Department of Trade

လားရှိုး- မန္တလေး လမ်းကြောင်းပေါ်တွင် တရားမဝင် ကုန်သွယ် သွားလာမှုများအား ဖော်ထုတ်တွေ့ရှိ

Tue, 05/14/2013 - 03:48 -- admin
Undefined

အင်္ဂါနေ့ ၂၉ ဇန်နဝါရီလ ၂၀၁၃ 11:42 AM

စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ကျဆင်းစေရေး အတွက် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့များ ဖွဲ့စည်းပြီး မူဆယ်- မန္တလေး လမ်ကြောင်းပေါ်မှာ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့ (၁)အား လည်းကောင်း၊ မြဝတီ- ရန်ကုန် လမ်းကြောင်းပေါ်မှာ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့ (၂)အား လည်းကောင်း ထားရှိကာ တရားမဝင် ကုန်သွယ်မှုများအား စစ်ဆေး ဆောင်ရွက်လျက် ရှိတယ်လို့သိရပါတယ်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မူဆယ်- မန္တလေး လမ်းကြောင်း ပေါ်ရှိ အဖွဲ့(၁) တွေ့ရှိ သိမ်းဆည်း ရမိတဲ့ တရားမဝင် ပစ္စည်းများ အတွက် အရေးယူ ဆောင်ရွက်မည့် ပညာပေး ကာလအား ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် မှ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ သတ်မှတ် ထားပြီးအဖွဲ့ (၂)ရဲ့ ပညာပေး ကာလအဖြစ် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့ထိ သတ်မှတ် ထားရှိခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ ကာလများ အတွင်း ဖမ်းဆီး ရပါက ခွင့်ပြုကုန်ဖြစ်လျှင် လိုင်စင် ပြန်လည် လုပ်ပေးခြင်း၊ အခွန် ဆောင်စေခြင်း တို့ကို ပြုလုပ်ပေးပြီး ကန့်သတ် ကုန်ဖြစ်ပါက ဖျက်ဆီး/ သိမ်းဆည်းခြင်း တို့ကို ပြုလုပ်ကြောင်း သိရပါတယ်။

ယခုအခါ ပညာပေး ကာလ ကျော်လွန်သွားပြီ ဖြစ်တဲ့ အတွက် ထိုလမ်းကြောင်းများ ပေါ်တွင် ဖမ်းဆီးရမိတဲ့ တရားမဝင် လိုင်စင်မဲ့/ ကန့်သတ်ကုန်များအား ဥပဒေအရ ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့ (၁)ရဲ့ ရှာဖွေ စစ်ဆေးမှုများ အရ ၂၄-၁-၂ဝ၁၃ ရက်နေ့ ဝ၃းဝဝ ချိန်တွင် လားရှိုး- မန္တလေးသို့ မောင်းနှင်လာသော ယာဉ်မောင်း xxxx မောင်းနှင်တဲ့ ကင်တာ ယာဉ်အမှတ် (၈ဆ/ထထထထ ) ပေါ်မှာ လိုင်စင်မဲ့ သယ်ဆောင်လာသော စားသောက် ကုန်ကြမ်း၊ မုန့်လုပ် ကုန်ကြမ်း၊ နို့မှုန့်၊ ဆီအနံ့ဗူး၊ မူလီချောင်း၊ အုန်းသီးမှုန့်၊ စားသောက်ကုန် အနံ့တို့အား လည်းကောင်း၊ အဆိုပါနေ့ ဝ၅း၁ဝ ချိန်တွင် ယာဉ်မောင်း xxxxx မောင်းနှင်သည့် ဟိုင်းလတ်ယာဉ် အမှတ် (ပ/xxxxx) ပေါ်မှာ ဘီယာများအား လည်းကောင်း သိမ်းဆည်း ရမိခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့၏ လုပ်ငန်းစဉ်များအား အချိန်နဲ့ တပြေးညီ သတင်း ထုတ်ပြန်လျက်ရှိတဲ့ Mobile Team Facebook စာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

