းအဝေးသို့ သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့ မှုစနစ် (Warehouse Receipt Financing System – WRFS) အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံအာမခံအသင်း၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။  

Latest News: 
Latest New တင္ရန္

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

Mon, 09/04/2023 - 10:54 -- mocadmin
Myanmar

နေပြည်တော်၊ စက်တင်ဘာ               မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့၊ မွန်းလွဲပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အမှာစကားပြောကြားခဲ့သည်။

          ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အထူးစီးပွားရေးဇုန်များနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား အသေးစိတ်ဆွေးနွေးပြောကြားပြီး နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို မူဝါဒအဖြစ်ခံယူကာ အထူးစီးပွားရေးဇုန်များ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးကိုလည်းကောင်း၊ အထူးစီးပွားရေးဇုန်အလိုက် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ဆွေးနွေးပြောကြားပါသည်။

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌများ၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများ၊ ဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက အထူးစီးပွားရေးဇုန်အလိုက် ဆောင်ရွက်ရန်ကိစ္စများ၊ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် အစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြခဲ့ကြရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။

          အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမ (၆) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယနေ့သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြား

Sat, 09/02/2023 - 16:40 -- mocadmin
Myanmar

နေပြည်တော်၊ စက်တင်ဘာ ၂      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမ (၆) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနနှင့် မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်များက  ဌာနအလိုက် ဖွဲ့စည်းမှု၊ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ကြသည်။  

          ဆက်လက်၍ အွန်လိုင်းမှ ရောင်းချသူများ (Online Sales) မှတ်ပုံတင်လုပ်ငန်းများ လက်ခံ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား တာဝန်ခံအရာထမ်းမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် နိုင်ငံဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင်ဖွင့်လှစ်ခဲ့ သည့် အဆင့်မြင့်အရာရှိသင်တန်းအမှတ်စဉ် (၁၃)နှင့် အမှတ်စဉ် (၁၄) တို့တွင် ပထမဆုရရှိခဲ့ ကြသည့် ညွှန်ကြားရေးမှူး (၂) ဦးနှင့် အရာထမ်းလောင်း (အထူး)သင်တန်း အမှတ်စဉ် (၁၁) တွင် စံပြဆု ရရှိခဲ့သော ဦးစီးအရာရှိ (၁) ဦးတို့အား ပြည်ထောင်စုဝန်ကြီးမှ ဆုများချီးမြှင့်ခဲ့ပါသည်။

          ထို့နောက်ဌာနများ၏ တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဒုတိယဝန်ကြီးက တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုချင်းအလိုက် စိစစ်ဆောင်ရွက်ရမည့်အချက်များ၊ ကုန်ဈေးနှုန်းများ အထူးသဖြင့် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီဈေးနှုန်းများကျဆင်းရေးနှင့် နိုင်ငံတော်မှချမှတ်ထားသည့်စီးပွားရေးဦးတည်ချက်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများအားလုံး  အလေးအနက်ထား ဆောင်ရွက်သွားကြရန်ကိစ္စ များကို မှာကြားခဲ့သည်။

          နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဌာနများအနေဖြင့် အခြေခံ ကျကျသုံးသပ်ပြီး  စီမံကိန်းလျာထားချက်များ ပြည့်မီအောင်၊ ယင်းမှတစ်ဆင့် ကျော်လွန်အောင် ကြိုးစားဆောင်ရွက်သွားရန်၊ မိမိတာဝန်ကျရာ နယ်မြဒေသ၊ ခရိုင်၊ တိုင်းအလိုက် ပို့ကုန်တိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ(MSME) ဖွံ့ဖြိုးတိုးတက်လာ စေရေးတို့အတွက် ကူညီပံ့ပိုးပေးသွားရန်၊ Digitalized Ministry ဖြစ်လာစေရေးအတွက် ဝန်ထမ်း များအားလုံးမှ စဉ်ဆက်မပြတ် လေ့လာသင်ယူသွားကြရန်နှင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

          ဒုတိယနေ့အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ အရာထမ်းများ၊ နယ်စပ်ကုန်သွယ်ရေး စခန်း တာဝန်ခံများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမ (၆) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြား

Fri, 09/01/2023 - 10:48 -- mocadmin
Myanmar

နေပြည်တော်၊ စက်တင်ဘာ ၁     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမ (၆) လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

                ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးများနှင့် စီးပွားရေးရာ ကော်မတီအစည်းအဝေးတို့တွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအနက် မိမိ ဝန်ကြီးဌာနမှ လိုက်ပါအကောင်အထည်ဖော်ရမည့် အချက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ကြီးဌာန၏ မျှော်မှန်းချက်များ ဆက်လက်အကောင်အထည်ဖော်ရေး၊ အသေးစား၊အငယ်စား၊ အလတ်စားလုပ်ငန်းများ (MSME) ၏ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးကူညီပေးရေး၊ မြန်မာ့ထုတ်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်ပြီး အရေအတွက်တိုးမြှင့်တင်ပို့နိုင်ရေး၊ ဈေးကွက် တစ်ခုတည်းကို မှီခိုမနေဘဲ ပြည်ပဈေးကွက်သစ်များရအောင် ကြိုးစားသွားရေး၊ ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ဆက်ဆံမှုများ ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရေး၊ တရားမဝင် ကုန်သွယ်မှုများ တိုက်ဖျက်သွားရေး၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်တက်ရန် ကြိုးစားဆောင်ရွက်သွားရေးနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးမှာကြားခဲ့သည်။

          ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးညွန့်အောင်က ဝန်ကြီးဌာန၏ ဖွဲ့စည်းမှု၊ ဝန်ထမ်းသက်သာ ချောင်ချိရေးဆောင်ရွက်ပေးမှု အခြေအနေများ၊ ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်သင့်သည့်အချက်များနှင့် ဝန်ထမ်းများလိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများအား မှာကြားခဲ့ပါသည်။

          ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူးများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာန၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များအား ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပါသည်။  

          အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ အရာထမ်းများ၊ နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Thu, 08/31/2023 - 11:37 -- mocadmin
Undefined

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Gyi Group of Companies Limited. မှ တင်သွင်းလာသော JAC   e-JS1 (EX10) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၈) စီးနှင့် JAC e-J7 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၇) စီး၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၁၅) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၃၁-၈-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံး မော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျုဟာများ (၂၀၂၃-၂၀၂၈) မူကြမ်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Thu, 08/31/2023 - 10:51 -- mocadmin
Undefined

နေပြည်တော်၊ ဩဂုတ် ၃၁ အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျုဟာများ (၂၀၂၃-၂၀၂၈) မူကြမ်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့်ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ အစည်းအဝေးများကို တစ်နှစ်လျှင် ၂ ကြိမ်ကျင်းပလျက်ရှိရာ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ပါကြောင်း၊ အဆိုပါ(၁/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးတွင် “အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာ (၂၀၂၃-၂၀၂၈)မူကြမ်းအား သက်ဆိုင်ရာဌာနများနှင့် အသေးစိတ် ပြန်လည်ညှိနှိုင်းပြီး (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးသို့ ပြန်လည်တင်ပြသွားရန်” လမ်းညွှန်ခဲ့သည့်အတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာ (၂၀၂၃-၂၀၂၈) တွင် “စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်ရန်” ဟူသော မျှော်မှန်းချက်ဖြင့် မဟာဗျူဟာ ၆ ရပ် ချမှတ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊  နိုင်ငံတော်တွင် မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး၊ အဆင့်မြင့်နည်းပညာများ လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးကဏ္ဍများ မြင့်မားတိုးတက်လာစေရေးတို့အတွက် အထောက်အကူဖြစ်မည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို တည်ထောင်နိုင်မည်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအနေဖြင့် အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာများ ပေါ်ပေါက်လာစေရန် အသေးစိတ်ညှိနှိုင်း ဆွေးနွေးပေးစေလိုကြောင်းနှင့် အစည်းအဝေးမှရရှိလာမည့် ဆွေးနွေးချက်များနှင့် အညီပြင်ဆင်ပြီး မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးမှာ တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံညွှန်ကြားရေးမှူးတို့က အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာများ (၂၀၂၃-၂၀၂၈) မူကြမ်းနှင့်စပ်လျဉ်း၍ သဘောထားမှတ်ချက်များတောင်းခံခဲ့မှု အခြေအနေ၊ ပြင်ဆင်ထားရှိမှုအခြေအနေများကို Powerpoint ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Wed, 08/30/2023 - 15:23 -- mocadmin
Myanmar

