နောက်ဆုံးရ သတင်း
မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတား ၁၅ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ ၁၅ ရက်မှ ၁၈ ရက်နေ့ထိ ကျင်းပသွားမယ်လို့ သတင်းရရှိပါတယ်။ မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားဟာ ထိုင်း-မြန်မာကုန်သွယ်မှုမှာများစွာ အရေးပါတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ ကုန်သွယ်မှုအတွက်သာမက ခရီးသွားလုပ်ငန်းအတွက်လည်းအကျိုးပြုလျက်ရှိပါတယ်။
ထိုင်းနဲ့မြန်မာနှစ်နိုင်ငံကုန်သွယ်မှုမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုထက် နယ်စပ်ကုန်သွယ်မှုဟာပိုမိုအကျိုးရှိတဲ့အတွက် ထိုင်းနိုင်ငံကအဓိကအားကိုးအားထားပြုနေတာလည်းဖြစ်ပါတယ်။ မြန်မာဘက်မှာလည်း လမ်းဖောက် ပြုပြင်မှုများ လုပ်ဆောင်ပြီဖြစ်လို့ ယခုလိုအတက် (၁) ရက်အဆင်း (၁) ရက်ခွဲသွားရန်မလိုတော့ဘဲ လမ်းပြီးသွားပါက နေ့စဉ်အတက် အဆင်းလုပ်နိုင်မှာဖြစ်ပါတယ်။ ထိုအခါ ယခုလက်ရှိကုန်သွယ်မှုများအဆများစွာ တိုးတက်လာမှာ လည်းဖြစ်ပါတယ်။
မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတား ၁၅ နှစ်ပြည့်ပွဲတော်ကျင်းပရာမှာ နှစ်နိုင်ငံယဉ်ကျေးမှုကပွဲများနဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲများလည်း ထည့်သွင်းသွားမယ်လို့ သတင်းရရှိပါတယ်။
Source: နကသ (မြဝတီ)
ဂန္ဓမာ
Date : 3 August 2012
အမေရိကန်ဗဟိုဘဏ်က စီးပွားရေးလှုံ့ဆော်မှု စီမံကိန်းများ ထပ်မံဆောင်ရွက်မည့် အစီအစဉ်အား ကြေငြာရန် နှောင့်နှေးနေခြင်းနှင့် ဥရောပဗဟိုဘဏ်ဥက္ကဌအနေဖြင့် ဒေသတွင်းကြွေးမြီအကြပ်အတည်းကို ထိန်းချုပ်နိုင်မည့် အရေးပေါ်ကြိုးပမ်းချက်များဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် ကမ္ဘာ့ရွှေဈေးပြန်လည် အားနည်းလာသည်။ ဇူလိုင်လ (၃၁) ရက်နေ့က တစ်အောင်စလျှင် ၁၆၃၁ ဒေါ်လာအထိ ရောက်ရှိမြင့်မားခဲ့ပြီး နောက် ယင်းနေ့ ဈေးကွက်ပိတ်ချိန်တွင် ၁၆၁၄.၂၀ ဒေါ်လာအထိ ကျဆင်းသွားခဲ့သည်ဟု သိရသည်။ ယင်း နောက်ပိုင်း ဆက်လက်အားနည်းလာရာ သြဂုတ်လ (၃) ရက်နေ့ စင်္ကာပူစံတော်ချိန် နံနက် ၁၁း၄၁ နာရီတွင် တစ်အောင်စလျှင် ၁၆၀၀ ဒေါ်လာအောက် ပြန်လည်ရောက်ရှိသွားပြီး ၁၅၉၀.၁၅ ဒေါ်လာဖြင့်သာ အရောင်း အဝယ်ဖြစ်ခဲ့သည်ဟု သိရသည်။
ကမ္ဘာ့ရွှေဈေးနှုန်း အပြောင်းအလဲသည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ၏ စီးပွားရေးအခြေအနေ အပေါ်မူတည်နေသဖြင့် ယင်းနိုင်ငံများ၏ စီးပွားရေးဆိုင်ရာ အချက်အလက်များ အားနည်းနေသမျှ ကာလပတ် လုံးအနေဖြင့် အစိုးရများအနေဖြင့် စီးပွားရေးလှုံ့ဆော်မှု စီမံကိန်းများကို အချိန်မရွေးပြုလုပ်ပေးလာနိုင်သည်ဟု မျှော်လင့်ချက်ရှိနေခြင်းက ရွှေဈေးနှုန်းကို ဆက်လက်အထောက်အပံ့ပေးနေသည်။ လောလောဆယ်တွင်လည်း အမေရိကန်မှ လုပ်ငန်းရှင်များသည် အလုပ်လက်မဲ့နှုန်း လျှော့ချသွားရန်အတွက် အလုပ်သမားများကို လုံလုံ လောက်လောက် ငှားရမ်းထားရမည်ဖြစ်သော်လည်း လုံလောက်စွာငှားရမ်းမထားကြောင်း အစီရင်ခံစာတွင် ဖော်ပြလာမည်ဖြစ်၍ အမေရိကန်အစိုးရအား စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းများ ဆောင်ရွက်သွားရန် တွန်းအား ပေးသလို ဖြစ်စေသည်။