ဒါ့အပြင် အဆိုပါနေ့ ဝ၆း၃ဝ ချိန်တွင် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးအဖွဲ့ (၁) ဟာ နောင်ခိုျနဲ့ ဂုတ်တွင်း အကြား လှည့်လည် စစ်ဆေးစဉ် မန္တလေး- လားရှိုး လမ်းကြောင်းပေါ် ဂုတ်တွင်း အတက် လမ်းဆုံတွင် ယာဉ်မောင်း (....) မောင်းနှင်လာတဲ့ ဟိုင်းလတ် ယာဉ်အမှတ် (၃က/...) ပေါ်မှာ ခေါက်ဆွဲခြောက် အိတ်များ၊ ဆော့ အချဉ်ဖာများ၊ အထည်ထုပ်များ၊ မှိုခြောက်ဖာများ၊ အသင့်စား အကြော်အိတ်များ၊ ပဲဂေါသီး အိတ်များ၊ ဂေါက်အိတ် အလွတ်များ၊ DVR ခွေကူးစက်များ၊ အေးခဲ ကြက်သား အိတ်များအား တရားမဝင် သယ်ဆောင်လာတာကို လည်းကောင်း၊ ယာဉ်မောင်း (.....) မောင်းနှင်လာတဲ့ ဟိုင်းလတ် ယာဉ် (န/....) ပေါ်မှာ မှိုခြောက် အိတ်များ၊ အသင့်စား အကြော်ထုပ်များ၊ ခေါက်ဆွဲ ခြောက်များ၊ အေးခဲကြက်သားများ၊ အေးခဲ ဝက်အူချောင်းများ၊ ကားဘော်ဒီချွတ် ပစ္စည်းအိတ်များ၊ အထည် အိတ်များ၊ ပဲဂေါသီး အိတ်များ၊ မြက်ခင်းတု အလိပ်များ၊ DVR ခွေကူးစက်များ စစ်ဆေး တွေ့ရှိခဲ့သဖြင့် တားဆီးခဲ့ ရကြောင်း ကိုလည်း Facebook စာမျက်နှာတွင်ဖော်ပြထားပါတယ်။

သိမ်းဆည်း ရမိသော ပစ္စည်းများ အနက် အေးခဲ ကြက်သားများနဲ့ ဝက်အူချောင်းများဟာ ပုတ်သိုးလွယ် ပစ္စည်းများ ဖြစ်ပြီး မွေးမြူရေးနှင့် ဆေးကုသရေး ဦးစီးဌာနမှ တင်သွင်းခွင့် ထောက်ခံချက် မပေးတဲ့ ပစ္စည်းများဖြစ်တဲ့ အတွက် မီးရှို့ ဖျက်ဆီးခဲ့ပြီး ကျန်တရားမဝင် သယ်ဆောင်လာတဲ့ ပစ္စည်းများကို မန္တလေးမြို့ရှိ အကောက်ခွန် ဦးစီးဌာန (ရုံးခွဲ)သို့ လုပ်ထုံး လုပ်နည်းများနှင့် အညီ စနစ်တကျ လွဲှပြောင်း အပ်နံှခဲ့ကြောင်း သိရှိရပါတယ်။

နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်း အများစုမှာ စားသုံးသူ ပြည်သူများ အတွက် အန္တရာယ်ဖြစ်စေမဲ့ အစားအစာနှင့် ဆေးဝါး ထောက်ခံချက် မပါဝင်တဲ့ စားသောက်ကုန်များ ဖြစ်တာကို တွေ့ရှိရပြီး နိုင်ငံသူ နိုင်ငံသားများ ကျန်းမာသက်ရှည် နေထိုင်ရေးအား များစွာ ထိပါးစိန်ခေါ်လျက် ရှိပါတယ်။

ထို့အတွက် တရားမဝင် ကုန်သွယ်မှုများအား ထိရောက်စွာ ဟန့်တားနိုင်ရေး အတွက် အစိုးရဌာန ဆိုင်ရာများနှင့် ကုန်သည် လုပ်ငန်းရှင်များ သာမက မီဒီယာများ၊ ပြည်သူများမှလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက် ပါတယ်။

မေ (ကမရ)