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော AIMA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၁၀၀) စီးနှင့် လျှပ်စစ်သုံး သုံးဘီးမော်တော်ဆိုင်ကယ် (၂၆) စီး တို့သည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၃၀-၈-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံး မော်တော် ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး စားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

Wed, 08/30/2023 - 15:05 -- mocadmin
Myanmar

နေပြည်တော်၊ ဩဂုတ် ၃၀          ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်း အဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြားခဲ့သည်။        

          ညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံတော်အနေဖြင့် စားအုံးဆီကိုပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီတင်သွင်းရာတွင် ဝယ်ယူကုန်ကျသည့် နိုင်ငံခြားငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့်လည်းကောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပဈေးထက်သက်သာသည့် နိုင်ငံခြားငွေလဲလှယ်မှု နှုန်းထားဖြင့် လည်းကောင်း ပံ့ပိုးဆောင်ရွက်ပေးထားပါကြောင်း၊ ၎င်းအပြင် ဝယ်ယူတင်သွင်းသူများ ငွေကြေးအခက်အခဲ မပေါ်ပေါက်စေရေးအတွက် ဗဟိုဘဏ်က သီးခြားအစီအစဉ်ဖြင့်လည်း ထောက်ကူ ပေးထားပါကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုံးဆီအခြေခံရည်ညွှန်းဈေးကိုလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အပတ်စဉ်ပုံမှန်တွက်ချက် ထုတ်ပြန်ပေးလျှက်ရှိပါကြောင်း၊ သို့ရာတွင် စားသုံးသူဈေးကွက်တွင် စားအုံးဆီဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် များစွာမြင့်တက်နေပြီး နိုင်ငံတော်အကြီးအကဲ၏ စေတနာဖြင့် ဆောင်ရွက်ပေးသည့် အစီအစဉ်ကို စားသုံးသူပြည်သူများ ခံစားရခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ စားအုံးဆီဈေးများမြင့်တက်နေမှုနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးအနေဖြင့် ဇူလိုင်လ (၁) ရက်နေ့က ရန်ကုန်မြို့တွင် လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချရေး သတိပေးပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိအကျိုးအမြတ်ရရှိမှု တစ်ခုတည်းကိုသာဦးမတည်ဘဲ စားသုံးသူများ သက်သာချောင်ချိစွာ စားသုံးနိုင်ရေးအတွက် ဦးစားပေးစဉ်းစားရန်လိုအပ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ညှိနှိုင်းရရှိမှုများကို လက်တွေ့ကျကျ ကြပ်မတ်အကောင်အထည်ဖော် သွားမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း စားအုံးဆီဈေးနှုန်းများ သိသာစွာကျဆင်းစေ‌ရေး ဆောင်ရွက်မည် ဖြစ်၍ ပူးပေါင်းပါဝင်ကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း စားသုံးဆီဖြန့်ဖြူးမှုနှင့် ပတ်သက်၍ လိုအပ်သည့် အစီအမံများချမှတ်ကာ ကြပ်မတ်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။

          ယင်းနောက် ညှိနှိုင်းအစည်းအဝေးကိုတက်ရောက်လာကြသည့် စားသုံးဆီတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများက စားသုံးဆီပြည်တွင်းပို့ဆောင်ရာတွင် QR Code ဖြင့် ကြပ်မတ်မည့် အစီအစဉ်၊ နေ့စဉ်ကုန်လက်ကျန်သတင်းပို့မှုအစီအစဉ်၊ လက်ကားနှင့်လက်လီရောင်းချသူများအကြား ဈေးနှုန်း ကွာဟမှုမရှိစေရေးနှင့် မြို့ကြီးများအလိုက် သတ်မှတ်ဈေးနှုန်းဖြင့် စားအုံးဆီဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ အသေးစိတ်ညှိနှိုင်း ဆွေးနွေးကြပါသည်။