Source : Bloomberg.com
pa pa
သြဂုတ်လ ၁၅ ရက်နေ့မှာ ၁၅ နှစ်သက်တမ်းရှိတော့မဲ့ မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားအထိမ်းအမှတ် အခမ်းအနား ကျင်းပရန် တာ့ခ်ခရိုင်ကုန်သည်အသင်း ဥက္ကဌမှ မြဝတီခရိုင်ဒေသအာဏာပိုင်များနဲ့ ဇူလိုင်လဆန်းပိုင်းမှာ လာရောက်တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ ထိုသို့တွေ့ဆုံရာမှာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့ နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်စေရေး အရှေ့အနောက်စီးပွားရေးစြင်္ကန် (East-West Economic Corridor) မှာ ပါဝင်ကြတဲ့ မြန်မာ-ထိုင်း-လာအို-ဗီယက်နမ်တို့ ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရန်အတွက် နယ်စပ်ဒေသမှာ ကုန်သွယ်မှုမြို့တော်တစ်ခုတည်ထောင်ရန် စီမံကိန်းများချမှတ်ထားတယ်လို့ တာ့ခ်ခရိုင်ကုန်သည်အသင်းဥက္ကဌက ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ်မှာ စတင်ကျင့်သုံးမဲ့ ASEAN Economic Community- AEC မတိုင်မီ နယ်စပ်ဂိတ်များ ပိုမိုတိုးတက်အောင် လုပ်ဆောင် လိုကြောင်း၊ ထိုင်းနဲ့မြန်မာနယ်စပ်ချင်းထိစပ်နေတဲ့ အလွန်ရှည်လျားတဲ့နယ်စပ် တစ်လျှောက်မှာ နယ်စပ်ဂိတ်များ ပိုမိုဖွင့်လှစ်ရန် လိုအပ်တယ်လို့ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး Kiltiratt Na Ramang က ပြောဆိုခဲ့တယ်လို့ ၂၂.၇.၂၀၁၁ နေ့ကတင်တဲ့ MCOT online news မှာ ဖော်ပြထား ပါတယ်။ ထိုင်းနိုင်ငံရဲ့ကုန်သွယ်မှုပမာဏမှာ နယ်စပ် ကုန်သွယ်မှုဟာ ၆၀ ရာခိုင်နှုန်းခန့်ပါရှိတယ်လို့ သိရပါတယ်။
Source: MCOT online news
နကသ (မြဝတီ)
ကမ္ဘာ့ဒုတိယမြောက်ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ၂၀၁၁ ခုနှစ်အတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၇ ဒသမ ၂ သန်းအထိ ရောက်ရှိစံချိန်တင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာလည်း တန်ချိန် ၇ သန်းမှ ၇ ဒသမ ၃ သန်း အကြား တင်ပို့နိုင်ဖွယ်ရှိတယ်လို့ အစိုးရကခန့်မှန်းထားတယ်။ ၂၀၁၅ ခုနှစ်အထိ ကာလအတွင်း တစ်နှစ်ကို အနည်းဆုံးဆန်တန်ချိန် ၆ သန်းမှ ၇ သန်းအထိ တင်ပို့သွားဖို့ရည်မှန်းထားကြောင်း ၊ မဲခေါင်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတစ်စိတ်တစ်ဒေသအဖြစ် ယခုလိုမျိုးဆန်တင်ပို့ဖို့ ရည်မှန်းချက်ကို ချမှတ်လိုက်ခြင်းဖြစ် ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Tan Dung က ဇူလိုင်လ ၁၉ ရက်နေ့မှာ လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ညွှန်ကြား ချက်တစ်စောင်မှာ ဖော်ပြပါရှိလာတယ်လို့ သိရတယ်။