Mobile Team အဖွဲ့ရဲ့ ပညာပေး ကာလအပြီး စတင်ဆောင်ရွက်မှု

Tue, 05/14/2013 - 03:45 -- admin
Undefined

အင်္ဂါနေ့ ၂၉ ဇန်နဝါရီလ ၂၀၁၃   11:41 AM

စားသုံးသူ အကာ အကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု လျော့နည်း ကျဆင်းရေး အတွက် Mobile Team အဖွဲ့မှ တားဆီး ထိန်းချုပ်မှု များကို မူဆယ်- မန္တလေး လမ်းကြောင်း အတွက် အဖွဲ့ (၁)နဲ့ မြဝတီ- ရန်ကုန် လမ်းကြောင်း အတွက် အဖွဲ့ (၂)တို့ ဖွဲ့စည်းကာ ဆောင်ရွက် လျက်ရှိရာ ပညာပေး ကာလ နှစ်လကျော် လာပြီဖြစ် ပါတယ်။ ယခုအခါ ပညာပေး ကာလ ကျော်လွန် လာပြီဖြစ် သဖြင့် အကောက်ခွန်မဲ့ ပစ္စည်းများကို အမှုတွဲ ဖွင့်လှစ် သိမ်းဆည်း ဆောင်ရွက်မှု စတင် နေပြီဖြစ်လို့ ဇန်နဝါရီလ ၂၄ ရက်နေ့ ဝ၂း၃ဝ ချိန်မှာ မြဝတီမှ ရန်ကုန်သို့ ထွက်ခွာလာတဲ့ ယာဉ် အမှတ် (၁င/....) ၆ ဘီးယာဉ်ကို ညောင်ခါးရှည်နဲ့ အဗျားရွာကြား ကြားလမ်းဆုံမှာ ရပ်တန့် စစ်ဆေးခဲ့ရာ ကုန်ကြေငြာ လွှာတွင် ဖော်ပြထားတဲ့ ပစ္စည်းနဲ့ ယာဉ်ပေါ်ပါ ပစ္စည်း အားလုံး စစ်ဆေးရာ တရားမဝင် သယ်ဆောင် လာတဲ့ ခန့်မှန်း တန်ဖိုး ကျပ် ၁ဝ သိန်းဖိုးရှိ Polyester Fabric ကီလို ၅ဝဝ ကို ရှာဖွေ တွေ့ရှိခဲ့ သဖြင့် အကောက်ခွန် အမှုတွဲ ဖွင့်လှစ် သိမ်းဆည်း ခဲ့တယ်လို့ သတင်း ရရှိပါတယ်။ အလားတူ ဇန်နဝါရီလ ၂၄ ရက် ဝ၉းဝဝ ချိန်မှာ ဝေါမြို့နယ် ဆက်သွားကုန်း ဘူတာ အနီး ပဲခူးသို့ သွားမဲ့ ရထားသို့       တင်ဆောင်ရန် စုပုံထားတဲ့ ကျပ် ၈ သိန်း နီးပါး တန်ဖိုးရှိ Beer Chan ၇၄ ကတ်ကို တွေ့ရှိခဲ့ သဖြင့် အကောက်ခွန် အမှုတွဲ ဖွင့်လှစ် သိမ်းဆည်း ဆောင်ရွက် ခဲ့ကြောင်း သိရှိ ရပါတယ်။ Mobile Team အဖွဲ့-၂ မှ ပညာပေး ကာလ ပြီးဆုံးချိန် ဇန်နဝါရီလ ၂ဝ ရက်မှ ၂၅ ရက်နေ့ထိ တရားမဝင် ကုန်ပစ္စည်းများ သိမ်းဆည်း ရရှိမှု တန်ဖိုးမှာ ကျပ် ၅၅ သိန်း ကျော် ရှိပြီဖြစ်ကြောင်း သတင်း ရရှိပါတယ်။

Source: လရ-၂ >>> MTN

အမေရိကန် ကူးသန်း ရောင်းဝယ်ရေးဌာနက ပြည်ပနိုင်ငံ ၆ ခုမှ ပုစွန် လုပ်ငန်းရှင်များ အစိုးရထံမှ အထောက်အပံ့ ရရှိထားခြင်း ရှိ/ မရှိ စစ်ဆေးလျက်ရှိ

