နောက်ဆုံးရ သတင်း

ထိုင်းအစိုးရက တောင်သူလယ်သမားများရဲ့ စပါးဈေး သတ်မှတ်မှုဆောင်ရွက်ခြင်း တစ်နှစ်နီးပါးဖြစ်လာတဲ့ အချိန်မှာ ငွေကြေးပြန်လည်ရရှိမှုက လျော့ကျတယ်လို့ ခန့်မှန်းကြတာ ကြောင့် အဲဒီစနစ်က ကမ္ဘာ့ဆန်ဈေးကို မြင့်တက် စေနိုင်မယ် ဆိုတာ အာမခံနိုင်ခြင်းမရှိခြင်းအပေါ် စိုးရိမ်နေရပါတယ်။ အစိုးရက ၎င်းင်းရဲ့ အပေါင်ခံ သိုလှောင်ထားတဲ့ ဆန်ထဲမှ တန် ချိန် ၇၅၃၀၀၀ ကို သြဂုတ်လ ၂၈ ရက်မှာ လေလံအပြီးသတ် ခေါ်ယူပြီး ရောင်းချမယ်လို့ မကြာခင်ကကြေညာထားပါတယ်။
တောင်သူများရဲ့ ဝင်ငွေမြှင့်တင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ၂၀၁၁ ခုနှစ်မှာ အစိုးရက တောင်သူတွေရဲ့စပါးဈေးကို ၂၀၁၀ ခုနှစ် ပေါက်ဈေးထက် ၆၀ ရာခိုင်နှုန်းပိုပြီးပေး ဝယ်ယူ ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆန်ဈေးနှုန်းပိုမို ကြီးမြင့် လာခဲ့တာကြောင့် နိုင်ငံတကာ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်မှု နည်းလာလို့ ၂၀၁၂ မှာ ပြည်ပတင်ပို့မှု လျော့ နေပါတယ်။ ၂၀၀၅ ခုနှစ်ကစပြီး ထိုင်းရဲ့ အရန်ဆန် သိုလှောင်မှုက တန်ချိန် ၁၀ သန်းကျော်အထိ တိုးလာပေမယ့် အောက်တို ဘာမှာ ရိတ်သိမ်းမယ့် ၂၀၁၂ စပါးကို ဈေးကွက်ပေါက်ဈေး ထက်ပိုပြီး၊ ပေးဝယ်ဦးမယ်လို့ စီစဉ်ထားပါတယ်။
ယခုအစိုးရက သိုလှောင်ဆန်ထဲက တစ်ချို့ကို ထုတ် ရောင်းတော့မှာဖြစ်လို့ ဆန်ဈေးကျဆင်းလာနိုင်ပါတယ်။ အထူးသဖြင့် ဆန်တင်ဒါ တန် ၇၅၃၀၀၀ ရောင်းပြီးနောက် ထပ် ဆန်များထုတ်ရောင်းတဲ့အခါ ပိုပြီးကျဆင်းမယ်လို့ FAO မှ စီးပွားရေးပညာရှင် Caple က ဆိုပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က ဖိလစ်ပိုင်  IRRI မှ လူမှုသိပ္ပံဌာနခွဲခေါင်းဆောင် Samarendu  Mohanty မှ ပြောကြားခဲ့ရာမှာ ထိုင်းနိုင်ငံရဲ့ အစီအစဉ်ကြောင့် ဈေးကွက်မှာ ရောင်းချမှုနည်းပါး နိုင်တဲ့ အတွက် ဝယ်လိုအားနဲ့ ဈေးနှုန်းမြင့်တက်လာပြီး၊ ကမ္ဘာ့ဆန် ဈေးတိုးလာလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်မှာ လေးနှစ်ကြာဆန်တင်ပို့မှု ရပ်ထားခဲ့တဲ့ အိန္ဒိယက ဈေး ကွက်ကို ဝင်ရောက်လာတဲ့အတွက် ဈေးကွက်မှာ ဆန် ပမာဏရော ဈေးနှုန်းကိုပါ ထိန်းချုပ်လာခဲ့ပါတယ်။
၂၀၁၂ ဇူလိုင်လမှာ နိုင်ငံတကာဆန်ဈေးက အံ့သြဖွယ် တည်ငြိမ်နေတယ်လို့ FAO က ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာ ဆန်ဈေး ကျဆင်းမှုက အထူးသဖြင့် ပြောင်းနဲ့ ဂျုံ ရောင်းချမှုပါးနေတဲ့ ဒီလိုကာလမှာ ကမ္ဘာကြီးအတွက် ကြီးမားတဲ့ သက်သာရာရစေခဲ့တယ်လို့ Caple မှ ပြောကြားခဲ့ပါတယ်။
