ထိုင်းနိုင်ငံမှကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းရှင်များပူးပေါင်း၍ စက်တင်ဘာလ ၁၉ ရက်မှ ၂၂ ရက်ထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ BITEC ခန်းမ ၁၀၁-၁၀၂ မှာ '' ၂ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ ကုန်စည်ဝန်ဆောင်မှုပွဲ ၂၀၁၂ '' (The 9 th Thailand International Logistics Fair 2012) ကို ၄ ရက်ကြာကျင်းပသွားမယ်လို့ ကုန်စည်ဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုဌာနမှ ညွှန်ကြားရေးမှူး နန်းနန်ထံဝပ်စကွန်းတနတ်ကပြောကြားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာကျင့်သုံးမဲ့ အာဆီယံစီးပွားရေးအသိုက်အဝန်းမှာ အာဆီယံနိုင်ငံများထဲမှ ထိုင်းနိုင်ငံဟာ ကုန်စည်ဝန်ဆောင်မှုနဲ့ ကူးသန်းရောင်းဝယ်မှုအတွက် အဆင့်သင့်ဖြစ်နေမှု၊ စွမ်းဆောင်နိုင်မှုတို့ကိုပြသရန် ရည်ရွယ် ကျင်းပတယ်လို့သိရပါတယ်။
ဒီပွဲကိုကျင်းပခြင်းအားဖြင့် ထုတ်လုပ်မှုစရိတ်များလျော့ချပြီး စီးပွားရေးအမြတ်အစွန်းများပိုမိုရရှိလာနိုင်ခြင်း၊ အရင်းအမြစ်များကိုထိရောက်မှုအမြင့်ဆုံးအသုံးပြုနိုင်ခြင်း၊ လျင်မြန်စွာနဲ့ မိမိဖောက်သည်များမျှော်မှန်းထားတဲ့ အချိန်အတွင်းလျင်မြန်စွာကုန်စည်ဖြန့်ဖြူးပေးနိုင်ခြင်း၊ နေရာမရွေး အချိန်မရွေးမည်သည့်လမ်းကြောင်းမှမဆို ထုတ်ကုန် များသယ်ယူပို့ဆောင်နိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများရရှိနိုင်စေမယ်လို့ဆိုပါတယ်။ နိုင်ငံတကာမှကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍများမှ တာဝန်ရှိသူများထံမှ အဆင့်မြင့်နည်းပညာများနဲ့ နောက်ဆုံးပေါ်မွမ်းမံပြင်ဆင်မှုများကို သိရှိခွင့်ရရှိနိုင်မှာဖြစ်ပြီး ပြပွဲသို့လူသောင်းနဲ့ချီလာရောက်လေ့လာနိုင်ဖွယ်ရှိတယ်လို့ မတ်တိချွန်းသတင်းစာမှာ ဖော်ပြ ထားပါတယ်။
(မြင့်ဦး၊ တာချီလိတ်)