Tue, 05/14/2013 - 03:44 -- admin
Undefined

အင်္ဂါနေ့ ၂၉ ဇန်နဝါရီလ ၂၀၁၃ 10:09 AM

အမေရိကန် နိုင်ငံက ဗီယက်နမ် နိုင်ငံမှ တင်ပို့သော အေးခဲရေချို ပုစွန်များဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ ထောက်ပံ့မှု ငွေကြေး တစ်စုံ တစ်ရာ ရယူပြီး ထုတ်လုပ် ခဲ့ခြင်း ဖြစ်တဲ့ အတွက် တရား ဥပဒေအရ အရေး ယူမယ်လို့ စွပ်စွဲ ပြောကြားခဲ့တဲ့ အတွက် ထိုစွပ်စွဲချက်ကို ဗီယက်နမ်နဲ့ အတူ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ အခြား ၆ နိုင်ငံတို့မှ အေးခဲ ရေချို ပုစွန် တင်သွင်းမှုနဲ့ စပ်လျဉ်းပြီး အယူခံစာများကို အမေရိကန် ကူးသန်း ရောင်းဝယ်ရေး ဌာနက လက်ခံ ရရှိခဲ့ ပါတယ်။ နိုင်ငံ (၇) နိုင်ငံမှ ပို့ကုန် ဆောင်ရွက် သူများရဲ့ ကိုယ်စားလှယ်များက အစိုးရထံမှ ၎င်းတို့ လုပ်ငန်းရှင်များ အနေနဲ့ အထောက် အပံ့ရရှိခြင်းနဲ့ ပတ်သက်ပြီး လုံလောက်သော အထောက် အထားများ ပြသရန် မရှိကြောင်း ပြောကြား ခဲ့ပါတယ်။ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ အီကွေဒေါ နိုင်ငံများမှ ကိုယ်စားလှယ်များရဲ့ ပြောကြားချက် အရ ၎င်းတို့ ပုစွန် လုပ်ငန်းရှင်များ အနေနဲ့ စံပြ မွေးမြူရေး စနစ်နဲ့ ထုတ်လုပ်မှု အဆင့်များ၊ လုပ်သားခ သက်သာခြင်းစတဲ့ သဘာဝမှ ဖန်တီး ပေးထားချက်များနဲ့ ကျေနပ် နှစ်သိမ့်မှု ရနေကြတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့မှာ အမေရိကန် နိုင်ငံ ဝါရှင်တန်ရှိ ဗီယက်နမ် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးမှ အရာရှိဖြစ် သူဟာ ဗီယက်နမ် နိုင်ငံရဲ့ အေးခဲ ရေချို ပုစွန်များ အမေရိကန်သို့ တင်ပို့မှုနဲ့ စပ်လျဉ်းပြီး အစိုးရထံမှ အထောက်အပံ့ ရရှိနေသည် ဆိုတဲ့ စွပ်စွဲချက်နဲ့ စပ်လျဉ်းပြီး ထုချေရန် ကူးသန်း ရောင်းဝယ်ရေး ဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးကို တက်ရောက် ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံမှ Carson & Co, Tide Lands Seafood Co နဲ့ Fish Inc: တို့ ပါဝင်တဲ့ စီးပွားရေး လုပ်ငန်းရှင်များက ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ အီကွေဒေါ နိုင်ငံများ အနေနဲ့ သက်ဆိုင်ရာ အေးခဲ ရေချို ပုစွန် တင်ပို့မှု အတွက် အစိုးရများထံမှ အထောက်အပံ့များ ရရှိ နေကြတယ်လို့ စွပ်စွဲထား တာဖြစ်ပါတယ်။ စွပ်စွဲချက်မှာ ဖော်ပြပါ နိုင်ငံ (၇) နိုင်ငံဟာ ၂ဝ၁၁ ခုနှစ်မှ ကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံကို သက်ဆိုင်ရာ အစိုးရများ ထံက ထောက်ပံ့ငွေများ ရရှိနေတယ်လို့ စွပ်စွဲထားခြင်း ဖြစ်ပါတယ်။ ဗီယက်နမ် နိုင်ငံအနေနဲ့ ကန်ဒေါ်လာ ၄၉၃ သန်း အထောက်အပံ့ လက်ခံ ရရှိ ထားကြောင်း ပြောကြားခဲ့ပြီး ဗီယက်နမ် ကူးသန်း ရောင်းဝယ်ရေး ဌာန အနေနဲ့ စုံစမ်း စစ်ဆေးမှု ပြီးဆုံးပြီး အပြီးသတ် ဆွေးနွေး ဆုံးဖြတ်ချက်ကို ဇူလိုင်လခန့်မှ ချနိုင်လိမ့် မယ်လို့ DOC ကထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။