ကမ္ဘာမှာ ပြောင်းအများဆုံး ထုတ်လုပ်တဲ့ အမေရိကန် မှာ ပြောင်းထုတ်လုပ်မှုက ၂၀၀၆-၂၀၀၇ နောက်ပိုင်း အနည်း ဆုံးကို ကျဆင်းမယ်လို့  USDA က ခန့်မှန်းထားပါတယ်။ တိရစ္ဆာန်အစာအတွက် အဓိကအသုံးပြုတဲ့ ပြောင်းနီဈေးက တစ်တန် ကန်ဒေါ်လာ ၃၀၀ အထက်မှာရှိပြီး၊ လာမယ့်လနဲ့ ၂၀၁၃ တွေမှာ ကန်ဒေါ်လာ ၃၅၀ အထက်ကျော်သွားမယ်လို့ ဆိုပါတယ်။ ဇူလိုင်လတစ်လထဲမှာပဲ ပြောင်းဈေးက ၂၃ ရာခိုင်နှုန်းမြင့်တက်လာတယ် လို့ FAO မှ ဆိုပါတယ်။ ကမ္ဘာ မှာ ဂျုံအများဆုံး ထုတ်လုပ်တင်ပို့တဲ့ ကာဇစ္စတန်နဲ့ ရုရှား တို့မှာလည်း မိုးခေါင်တဲ့အတွက် ဂျုံဈေးမြင့်တက်မှုကို ခြိမ်း ခြောက်နေပါတယ်။
ကမ္ဘာ့ဘဏ်ကတော့စားနပ်ရိက္ခာဈေးနှုန်းတွေ မြင့်တက် ပေမယ့်လည်း ၂၀၀၇-၀၈ တုန်းကစံချိန်ချိုးတဲ့  ပမာဏကိုတော့ မရောက်နိုင်ဘူးလို့ ဆိုထားပါတယ်။
Source: riceoline
လမင်း

မော်တော်ယာဉ်တင်သွင်းမှုအား One Stop Services အဖွဲ့ဖြင့် သွင်းကုန်ပါမစ်များ ပုံမှန်အတိုင်း ခွင့်ပြု ထုတ်ပေးလျက်ရှိပါသည်။ ကားလောကမှ လူပုဂ္ဂိုလ်တချို့က လက်ဝယ်ရှိယာဉ်အို/ယာဉ်ဟောင်း အပ်နှံသည့် စလစ်များနှင့် မော်တော်ယာဉ်များ၏ ဈေးနှုန်းကစားရန်နှင့် ဈေးဆွဲတင်ရန် ရည်ရွယ်၍ လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းမှု ရပ်တန့်တော့မည်ဟု ကောလဟလများဖြစ်ပေါ်အောင် ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ကောလဟလများမှာ မှန်ကန်မှုမရှိဘဲ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်မှု ကော်မတီအနေဖြင့် မူလခွင့်ပြုပေးနေသည့်အတိုင်း လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှုများကို ပုံမှန်အတိုင်းနေ့ချင်းပြီး ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။ (၂၀-၈-၂၀၁၂) အထိ သွင်းကုန်ပါမစ်ထုတ်ပေးမှုမှာ ယာဉ်အို/ယာဉ်ဟောင်း (၅၀၇၁၃) စီး ၊ Sale Center တွင် ဝယ်ယူခွင့်ပါမစ် (၈၄၀၆) စီး ၊ သင်္ဘောသား (၂၈၆၇) စီး ၊ ကုမ္ပဏီ (၇၂၁) စီး ၊ နိုင်ငံခြားရေးဝန်ကြီးဌာန (၃၄၀) စီး ၊ ဟိုတယ်/ခရီး (၅၇) စီး ၊ ပြည်ပအလုပ်သမား (၂၀၇၃) စီး ၊ ကျောက်မျက် (၆) စီး ၊ အထွေထွေ (၁၁၂) စီး ၊ လူပုဂ္ဂိုလ်တစ်ဦးချင်း (နေပြည်တော်) (၈၅၁၆) စီး ၊ လူပုဂ္ဂိုလ်တစ်ဦးချင်း (ရန်ကုန်) (၉၄၅) စီးအား ခွင့်ပြုထုတ်ပေးပြီး ဖြစ်ပါသည်။ှ