၎င်းညွှန်ကြားချက်က မဲခေါင်မြစ်ဝှမ်းဒေသတစ်ခုတည်းအတွက်သာ ရည်ရွယ်ပြီး တစ်နိုင်ငံလုံးအတွက်တော့ မရည်ရွယ်ကြောင်း သိရတယ်။ ဗီယက်နမ်မဲခေါင်မြစ်ဝှမ်းဒေသက နိုင်ငံစုစုပေါင်း ဆန်တင်ပို့မှုရဲ့ ၉၀ ရာခိုင်နှုန်း ကို ထုတ်လုပ်ပေးနိုင်ကြောင်း ၊ စပါးစိုက်ပျိုးဖို့ ၂၀၂၀ ခုနှစ်အထိ ကာလအတွင်း ဟက်တာပေါင်း ၁ ဒသမ ၈ သန်း ~ ၁ ဒသမ ၈၅ သန်း ဝန်းကျင် (ဧကပေါင်း ၄ ဒသမ ၄၅ သန်း ~ ၄ ဒသမ ၅၇ သန်း) ထားရှိရမယ်လို့ သတ် မှတ်ထားကြောင်း ၊ ၎င်းဒေသမှာ မြို့ပြတည်ဆောက်မှုချဲ့ထွင်ခြင်းတွေ အရှိန်အဟုန်မြင့်လာပေမဲ့လည်း စပါး စိုက်ပျိုး မြေများစွာ ချန်လှပ်ထားခြင်းမှာ မဲခေါင်မြစ်ဝှမ်းဒေသမှ ဆန်တင်ပို့မှုတိုးတက်ရေးနဲ့ ဒေသဖွံ့ဖြိုး တိုး တက်ရေးအတွက် ရည်ရွယ်ကြောင်း သိရတယ်။
Source :Brecorder.com
ပပ
ထိုင်းနိုင်ငံမှကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းရှင်များပူးပေါင်း၍ စက်တင်ဘာလ ၁၉ ရက်မှ ၂၂ ရက်ထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ BITEC ခန်းမ ၁၀၁-၁၀၂ မှာ '' ၂ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ ကုန်စည်ဝန်ဆောင်မှုပွဲ ၂၀၁၂ '' (The 9 th Thailand International Logistics Fair 2012) ကို ၄ ရက်ကြာကျင်းပသွားမယ်လို့ ကုန်စည်ဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုဌာနမှ ညွှန်ကြားရေးမှူး နန်းနန်ထံဝပ်စကွန်းတနတ်ကပြောကြားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာကျင့်သုံးမဲ့ အာဆီယံစီးပွားရေးအသိုက်အဝန်းမှာ အာဆီယံနိုင်ငံများထဲမှ ထိုင်းနိုင်ငံဟာ ကုန်စည်ဝန်ဆောင်မှုနဲ့ ကူးသန်းရောင်းဝယ်မှုအတွက် အဆင့်သင့်ဖြစ်နေမှု၊ စွမ်းဆောင်နိုင်မှုတို့ကိုပြသရန် ရည်ရွယ် ကျင်းပတယ်လို့သိရပါတယ်။
ဒီပွဲကိုကျင်းပခြင်းအားဖြင့် ထုတ်လုပ်မှုစရိတ်များလျော့ချပြီး စီးပွားရေးအမြတ်အစွန်းများပိုမိုရရှိလာနိုင်ခြင်း၊ အရင်းအမြစ်များကိုထိရောက်မှုအမြင့်ဆုံးအသုံးပြုနိုင်ခြင်း၊ လျင်မြန်စွာနဲ့ မိမိဖောက်သည်များမျှော်မှန်းထားတဲ့ အချိန်အတွင်းလျင်မြန်စွာကုန်စည်ဖြန့်ဖြူးပေးနိုင်ခြင်း၊ နေရာမရွေး အချိန်မရွေးမည်သည့်လမ်းကြောင်းမှမဆို ထုတ်ကုန် များသယ်ယူပို့ဆောင်နိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများရရှိနိုင်စေမယ်လို့ဆိုပါတယ်။ နိုင်ငံတကာမှကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍများမှ တာဝန်ရှိသူများထံမှ အဆင့်မြင့်နည်းပညာများနဲ့ နောက်ဆုံးပေါ်မွမ်းမံပြင်ဆင်မှုများကို သိရှိခွင့်ရရှိနိုင်မှာဖြစ်ပြီး ပြပွဲသို့လူသောင်းနဲ့ချီလာရောက်လေ့လာနိုင်ဖွယ်ရှိတယ်လို့ မတ်တိချွန်းသတင်းစာမှာ ဖော်ပြ ထားပါတယ်။
(မြင့်ဦး၊ တာချီလိတ်)