Source:VOV >>> CMK

ရွှေသတ္ထုရိုင်း တင်သွင်းခွန်အား အိန္ဒိယ အစိုးရမှ မြှင့်တင်

Tue, 05/14/2013 - 03:39 -- admin
Undefined

အင်္ဂါနေ့ ၂၉ ဇန်နဝါရီလ ၂၀၁၃  10:08 AM

အိန္ဒိယ အစိုးရဟာ ဇန်နဝါရီလ ၂၂ ရက်နေ့က စပြီး ရွှေသတ္ထု တင်သွင်းခြင်း အပေါ် သွင်းကုန်ခွန်အား နှစ်ဆ ကျော် မြှင့်တင် လိုက်တယ်လို့ သိရပါတယ်။ အိန္ဒိယ နိုင်ငံဟာ နှစ်စဉ် ရွှေတန်ချိန် ၈ဝဝ ခန့် တင်သွင်း ရလျက်ရှိပါတယ်။ ရွှေ၊ သတ္ထုနဲ့ ရွှေချောင်းများ တင်သွင်းမှု အပေါ် သွင်းကုန်ခွန်ကို ယခင်က ၂ ရာခိုင်နှုန်း သတ်မှတ် ထားရာမှ ယခုအခါ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့် သတ်မှတ် လိုက်ခြင်း ဖြစ်ပါတယ်။ ယမန်နှစ်က သတ်မှတ်ထားတဲ့ သန့်စင်ပြီး ရွှေတင်သွင်းခွန် ၄ ရာခိုင်နှုန်းကို အစိုးရမှ ၆ ရာခိုင်နှုန်းသို့ တိုးမြှင့် သတ်မှတ်ပြီး နောက်တစ်နေ့မှာ ရွှေသတ္ထု တင်သွင်းခွန်ကိုလည်း တိုးမြှင့် လိုက်တာလို့ သိရပါတယ်။ ပြည်ပမှ ရွှေတုံး ရွှေခဲများစွာ တင်သွင်း နေခြင်းကို တားဆီး နိုင်ရန် ရည်ရွယ်ပြီး ထိုသို့ သွင်းကုန်ခွန်ကို မြှင့်လိုက်တာလို့ သိရပါတယ်။ ရွှေစစ်စစ် ထုတ်ယူရာမှာ အသုံးပြုတဲ့ ရွှေနဲ့ငွေ အရော (alloy) ကိုလည်း နှစ်စဉ် တန် ၁ဝဝ ဝန်းကျင် တင်သွင်း နေရတာ ဖြစ်ပါတယ်။

Kotak Mahindna ဘဏ်တိုက်မှ ဒုတိယ ဥက္ကဌ ဖြစ်သူ Shekgar Bhandari က ဒီလို သွင်းကုန်ခွန် တိုးမြှင့် လိုက်ခြင်းဟာ တနည်း အားဖြင့် ပြည်ပမှ ရွှေတင်သွင်းမှုကို တားမြစ် လိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ရွှေတွင်းများဟာ ၎င်းတို့ တူးဖော်ရရှိတဲ့ ရွှေသတ္ထု အတုံးများကို ရွှေသန့်စင် စက်ရုံများသို့ ပို့ပြီး အရောင်း အဝယ်ပြု နိုင်တဲ့ ၉၉ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အထက် သန့်စင်ပြီး ရွှေများ အဖြစ်ပြုလုပ် စေလျက်ရှိတယ်လို့ သိရပါတယ်။

Source:Indiaexpress.com >>> CMK

၂ဝ၁၃ ခုနှစ်အား ဆန်တင်ပို့ရန် ခက်ခဲမှု ရှိနိုင်တဲ့ နှစ်အဖြစ် ဗီယက်နမ် သုံးသပ်

Tue, 05/14/2013 - 03:37 -- admin
Undefined

အင်္ဂါနေ့ ၂၉ ဇန်နဝါရီလ ၂၀၁၃ 10 :07 AM

ဗီယက်နမ် နိုင်ငံ အတွက် ၂ဝ၁၃ ခုနှစ်ဟာ ဆန် တင်ပို့ရန် အခက်အခဲ ရှိတဲ့နှစ် အဖြစ် သုံးသပ် လျက်ရှိပါတယ်။ အကြောင်းကတော့ ကမ္ဘာ့ဆန် ထုတ်လုပ် တင်ပို့တဲ့ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတို့မှ ဆန် တင်ပို့မှု အရှိန် အားကောင်းနေတဲ့ အတွက် ဖြစ်ပါတယ်။

ဗီယက်နမ် စားသောက်ကုန် အသင်း VFA ရဲ့ အစီရင်ခံ စာမှာတော့ ကမ္ဘာ့ ဆန်ဈေးကွက်မှာ ဆန် အမြောက် အများ ရှိနေခြင်းဟာ ပြည်တွင်း ဆန်လုပ်ငန်း ရှင်များ အပေါ် ဖိအားပေးရာ ရောက်လျက် ရှိနေတယ်လို့ ထည့်သွင်း ဖော်ပြထား ပါတယ်။ VFA အသင်းဥက္ကဌ Truong Thanh Phong က ၂ဝ၁၂ ခုနှစ် အတွင်းက ဆန်တန်ချိန် ၇၈ဝဝဝဝ ကို စာချုပ် ချုပ်ဆိုနိုင် ခဲ့ကြောင်းနဲ့ စာချုပ် ချုပ်ဆိုခဲ့တဲ့ ဆန်တန်ချိန်ရဲ့ ၄ဝ ရာခိုင်နှုန်းဟာ တင်ပို့ရန် ဆိုင်းနေတယ်လို့ ပြောကြားခဲ့ ပါတယ်။ အခြား နိုင်ငံများ ကလည်း ဗီယက်နမ် နိုင်ငံရဲ့ ဆန်ဈေးကို တစေ့တစောင်း လေ့လာမှုတွေ ရှိနေတဲ့ အတွက် မိမိတို့ အနေနဲ့ ဆန်တင်ပို့ ရောင်းချမှု စီမံခန့်ခွဲရာမှာ လိမ္မာ ပါးနပ်စွာ ညှိနှိုင်း ရောင်းချသွားရ မယ်လို့ ပြောကြားပါတယ်။ ဗီယက်နမ် နိုင်ငံအနေနဲ့ ၂ဝ၁၃ ပထမ လေးလပတ်မှာ ဆန်တန် ၁ ဒသမ ၄ သန်း တင်ပို့ရန် လျာထား ထားတာဖြစ် ပါတယ်။ သိုလှောင်ထားသော ဆန်တန်ချိန် ၈ သိန်းရှိပြီး ဆောင်းသီနံှ ရိတ်သိမ်းလျှင် ဆန် တန်ချိန် ၃ ဒသမ ၈ သန်း ရရှိမယ်လို့ ခန့်မှန်းထား ပါတယ်။