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာတွင်အခက်အခဲမရှိအဆင်ပြေချော မွေ့စေရေးအတွက် မော်တော်ယာဉ်ပါမစ်များအား မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့်နေ့ချင်းပြီး (One Stop Services ) အဖွဲ့မှ ခွင့်ပြုထုတ်ပေးလျှက်ရှိရာတွင် ယာဉ်အို/ယာဉ်ဟောင်း အပ်နှံ၍ အစားထိုးပါမစ်ထုတ်ပေးမှု အား ၁၉-၉-၂၀၁၁ နေ့မှစ၍ ယနေ့အထိ(၅၀၄၇၇)စီးကိုလည်းကောင်း၊ ပို့ကုန်သွင်းကုန်ကုမ္ပဏီများ၊ သဘောၤသားများ၊ ဟိုတယ်/ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ၊ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ၊ နိုင်ငံခြားရေးဝန်ထမ်းများ စသည်များအား ပါမစ်ထုတ်ပေးမှုကို ၃၀-၁၁-၂၀၁၁ ရက်နေ့မှစ၍ ယနေ့အထိ (၆၁၆၇)စီးကိုလည်းကောင်း၊ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားတိုင်းအားအထူးပါမစ်ထုတ်ပေးခြင်းကို ၇-၅-၂၀၁၂ ရက်နေ့မှစ၍ ယနေ့အထိ(၈၈၆၆)စီးကိုလည်းကောင်း၊ မော်တော်ယာဉ်အရောင်းစင်တာများမှ ဝယ်ယူခွင့်ပါမစ် (၈၂၃၂) စီးအားလည်းကောင်း၊ ပါမစ်များအသီးသီးထုတ်ပေးခဲ့ပြီး အများ ပြည်သူ ခရီးသွားလာရေးအဆင်ပြေရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်ကုမ္ပဏီများအား အငှားယာဉ်(Taxi)အဖြစ်(၈၃၈)စီးလိုင်စင် ထုတ်ပေးခဲ့ပါသည်။ လွန်ခဲ့သောရက်အနည်းငယ်အတွင်းက နိုင်ငံသားတိုင်းအား ခွင့်ပြုထုတ်ပေးလျှက်ရှိသည့် မော်တော်ယာဉ်အထူးပါမစ်ထုတ် ပေးမှုများအားရပ်ဆိုင်းထားသည်ဟု ကောလဟာလ ဖြစ်ပေါ်နေမှုမှာ မှန်ကန်မှုမရှိပါကြောင်းနှင့် ပါမစ်ထုတ်ပေးနေမှုကို နေပြည်တော် အပြင် ကာယကံရှင်ကိုယ်တိုင်လျှောက်ထားပါက ရန်ကုန်မြို့တွင်လည်းပါမစ်များထုတ်ပေးလျက်ရှိပြီး နေ့စဉ်ပါမစ်ထုတ်ပေးနေမှု အခြေ အနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် ရက်စွဲ တစ်ဦးချင်း
(နေပြည်တော်)
တစ်ဦးချင်း
(ရန်ကုန်)
အခြား ယာဉ်အို/
ယာဉ်ဟောင်း
စုစုပေါင်း
၁၃-၈-၂၀၁၂ ၂၂၀ ၉၆ ၁၆၅ ၄၈၂
၁၄-၈-၂၀၁၂ ၂၁၄ ၈၉ ၁၈၉ ၄၉၃
၁၅-၈-၂၀၁၂ ၁၆၁ ၈၄ ၁၂၇ ၃၇၄



ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးမှာ အဓိကအားဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊ ဆန်စပါး ကြိတ်ခွဲထုတ်လုပ်တင်ပို့ရောင်းချတဲ့ ဆန်စက်လုပ်ငန်းရှင်များနဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှုကို အထောက်အကူပြုစေတဲ့ အစိုးရဌာန များမှ အသင်းအဖွဲ့များဆိုပြီး၊ အပိုင်း ၃ ပိုင်းအကြမ်းအားဖြင့် ခွဲခြား၍ ရရှိနိုင်ပါတယ်။ ကျေးဇူးရှင် လယ်သမားများမှာ ခေတ် အဆက်ဆက်ရဲ့ စမ်းသပ်မှု၊ ဖိနှိပ်မှု၊ ပံ့ပိုးမှု၊ လစ်လှူရှုမှုအစရှိတဲ့ အကြောင်းခြင်းရာများစွာရဲ့အောက်မှာ မိမိလက်ဝယ်ရှိ လယ်ယာမြေအား ဖက်တွယ်ရုံးကန်နေရတဲ့သူများဖြစ်ပါ တယ်။ မြန်မာလူမျိုးများဟာ လယ်ယာမြေကို ချစ်ပါတယ်။ မိမိလယ်ယာမြေကို စွန့်လွှတ်ဖို့  အလွန်စိုးရိမ်ကြသူများ ဖြစ်ပြီး၊ ယခုအခါမှာ လယ်ယာမြေကို ကျောခိုင်းရမယ့် အခြေအနေရောက်ရှိနေပါတယ်။ လယ်ယာမြေရဲ့ စိုက်ပျိုး စရိတ်ကုန်ကျမှုများ၊ သွင်းအားစုဈေးကြီးမြှင့်မှုများ၊ ထွက်ကုန်သီးနှံဈေးနှုန်းကျဆင်းမှုများကြောင့် လယ်ယာမြေကို ချစ်ခင်ကြတဲ့ တောင်သူများပင် ကျောခိုင်းစွန့်ခွာဖို့ စဉ်းစားသူများရှိသလို လက်ဆင့်ကမ်းယူရမယ့် လူငယ်များမှာလည်း လယ်တောကို စွန့်ခွာပြီး၊ နိုင်ငံတကာကို သွားရောက်လုပ်ကိုင်ဖို့ ဆောင်ရွက်နေကြတဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။
လယ်ယာဏ္ဍဖွံ့ဖြိုးရေးအတွက် အဓိကမောင်းနှင်အားဖြစ်တဲ့ ဆန်စက်ပိုင်ရှင်များ၊ ဆန်စပါးလုပ်ငန်းရှင်များမှ လည်း စပါးမရှိရင် ဆန်စက်မရှိနိုင်ပါ။ ဒါကြောင့် ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးရဲ့ အဓိကကျတဲ့ မောင်းနှင်အားမှာ ဆန်စက် ပိုင်ရှင်များနဲ့ ဆန်စပါးလုပ်ငန်းရှင်များသာဖြစ်ပါတော့တယ်။ ထိုကဲ့သို့ဆိုရခြင်းမှာ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် စတင်စိုက်ပျိုး ထုတ်လုပ်သည်မှ ကြိတ်ခွဲတင်ပို့ရောင်းချသည်အထိ (Supply  Chain  Mechanism) လုပ်ငန်းတစ်ခုလုံးကို အလယ်မှ ဆက်စပ်ပေးသူများမှာ နိုင်ငံရဲ့ ဆန်စက်ပိုင်ရှင်များပင်ဖြစ်ပါတော့တယ်။ ဆန်စက်ပိုင်ရှင်များဟာ ခေတ် အဆက်ဆက် မိမိဒေသရှိ တောင်သူလယ်သမားများနဲ့ အစဉ်အမြဲထိတွေ့ဆက်စပ်နေသူများဖြစ်ပါတယ်။ တောင်သူများရဲ့ ဒေသဝမ်းစာ အတွက် ကြိတ်ခွဲပေးခြင်း၊ တောင်သူများရဲ့ ပိုလျှံစပါးများကို ဝယ်ယူကြိတ်ခွဲတင်ပို့ ရောင်းချခြင်း၊ ဒါ့အပြင် တောင်သူများ အခက်အခဲရှိပါက စပါးကြိုတင်ဝယ်ယူတဲ့ စပါးပေး၊ အလှမ်းပေးများပါ ဆောင်ရွက်နေသူများ ဖြစ်ပါတယ်။ အလားတူ ဆန်စပါးအထူးပြုကုမ္ပဏီများ ပေါ်ပေါက်လာတဲ့အခါမှာလည်း ဒေသခံဆန်စက်ပိုင်ရှင်များ ရဲ့ အားကိုရယူပြီး ဆောင်ရွက်သူ များဖြစ်ပါတယ် အထူးပြုကုမ္ပဏီများမှာ အခက်အခဲအမျိုးမျိုးကြောင့် ကြွေးကျန် ရင်တောင်မှ ဆန်စက်ပိုင်ရှင် များမှတဆင့်ဆောင်ရွက်ရာ ရာခိုင်နှုန်းအနည်းငယ်သာ ကျန်ရှိတာကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် ဆန်စပါးကဏ္ဍရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့ ဆန်စက်ပိုင်ရှင်များမှ မိမိဒေသအလိုက် မိမိဆန်စက်ရဲ့ စက်စွမ်းအားအလိုက် ကံထရိုက် လယ်ယာစနစ် သို့မဟုတ် သမဝါယမလယ်ယာစနစ်ကိုသာ ဖော်ဆောင်ဆောင်ရွက်မှာဆိုရင် လယ်ယာကဏ္ဍမှာ မလွဲမသေအောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်မြို့နယ် လယ်တော်ကြီးကျေးရွာအုပ်စုမှ ဆန်စက်ပိုင်ရှင် တစ်ဦးရဲ့ ဆောင်ရွက်ထားမှုအခြေအနေအား လေ့လာနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
အထက်ဖော်ပြပါ ဆန်စက်ပိုင်ရှင်မှာ ပြည်မြို့မှ ပေါက်ခေါင်းမြို့နယ်သို့အထွက် ကားလမ်းဘေးမှာ ဆန်စက် တည်ဆောက်ထားသူဖြစ်ပါတယ်။ ၎င်းဆန်စက်ပိုင်ရှင်ရဲ့ စက်လည်ပတ်နိုင်မှုစွမ်းအားမှာ ၂၄ နာရီကို စပါးတင်း ၅၀၀၀ ခန့် ကြိတ်ခွဲနိုင်ပါတယ်။ စက်ကြိတ်အဆင့်အတန်းမှာလဲ တန်းမြင့်ဆန် (Super  Quality) ဒါကြောင့် ၎င်းဆန်စက်ပိုင်ရှင်မှ ကြိတ်ခွဲရေးဝန်ထမ်းအပါအဝင် စပါးသယ်၊ ဆန်သယ်လုပ်သားများနဲ့ စုစုပေါင်းလုပ်သား ၃၀ ဦးကိုနေ့စဉ် အလုပ်အကိုင်ပေးနိုင်ဖို့ အနည်းဆုံးတစ်လကို ၂၀ ရက်မှ ၂၅ ရက်လည်ပတ်နိုင်အောင် ကုန်ကြမ်းရရှိရေးကစပြီး၊ စဉ်းစားဆောင်ရွက်ထားမှုကို တင်ပြခြင်းဖြစ်ပါတယ်။ ၎င်းဒေသမှာ မိုးစပါးနဲ့ နွေစပါးဟူပြီး၊ ရာသီ ၂ မျိုးစိုက်ပျိုးပါတယ်။ ဒါကြောင့် တစ်ရက်စပါးတင်း ငါးထောင်နဲ့ တစ်လကို အနည်းဆုံးစပါးတင်း ၁ သိန်းကြိတ်ခွဲနိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်။ မိုးစပါးကို ဇန်နဝါရီလမှ ဇွန်လအထိလည်းကောင်း၊ ဇူလိုင်လစပြီး အောက်တိုဘာလအထိကို နွေစပါးဖြင့် လည်းကောင်း၊ လည်ပတ်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။ မိုးစပါးအတွက် ပုံမှန်လည်ပတ်နိုင်သော်လည်း နွေစပါး အတွက် စပါးအခြောက်ခံစက် လိုအပ်သဖြင့် ၂၄ နာရီစပါး ၃၀၀၀ အခြောက်ခံနိုင်တဲ့ စပါးအခြောက်ခံစက် ၂ လုံးနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ စပါးကုန်ကြမ်း ရရှိရေးအတွက်လည်း ဒေသအတွင်း စားသုံးသူများကြိုက်နှစ်သက်တဲ့ စပါးမျိုးများကို စိုက်ပျိုးထုတ်လုပ်  