Minister's Office

ဟိုင်နန်အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသအစားအစာများဆိုင်ရာ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွာရေးလုပ်ငန်းများ ပါဝင်ပြသရန်ဖိတ်ကြား

Wed, 05/31/2023 - 10:43 -- mocadmin
Undefined

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်နန်ပြည်နယ် Hainan International Convention and Exhibition Center ၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပထမအကြိမ် ကျင်းပပြုလုပ်မည့် ဟိုင်နန်အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ အစားအစာများဆိုင်ရာ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

          အဆိုပါပြပွဲ၌ နိုင်ငံတကာအဆင့်မီ ပြခန်းပေါင်း (၂၅၀၀) ပါဝင်မည်ဖြစ်ကြောင်းနှင့် မြန်မာ နိုင်ငံမှ ဒေသထွက်စားသောက်ကုန်များ ပါဝင်ပြသနိုင်မည်ဖြစ်သည်။

          အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက် ပြသနိုင်ကြောင်း သိရှိရပါသည်။

Latest News: 
Latest New တင္ရန္

Guangdong and Macao Branded Products Fair 2023 (GMBPF) သို့ မြန်မာနိုင်ငံမှစီးပွာရေးလုပ်ငန်းများ ပါဝင်ပြသရန်ဖိတ်ကြား

Wed, 05/31/2023 - 10:41 -- mocadmin
Undefined

မကာအိုအထူးအုပ်ချုပ်ရေးဒေသ၊ မကာအိုမြို့ရှိ Galaxy International Convention Center ၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ (၁၅) ကြိမ်မြောက် ကျင်းပပြုလုပ်မည့် မကာအိုနှင့် ကွမ်တုံဒေသကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲ - ၂၀၂၃ ( 15th Guangdong and Macao Branded Products Fair 2023 – GMBPF ) သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ ပါဝင်ပြသနိုင် ကြောင်း ဖိတ်ကြားလာပါသည်။

          အဆိုပါပြပွဲ၌ မြန်မာ့စားသောက်ကုန်နှင့် အဖျော်ယမကာထုတ်ကုန်များ၊ အိမ်သုံးပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာနှင့် အခြားကုန်စည်များအား လာရောက်ပြသနိုင်မည်ဖြစ်ပြီး ကွမ်တုံ-ဟောင်ကောင်-မကာအိုဒေသနှင့် မြန်မာနိုင်ငံတို့အကြား ခရီး သွားလာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်မည်ဖြစ်ကာ အပြန်အလှန် စီးပွားရေး ချိတ်ဆက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအား ဗဟိုပြု၍ တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတစ်လျှောက်ရှိ အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

          ၂၀၂၃ ခုနှစ်၊ GMBPF ပြပွဲ၏ မြန်မာနိုင်ငံဆိုင်ရာပြခန်းတွင် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင် များအတွက် ပြခန်းပေါင်း (၂၀) ခန်း ရရှိမည်ဖြစ်ကြောင်း၊ ပြခန်း (၁) ခန်းအတွက် မကာအိုဒေါ်လာ ၁,၄၀၀ (အမေရိကန်ဒေါ်လာ ၁၇၄.၄၅) ကို ပေးသွင်းရမည်ဖြစ်ကြောင်း၊ ပါဝင်ပြသသူ (၁) ဦးလျှင် ပြခန်း(၁)ခန်း ရရှိမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုထားသော ပြခန်း (၁) ခန်းစီအတွက် လာရောက်ပြသမည့် ကုန်စည်များတင်ပို့ရန် (အပြန်သယ်ယူပို့ဆောင်စရိတ်မပါ) မကာအိုဒေါ်လာ ၃,၀၀၀ ထောက်ပံ့မည် ဖြစ်ကြောင်းနှင့် အဆိုပါ ထောက်ပံ့ငွေများအား ပြပွဲစီစဉ်သူများထံ ကုန်တင်ပို့မှုပြေစာများ ပြသ၍ ပြန်လည်ထုတ်ယူနိုင်ကြောင်း သိရှိရသည်။

          ပြပွဲလာရောက်သူများအတွက် သတ်မှတ်ထားသည့် ဟိုတယ်များတွင် (၅) ညတာ တည်းခို နေထိုင်ရန်နှင့် သတ်မှတ်ဟိုတယ်နှင့် ပြပွဲခန်းမအကြားသွားရောက်ရန် မော်တော်ယာဉ်စီစဉ်ပေးထား မည်ဖြစ်သည်။

          အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက် ပြသနိုင်ကြောင်း သိရှိရပါသည်။

             

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရှိ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ

Tue, 05/30/2023 - 03:39 -- mocadmin
Undefined

    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ရုံးများသို့ သွားရောက်စစ်ဆေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသေး စိတ်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၃၉၆၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Sun, 05/28/2023 - 17:25 -- mocadmin
Undefined

နေပြည်တော် မေလ ၂၈

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံ တို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊မေလ ၂၉ ရက်နေ့ မှ ဇွန်လ ၄ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၃၉၆၀ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

              ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

                   အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Latest News: 
Latest New တင္ရန္

မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ဆက်လက်ကျင်းပ

Sun, 05/28/2023 - 17:20 -- mocadmin
Undefined

          မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် (၄)ရက်ကြာကျင်းပလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် ကုန်စည်ပြပွဲနောက်ဆုံးနေ့အဖြစ် ပြခန်းများကို ဆက်လက်ခင်းကျင်းပြသခဲ့ပါသည်။ 

   အဆိုပါကုန်စည်ပြပွဲ၌ လာရောက်ပြသကြသည့် နှစ်နိုင်ငံမှကုန်သည်လုပ်ငန်းရှင်များ/ကုမ္ပဏီများအကြား ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုဆိုင်ရာဆွေးနွေးပွဲများကျင်းပခြင်း၊ နားလည်မှုစာချွန်လွှာနှင့် ကုန်သွယ်မှုသဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းတို့ကိုလည်း နေ့စဉ်ဆောင်ရွက်လျက်ရှိပါသည်။

           ၂၀၂၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် AJ Myanmar  Co., Ltd နှင့် Shenyang Tianfeng Bio-Pharm Co., Ltd တို့အကြား ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်းကောင်း၊ Yoma Bank Limited၊ Fully Light Group of Companies နှင့် Kokang Ethnic Entrepreneurs Association Incorporated (KKEEA) တို့အကြား ဘဏ်ငွေပေးချေမှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ကုန်စည်ပြပွဲသို့ နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ ဝန်ထမ်းများနှင့်  အများပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြရာ စည်ကားလျက်ရှိကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

Sun, 05/28/2023 - 08:21 -- mocadmin
Undefined

၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ အထိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)တွင် ကျင်းပလျက်ရှိသည့် မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲတွင် ပါဝင်ခင်းကျင်းပြသကြသော  မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များနှင့်အသင်းအဖွဲ့များက မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများအတွက်  အလှူငွေပေးအပ်ပွဲအခမ်းအနား ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် အဆိုပါ ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

         အလှူငွေပေးအပ်ပွဲတွင် ကုန်စည်ပြပွဲ၌ ပါဝင်ပြသကြသည့် မြန်မာ-တရုတ်ကုန်သည်လုပ်ငန်းရှင်များကစုပေါင်း၍ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများအတွက် အလှူငွေကျပ်သိန်း (၃၀၀) ကို ပေးအပ်လှူဒါန်းခဲ့ရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက လက်ခံရယူခဲ့ပါသည်။  ထို့နောက် အမြဲတမ်းအတွင်းဝန်က နှစ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များအား  ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။

           ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းနှင့် ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ဝင်းတို့က အလှူငွေပေးအပ်လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြပါသည်။  ထို့နောက် အမြဲတမ်းအတွင်းဝန် နှင့်အဖွဲ့သည် ပြခန်းများသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။ မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲသို့ နေပြည်တော်ရှိ ဝန်ကြီးဌာနအသီးသီးမှဝန်ထမ်းများနှင့် လာရောက်လေ့လာ ကြည့်ရှုသူအများပြည်သူများဖြင့် စည်ကားသိုက်မြိုက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အတွက် အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Fri, 05/26/2023 - 12:47 -- mocadmin
Undefined

နေပြည်တော်၊ မေ ၂၆             အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာ‌သော MG, MG4 (Mulan) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၃၄) စီးနှင့် Grand Sirius Co., Ltd. မှ တင်သွင်းလာသော LINCHR အမျိုးအစား လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60 KW (၄၀) စုံတို့သည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့် အညီထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံးယာဉ် အားသွင်းစက်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

မြန်မာ-တရုတ် စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲနှင့် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပ

Fri, 05/26/2023 - 12:42 -- mocadmin
Undefined

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ ပူးပေါင်း၍  မြန်မာ(နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ဒုတိယမြောက်နေ့အစီအစဉ်အနေဖြင့် မြန်မာ-တရုတ် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲနှင့် လက်မှတ်ရေး ထိုးပွဲ အခမ်းအနားတို့ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)ရှိ Plenary Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လင်ချန်း ယဉ်ကျေးမှု အကအဖွဲ့များမှ တရုတ်ရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu ၊ လင်ချန်းမြို့ စီးပွားရေးဌာန၊ ညွှန်ကြားရေးမှူး Mr.Zhou Yongzhi တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါသည်။ ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံမှ ကုမ္ပဏီများက နှစ်နိုင်ငံကုန်သွယ်‌ရေး ပူးပေါင်း‌ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ ကြပါသည်။

          ထို့နောက် နှစ်နိုင်ငံမှ ကုမ္ပဏီ (၁၇)ခုသည် လယ်ယာထွက်ကုန်ပစ္စည်း၊ စားသောက်ကုန် ပစ္စည်း၊ အချိုရည်နှင့် အဖျော်ယမကာ၊ ဆေးဝါးပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့် လျှပ်စစ်သုံး မော်တော်ယာဉ်များစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း (၉) ခုကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေးပွဲကျင်းပ

Thu, 05/25/2023 - 11:14 -- mocadmin
Undefined

နေပြည်တော်၊ မေ ၂၅          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ ပူးပေါင်း၍  စတုတ္ထအကြိမ် မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပလျက်ရှိရာ အဆိုပါကုန်စည်ပြပွဲနှင့် ဆက်စပ်၍ မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေးပွဲတစ်ရပ်ကို ယင်းနေ့ ၁၅:၀၀ နာရီအချိန်တွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၂)ရှိ Plenary Hall ၌ ကျင်းပပြုလုပ်ခဲ့သည်။

          ဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရုံးမှ စီးပွားရေးသံမှူး Mr. Tan Sufu တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။

          ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်လင်ချန်းမြို့ ကွန်မြူနစ်ပါတီ ဒုတိယအတွင်းရေးမှူး လင်ချန်းမြို့ ပြည်သူ့အစိုးရ မြို့တော်ဝန် Mr. Du Jian Hui က တရုတ်-မြန်မာ - အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်ရေးလမ်းကြောင်းသစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

          အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ တရုတ်လုပ်ငန်းရှင်များ စုစုပေါင်း (၂၀၀) ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

မြန်မာ(နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲအကြို ညစာ စားပွဲကျင်းပ

Thu, 05/25/2023 - 03:39 -- mocadmin
Undefined

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် လင်ချန်းမြို့၊ ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ မြန်မာ(နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါ ကုန်စည်ပြပွဲ၏ အကြိုညစာစားပွဲအား ၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့ ညနေ (၆:၃၀) နာရီအချိန်တွင် Horizon Lake View Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။ ညစာစားပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်နှင့် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဦးအောင်နိုင်ဦး၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ မြို့တော်ဝန်နှင့် မြန်မာ - တရုတ်နှစ်နိုင်ငံမှ ဌာနဆိုင်ရာများ၊ ကုန်သည် လုပ်ငန်းရှင် အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

          အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကုန်စည်ပြပွဲအထိမ်းအမှတ် လက်ဖက်ခြောက်ဘူးပေါ်တွင် အမှတ်တရ လက်မှတ်ရေးထိုးလဲလှယ်ကြသည်။ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး လင်ချန်းမြို့၊ မြို့တော်ဝန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ညစာသုံးဆောင်နေချိန် အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှုအနုပညာရှင်များက အကပဒေသာများဖြင့် တင်ဆက်ကပြဖျော်ဖြေကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်  လင်ချန်းမြို့ မြို့တော်ဝန်တို့က အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          အဆိုပါ ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင် (၃၀၀) ခန့် ပါဝင်တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံကုန်သည်လုပ်ငန်းရှင်များ အချင်းချင်း စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မိတ်ဆက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Minister's Office