အသင်း အနေနဲ့ ၂ဝ၁၃ ခုနှစ်မှာ ဆန် တန်ချိန် ၇ ဒသမ ၅ သန်း တင်ပို့ရန် ရည်ရွယ်ထားပြီး ၂ဝ၁၂ ခုနှစ် တင်ပို့ မှုထက် အနည်းငယ်သာ လျော့နည်း ခဲ့တဲ့ ပမာဏ ဖြစ်ပါတယ်။ ယမန်နှစ်က ဆန်တင်ပို့မှုဟာ တန်ချိန် ၇ ဒသမ ၇၂ သန်းထိ စံချိန်တင် ခဲ့ပြီး တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံ ရရှိခဲ့ပါတယ်။ ၎င်းတို့ဟာ FOB စနစ်နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ တန်ချိန် အားဖြင့် ၂ဝ၁၁ ခုနှစ်ထက် ၈ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုခဲ့သော်လည်း တန်ဖိုး အားဖြင့် ၂ ရာခိုင်နှုန်းခန့် လျော့နည်း ရရှိခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ်ရဲ့ ပျမ်းမျှ ဆန်တစ်တန် FOB ဈေးနှုန်းဟာ ကန်ဒေါ်လာ ၄၄၆ ဒသမ ၈၆ ဖြစ်ပြီး ၂ဝ၁၁ ခုနှစ် ဈေးထက် ၄၆ ဒသမ ၈၅ ဒေါ်လာ လျော့နည်း ရရှိခဲ့ပါတယ်။

ဗီယက်နမ် နိုင်ငံအနေနဲ့ ၂ဝ၁၂ ခုနှစ် ကလည်း ဆန်တင်ပို့မှုမှာ အခက်အခဲနဲ့ ကြုံတွေ့ ခဲ့ရကြောင်း၊ အကြောင်းမှာ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြန်မာ စတဲ့ နိုင်ငံများနဲ့ ဈေးကွက်ကို ယှဉ်ပြိုင်ခဲ့ ရတဲ့ အတွက် ဖြစ်ပါတယ်။ သို့သော်လည်း ဗီယက်နမ် နိုင်ငံဟာ နှစ်ကုန်တဲ့ အချိန်မှာတော့ ပမာဏ များစွာ တင်ပို့ နိုင်ခဲ့တဲ့ အပြင် ပြည်တွင်း ဈေးကွက် တည်ငြိမ်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနဲ့ တောင်သူများအား အထောက်အပံ့ ပေးရန် အတွက်လည်း ဆောင်ရွက်နိုင်ခဲ့ ပါတယ်။

မှန်ကန်သော သုံးသပ်ချက်နဲ့ ဝန်ကြီး ဌာနနဲ့ အေဂျင်စီများ အကြား အနီးကပ် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အတွက် တောင်သူ လယ်သမားများ အတွက် အရန်ဆန် အဖြစ် သိုလှောင် ထားရမဲ့ ပမာဏကို ဆုံးဖြတ် ပေးနိုင်ခြင်းကြောင့် ပြည်တွင်းဆန် ဈေးကို ဆိုးဆိုး ရွားရွား ကျဆင်းခြင်းမှ ကာကွယ် ပေးနိုင်ခဲ့ပြီး ပြည်ပဆန် ကုန်သည်များ နဲ့လည်း အရောင်း အဝယ် စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ တယ်လို့ သတင်းမှာ ဖော်ပြထား ပါတယ်။

စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီး ဌာန အနေနဲ့ ဟိုချီမင်း မြို့တော်မှာ ကျင်းပခဲ့တဲ့ ညီလာခံမှာ ယခုနှစ်ဆန် ပြည်ပ တင်ပို့ရာမှာ ကြုံတွေ့ ရနိုင်တဲ့ အခက်အခဲများ သက်သာ စေရန် အတွက် မူဝါဒ အသစ်များကို မကြာမီ ထုတ်ပြန် ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ တယ်လို့ သိရပါတယ်။

Source:VOV >>> CMK

တရားမဝင် စားသောက်ကုန်များ သယ်ယူမှုများနေဆဲ

Tue, 05/14/2013 - 03:35 -- admin
Undefined

တနင်္လာနေ့ ၂၈ ဇန်နဝါရီလ ၂၀၁၃ 14 :37 PM

စားသုံးသူ အကာ အကွယ်ပေးရေးနဲ့ တရားမဝင် ကုန်စည် စီးဆင်းမှု တားဆီးနိုင်ရန် လှုပ်ရှား အဖွဲ့ Mobile Team များနဲ့ စစ်ဆေး ပညာပေး ကာလကို နိုဝင်ဘာလမှ စတင် ဆောင်ရွက်ခဲ့ပြီး ပညာပေး ကာလ နှစ်လ ပြည့်ပြီး နောက်ပိုင်း မှာတော့ အရေးယူမှုကို ဆက်လက် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းပေါ်ရှိ Mobile Team အဖွဲ့ဟာ ပဲခူး တိုင်းဒေသကြီး ညောင်ခါးရှည် နဲ့ အဗျား ကျေးရွာ အကြား ကားလမ်းဆုံမှာ ရပ်တန့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှာ ကုန်ကြေငြာလွှာမှာ ဖော်ပြ ထားတဲ့ ပစ္စည်း ပမာဏနဲ့ ယာဉ်ပေါ်မှာ ပါတဲ့ ကုန်ပစ္စည်း ပမာဏ အရ သင့်လျော်မှု မရှိဟု သံသယရှိတဲ့ အတွက် ပစ္စည်းများ အားလုံးကို အသေးစိတ် စစ်ဆေးမှု ပြုလုပ်ရာ မှန်လုံယာဉ် နှစ်စီးပေါ်မှ တရားမဝင် သယ်ဆောင်လာတဲ့ စားသောက် ကုန်ပစ္စည်း ကျပ် ၃ ဒသမ ၇ သန်း ကျော်ဖိုးအား ရှာဖွေ တွေ့ရှိသဖြင့် အကောက်ခွန် အမှုတွဲများဖွင့်လှစ် ထိန်းသိမ်း ထားတယ်လို့ သတင်း ရရှိပါတယ်။

မှန်လုံယာဉ် တစ်စီးပေါ်မှ ကျပ် ၂ ဒသမ ၄၆၂ သန်း တန်ဖိုးရှိ ကော်ဖီ၊ မိုင်လို၊ ဘီစကစ် ကရင်မ်ညှပ်၊ ပီကေ စတဲ့ စားသောက်ကုန် ၉ မျိုးနဲ့ အခြားမှန်လုံယာဉ် တစ်စီးပေါ်မှ ကျပ် ၁ ဒသမ ၂၄၉ သန်း တန်ဖိုးရှိ ဒင်္ဂါးပြား ချောကလက်၊ ပူရှိန်း သကြားလုံး၊ ခံတွင်းငုံ ဆေးပြား၊ ပီကေ၊ စတော်ဘယ်ရီ ကရင်မ်ညှပ် ကွတ်ကီး၊ ချောကလက် ဘီစကစ်၊ ချိုချဉ်၊ ချိုချဉ်တောင့် စတဲ့ စားသောက်ကုန် ၁၄ မျိုးအား တရားမဝင် သယ်ဆောင် လာတာကို စစ်ဆေး တွေ့ရှိခဲ့ရတာလို့ သိရှိရပါတယ်။

Source: လရ-၂ >>> MTN

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ အိန္ဒိယ-ထိုင်းလွတ်လပ်သော ကုန်သွယ်မှုစာရင်းမှ ''ရွှေ'' ကိုဖယ်ရှားလို