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များက သတ်မှတ်ရည်ညွှန်း ဈေးကို အခြေခံပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၏ ဈေးကွက်များ၌ ဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းကို ရှောင်ကြဉ်မည်ဖြစ်ကြောင်း၊ ရည်ညွှန်းဈေးအပေါ် အခြေခံကာ သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ စားသုံးဆီဈေးနှုန်းများကို လက်ရှိအခြေ အနေမှ လျှော့ချသွားရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနက ကြပ်မတ် ဆောင်ရွက်မည့်အစီအစဉ်များအပေါ် အပြည့်အဝလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ကတိကဝတ်ပြု ကြပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် စားသုံးဆီ တင်သွင်းဖြန့်ဖြူးနေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၁၅၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Sun, 08/27/2023 - 17:18 -- mocadmin
Myanmar

နေပြည်တော် ဩဂုတ်လ ၂၇

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှား နိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ မှ စက်တင်ဘာလ ၃ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၁၅၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

              ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

              အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Latest News: 
Latest New တင္ရန္

ရှမ်းပြည်နယ်ရှိ ကော်ဖီ၊ ထောပတ်သီးနှင့် ဒေသစိုက်ပျိုးရေးထုတ်ကုန် ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Sun, 08/27/2023 - 13:05 -- mocadmin
Myanmar

နေပြည်တော်၊ သြဂုတ် ၂၇          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းရုံး၌ ရှမ်းပြည်နယ်ရှိ ကော်ဖီ၊ ထောပတ်သီးနှင့် ဒေသစိုက်ပျိုးရေးထုတ်ကုန် ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပ ပို့ကုန်တိုးမြှင့်ရေးဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ၌  ရှမ်းပြည်နယ်၏ ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် ကော်ဖီနှင့် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှုကို နိုင်ငံတော်မှ အားပေးမြှင့်တင်ဆောင်ရွက်လျှက်ရှိကြောင်း၊ မြန်မာ့ထောပတ်သီးများ အရည်အသွေးမီ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် အထွက်နှုန်းတိုးတက်မြင့်မားရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊  စျေးကွက်တိုးချဲ့၍ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး၊ ပြည်ပသို့ တင်ပို့ရာတွင် ဈေးကွက်နိုင်ငံ၏ လိုလားချက်နှင့်အညီ တင်ပို့နိုင်ရေး၊ မြန်မာနိုင်ငံမှ ထွက်ရှိသော နိုင်ငံတကာအဆင့်မီ ကော်ဖီများကို အလားအလာရှိသည့် နိုင်ငံတကာဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန် အတွက် လိုအပ်ချက်များကို အစိုးရဌာနများ၊ အသင်းအဖွဲ့နှင့် စိုက်ပျိုးထုတ်လုပ်သူများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မြန်မာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေးနှင့် ဈေးကွက်ဝင်နိုင်ငံ၏ စံချိန်စံညွှန်းဆိုင်ရာနှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေးကိုလည်း ဆက်လက်ညှိနှိုင်းဆောင်ရွက် သွားနိုင်ရေးတို့ အား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများ၏ တင်ပြ ချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေညောင်မြို့ မြနဒီသီနှံအခြောက်ခံစက်ရုံသို့ သွား ရောက်ကာ ပြောင်းကုန်ကြမ်းများ အခြောက်ခံသန့်စင်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟဲဟိုးမြို့၊ တီခေါင်ကျေးရွာအုပ်စု၊ ဥဿကံကျေးရွာရှိ Heho Potato Co.,Ltd အအေးခန်းစက်ရုံသို့ သွားရောက်ခဲ့ပြီး အာလူးလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ အာလူးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ စျေးကွက်ရရှိရေး၊ တိုးမြှင့် တင်ပို့နိုင်ရေးနှင့် အာလူးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်တောင်သူများ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးတို့အား ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Minister's Office