ဖြန့်ဖြူးလျက် ရှိပါပြီး၊ ၎င်းင်းရဲ့ ကိုယ်ပိုင် လယ်ဧက ၁၀၀ ကျော်မှာ ဒေသနဲ့ကိုက်ညီတဲ့ဈေးကွက်ဝယ်လိုအားရှိတဲ့ ဆင်းသွယ်လတ် စပါးမျိုးများကို အနီးပတ်ဝန်းကျင် မျိုးစေ့ထုတ်ခြံများမှလည်းကောင်း၊ မြန်မာ့စိုက်ပျိုးရေးဦးစီးဌာန အကူအညီနဲ့လည်းကောင်း၊ မျိုးသန့်များရယူပြီး၊ တောင်သူများကို မျိုးသန့်များဖြန့်ဖြူးပေးလျက်ရှိပါတယ်။
တောင်သူများအတွက် မျိုးစပါးကို ဝယ်ဈေးအတိုင်းဖြန့်ဖြူးခြင်း၊ ဓါတ်မြေသြဇာများကို သတ်မှတ် ထုတ်ဈေးအတိုင်း ရောင်းချပေးခြင်း၊ ဆောင်ရွက်ပေးတဲ့အပြင် စိုက်ပျိုးရေးပညာရှင်များမှ နည်းပညာများလည်း လယ်ကွင်းထဲ အရောက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထိုသို့ဆောင်ရွက်ပေးပြီး ထွက်ရှိလာတဲ့ စပါးများကို ဈေးကောင်းပေးပြီး ဝယ်ယူခဲ့သလို ယခုနှစ် နွေစပါးမှာ ပံ့ပိုးငွေများအားလုံး ပြန်လည်ရရှိပြီးလည်းဖြစ်ပါတယ်။ ထိုသို့ စိုက်ထုတ်ပေးထားတဲ့ မျိုး၊ သွင်းအားစု တန်ဖိုးများအား အတိုးလုံးဝမယူဘဲ ထုတ်ပေးစဉ်က ဈေးနှုန်း အတိုင်းသာ ပြန်လည်ကောက်ခံကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် တောင်သူများမှထွက်ရှိတဲ့ စပါးများကိုသာ ပြင်ပပေါက်ဈေးထက် စပါးအရည်အသွေးကောင်းရင် ကောင်းသလို ဈေးပိုပေးပြီး ဝယ်ယူလျက်ရှိပါတယ်။ ယခုနှစ် ၂၀၁၂ ခုနှစ်၊ မိုးစပါးမှာ ဧက ၁၀၀၀ အတွက် မျိုးစပါးတင်း ၂၀၀၀ ကို တောင်သူများကို ထုတ်ပေးထားပြီးဖြစ် ပါတယ်။ တောင်သူများထံမှလည်း စပါးပေါ်ချိန်မှာ အခြေခံဈေးဖြစ်တဲ့ စပါးတင်း ၁၀၀ ကို သုံးသိန်းခွဲ ဈေးနဲ့ ဝယ်ယူမှာဖြစ်ကြောင်း၊ စပါးပေါ်ချိန်မှာ အခြေခံဈေးထက်ကျော်လွန်နေပါကလည်း ပေါက်ဈေးအတိုင်း ပေးချေမှာဖြစ်ကြောင်း၊ စပါးအရည်အသွေးကောင်းရင် ကောင်းသလို ဈေးပိုမိုပေးပြီး ဝယ်ယူမှာဖြစ်ကြောင်း နားလည်မှုစာချုပ်များ ချုပ်ဆိုဆောင်ရွက်လျက်ရှိပါတယ်။ မိမိရဲ့ ဆန်စက်တစ်နှစ်စာအတွက် စပါးတင်း ၁၀ သိန်းရရှိဖို့ ဧက ၅၀၀၀ စိုက်ပျိုးလျက်ရှိတဲ့ တောင်သူများနဲ့ မျိုးသန့် ထုတ်လုပ်ပေးပြီးမိုးစပါး၊ နွေစပါးစိုက်ပျိုးထုတ်လုပ်ဖို့လည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အလားတူ ရိတ်သိမ်းခြွေလှေ့ချိန်မှာလည်း တောင်သူများ ရိတ်သိမ်းချွေလှေ့မှုကြောင့် လျော့နည်းဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် ရိတ်သိမ်းချွေလှေ့စက်ဝယ်ယူပြီး၊ ရိတ်သိမ်းေ>ခလှေ့ပေးမှာဖြစ်ကြောင်း သိရှိရပါတယ်။ အလားတူ ဆင်းသွယ်လတ်စပါးကို ထိပ်စဆန် (စူပါဇီးရိုး) ကြိတ်ခွဲပြီး၊ မကွေးတိုင်းအတွင်းဖြစ်တဲ့ မင်းတုန်း၊ ကံမ္မ၊ အောင်လံ၊ မကွေးဒေသများကို ဒေသတွင်း စားသုံးဆန်အဖြစ် တင်ပို့ရောင်းချတဲ့အပြင် ရန်ကုန်ဘုရင့်နောင် ဈေးကွက်ကိုလည်း ပုံမှန်တင်ပို့လျက်ရှိပါတယ်။ ပြည်ပတင်ပို့လိုတဲ့ ကုမ္ပဏီများ (Exporter) များမှလည်း ဆက်သွယ်ကမ်းလှမ်းမှုများရှိလို့ ဈေးကွက်ဝယ်လိုအားကောင်းတဲ့ ဈေးကွက် အလားအလာကောင်းတဲ့ ကုန်ထုတ်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒေသတွင်း ဆန်စပါးစိုက်ပျိုးသူများမှ စပါးပေါ်ချိန်ဘယ်ဈေးနဲ့ ဘယ်လိုရောင်းရမှန်း မသိဖြစ်နေရာမှ ယခုကဲ့သို့ ဆောင်ရွက်ပေးသူရှိလို့ တောင်သူများ မှလည်း အားကြိုးမာန်တက် စိုက်ပျိုးလျက်ရှိကြပါတယ်။ ဒါကြောင့် ဖော်ပြပါ ဆန်စက်ပိုင်ရှင်ကဲ့သို့ နိုင်ငံအတွင်း ဆန်စက်ပိုင်ရှင်များမှ မိမိဆန်စက် ဝန်းကျင်ရှိ တောင်သူများအား မျိုး၊ သွင်းအားစု၊ စိုက်ပျိုးစရိတ်များ အဆင်ပြေအောင်ဆောင်ရွက်ပေးခြင်းဖြင့် မိမိဆန်စက်အတွက်လည်း ကုန်ကြမ်းရရှိပြီး မိမိလည်း အကျိုးရှိသဖြင့် အတ္တ၊ ပရမျှတဲ့ လုပ်ငန်းဖြစ်သလို ဆန်စက်လုပ်ငန်းပိုင်ရှင်အားလုံး ပါဝင်ဆောင်ရွက်ပေးစေလိုပါကြောင်း တိုက်တွန်းရေးသား လိုက်ပါတယ်။
ခေတ္တရာဟင်္သာ - ပြည်

အမေရိကားမှာ နှစ် ၅၀ ကျော်အတွင်း အပြင်းထန်ဆုံး မိုးခေါင်တဲ့အတွက် ပြောင်းဈေးက စံချိန်တင် မြင့်တက်လျက်ရှိပြီး၊ ကမ္ဘာ့စားနပ်ရိက္ခာ အကြပ်အတည်းစိုးရိမ်မှုတွေဖြစ်စေတာကြောင့် တရုတ်နိုင်ငံက ပြည်တွင်း ဈေးနှုန်းလျော့ကျဖို့နဲ့ တင်သွင်းမှုလျှော့ချဖို့ နိုင်ငံတော်အရန်သိုလှောင်မှုထဲက ဆန်နဲ့ပြောင်းများ ထုတ်ရောင်း တော့မယ်လို့သိရပါတယ်။ ယခုထုတ်ရောင်းမယ့်အစီအစဉ်ကြေငြာမှုဟာ ယခင်နှစ်စက်တင်ဘာမှာ ပြောင်းတန်ချိန် ၃ ဒသမ ၇ သန်းရောင်းချမယ်လို့ပြောပြီးနောက်ပိုင်း ပထမအကြိမ်ဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်ကြောင့် လာမယ့်ကာလတိုအတွင်း တရုတ်တင်သွင်းသူများဟာ ၎င်းင်းတို့ရဲ့သင်္ဘောတင် များ ဖျက်သိမ်းဖွယ်ရှိလာပြီး နိုင်ငံတကာပြောင်းဈေးကိုလည်း ကျဆင်းစေဖို့ဖြစ်လာမယ်လို့ဆိုပါတယ်။ ကမ္ဘာမှာသီးနှံ ထိပ်တန်းတင်ပို့တဲ့ အမေရိကားရဲ့သီးနှံအထွက်ခန့်မှန်းချက်ကို လျှော့ချလိုက်တဲ့အတွက် သြဂုတ်လ ၁၀ ရက်နေ့မှာ ပြောင်းဈေးနှုန်း စံချိန်သစ်ရောက်ရှိခဲ့ပါတယ်။ တရုတ်သီးနှံကွပ်ကဲမှုဌာနမှ အစိုးရအရန်သီးနှံထဲမှ ပြောင်းနဲ့ဆန် ထုတ်ရောင်းမယ့် ပမာဏအတိအကျကိုတော့ ပြောကြားခြင်းမရှိသေးပါဘူး။
သီးနှံအရန်ထားရှိရေးကော်ပိုရေးရှင်းမှ သီးနှံရောင်းချဖို့ တာဝန်ယူရမှာဖြစ်ပေမဲ့ ဘယ်အချိန်မှာ ပေးမယ် ဆိုတာကိုလည်း အသေးစိတ်မပြောသေးဘူးလို့သိရပါတယ်။ အချို့ကုန်သည်တွေ ခန့်မှန်းတာတော့ ရောင်းချမှု နည်းတဲ့ ရိတ်သိမ်းချိန် မတိုင်မီကာလမှာ ဈေးနှုန်းတည်ငြိမ်စေဖို့ အစိုးရအနေနဲ့ တန်ချိန် ၂ သန်းဝန်းကျင်ရောင်းချ လိမ့်မယ်လို့ဆိုပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒီနှစ်ကုန်မှာ ၎င်းင်းရဲ့အရန်သိုလှောင်မှုကို ဖြည့်တင်းဖို့လိုအပ်မှာဖြစ်ပြီး ယခုအရန်သိုလောင်မှုရောင်းချခြင်းက ဈေးနှုန်းအပေါ် သက်ရောက်မှုအကန့်အသတ်ရှိမယ်လို့ဆိုပါတယ်။
ယခုလို သီးနှံထုတ်ရောင်းမှုက ဈေးကွက်တည်ငြိမ်မှုအတွက် အတိုင်းအတာတစ်ခုအထိကူညီမှာဖြစ်ပေမဲ့ ထုတ်ရောင်းမယ့်ပမာဏက နိုင်ငံတစ်ဝန်းစားသုံးမှုတန်ချိန် ၁၀ သန်း-၁၅ သန်းနဲ့ယှဉ်ရင်တော့ အလွန်ဘဲနည်းတယ်လို့  Zheshong Future ကုမ္ပဏီမှ လေ့လာဆန်းစစ်သူ Xu Werjie မှပြောကြားပါတယ်။ ဒေလီယံကုန်စည်ဒိုင်မှာ ပြည်တွင်းပြောင်းကြိုပွိုင့်ဈေးက ယခုနှစ်မှာ ၁၂ ရာခိုင်နှုန်းမြင့်တက်ပြီး၊ သြဂုတ်လ ၁၀ ရက်မှာ ယွမ် ၂၄၀၀ (ကန်ဒေါ်လာ ၃၈၀) ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လ ၁၆ ရက်မှာရှိခဲ့တဲ့ ယွမ် ၂၄၂၉ (ကန်ဒေါ်လာ ၃၈၅) ထက်တော့ အနည်းငယ်လျော့ကျခဲ့ပါတယ်။
ယခင်ကပြောင်းဖူလုံတဲ့ တရုတ်နိုင်ငံဟာ တိုးပွားတဲ့လူဦးရေရဲ့ဝင်ငွေမြင့်လာခြင်းနဲ့ အသားပိုမို စားသုံး လာကြတဲ့အတွက် မကြာသေးခင်နှစ်များအတွင်း အဓိကပြောင်းတင်သွင်းသူလည်းဖြစ်လာခဲ့ပါတယ်။ မွေးမြူရေး လုပ်ငန်းတွေ တိုးတက်လာခြင်းက တရုတ်နိုင်ငံကို ကမ္ဘာမှာဒုတိယပြောင်းအများဆုံး သုံးစွဲသူအဖြစ် တွန်းပို့ခဲ့ရာ ဈေးကျနေစဉ်အတွင်း ပြောင်းကိုအလေးထားဝယ်ယူမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့ USDA ရဲ့ အစီရင်ခံချက်အရ ယခုနှစ်တရုတ်နိုင်ငံရဲ့ ပြောင်းထွက်ရှိမှုက တန်ချိန်သန်း ၂၀၀ ကို ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးမြင့်ခန့်မှန်းထားပါတယ်။
ဒါကြောင့် ပြောင်းတင်သွင်းမှုဟာလည်း တန်ချိန် ၃ သန်းမှ ၂ သန်းကို လျှော့ချခန့်မှန်းထားပါတယ်။
ယမင်းခင်    
Source: Reuters

Pages

Subscribe to နောက်ဆုံးရ သတင်း