Tue, 05/14/2013 - 03:33 -- admin
Undefined

တနင်္လာနေ့ ၂၈ ဇန်နဝါရီလ ၂၀၁၃ 14:36 PM

ကုန်သည် အချို့ဟာ အရှေ့တောင် အာရှမှ အဖိုးတန် သတ္တုများကို အိန္ဒိယ- ထိုင်း လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက်ကို ခုတုံး လုပ်ကာ အိန္ဒိယသို့ တင်သွင်းနေခြင်းကို ကန့်သတ် တားမြစ်ရန် အလို့ငှာ အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီး ဌာန အနေနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီး အိန္ဒိယ- ထိုင်း လွတ်လပ်သော ကုန်သွယ်မှု စာရင်းမှ ''ရွှေ''ကို ဖယ်ရှားရန် စဉ်းစား နေတယ်လို့ အခွန် ဌာန အတွင်းရေးမှူး Sumit Bse က သတင်း ထောက်များနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သတင်းထောက်များရဲ့ မေးမြန်းချက် အပေါ်မှာလည်း အိန္ဒိယ-ထိုင်း လွတ်လပ်သော ကုန်သွယ်မှု စာရင်းမှ ဖယ်ရှားနိုင်ရေး ကြိုးပမ်း လုပ်ဆောင်နေတယ်လို့ ဖြေကြား ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနဲ့ ကုန်သွယ်မှု သဘော တူညီချက် အရ ထိုင်းမှ ရွှေ တင်သွင်းခြင်း အပေါ် အထူး အခွန်နှုန်း ၁ ရာခိုင်နှုန်းနဲ့ ခွင့်ပြု ထားခြင်း ဖြစ်ပါတယ်။ ဒီအထူးနှုန်းက ရွှေ တင်သွင်းသူများ အထူး သဖြင့် ရွှေချောင်း၊ ရွှေဒင်္ဂါးနဲ့ ၁ဝ ရာခိုင်နှုန်း ရွှေ (၁ဝ.ဝဝ%) ကို အများဆုံး ဆွဲဆောင် နေတာဖြစ်တယ်။

ပြည်တွင်း အခွန်များ ဌာန စုံစမ်း စစ်ဆေးရေး ဌာနက အချို့ ကုန်သည်များဟာ အိန္ဒိယ-ထိုင်း FTA ရဲ့ ရွှေ တင်သွင်းခြင်း ဆိုင်ရာ စည်းမျဉ်း စည်းကမ်း အမိန့် ညွှန်ကြားစာ ဥပဒေများကို ရှောင်လွဲှပြီး တင်သွင်း နေကြတယ်လို့ စွပ်စွဲ ပြောကြား ခဲ့ပါတယ်။

FTA စည်းမျဉ်း အရ ရွှေ ၂ဝ ရာခိုင်နှုန်းနဲ့ အထက် ပါဝင်သော ရွှေများကို ထိုင်းနိုင်ငံမှ တင်သွင်း ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံဟာ ရှေးအစဉ် အဆက်ကပင် ရွှေအများဆုံး အသုံးပြုတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာ လထိ ရွှေတင်သွင်းမှုမှာ ကန်ဒေါ်လာ ၃၈ ဘီလီယံ ရှိခဲ့ပြီး ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လထိမှာ ၅၆ ဒသမ ၅ ဘီလီယံ တင်သွင်းခဲ့ တယ်လို့ သိရပါတယ်။

Source:economictines indiatimes.com >>>CMK

အိန္ဒိယသဘာဝရော်ဘာထုတ်လုပ်မှု ၃ ရာခိုင်နှုန်းမြင့်တက်

Tue, 05/14/2013 - 03:30 -- admin
Undefined

တနင်္လာနေ့ ၂၈ ဇန်နဝါရီလ ၂၀၁၃ 14:35 PM

ကိုချီ။ ဒီဇင်ဘာလမှာ အိန္ဒိယ သဘာဝ ရော်ဘာ ထုတ်လုပ်မှုဟာ ၃ ရာခိုင်နှုန်းခန့် မြင့်တက်လျက် ရှိကြောင်းနဲ့ သုံးစွဲမှု ကတော့ တိုးတက်မှု ရှိမနေဘူးလို့ သိရပါတယ်။ ယခုနှစ် ၉ လတာ ကာလမှာ ပြည်ပမှ သဘာဝ ရော်ဘာ တင်သွင်းမှုဟာ ၂၃ ရာခိုင်နှုန်း မြင့်တက်လျက် ရှိနေပါတယ်။ ဒီအခြေအနေ တွေကို ကြည့်မယ်ဆိုလျှင် လာမဲ့ လများမှာ ရော်ဘာ ဈေးများ ကျဆင်းနိုင်တဲ့ အရိပ် လက္ခဏာ ဆောင်လျက် ရှိပါတယ်။ တာယာ ထုတ်လုပ်မှုမှာ အသုံးပြုတဲ့ RSS-4 ရော်ဘာ ပေါက်ဈေးဟာ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ၁ ကီလိုကို ၁၆၁ ရူပီး (၂ ဒသမ ၉၅ ဒေါ်လာ)၊ ၁ တန်ကို ၂၉၅၄ ဒေါ်လာဈေး ရှိခဲ့ပါတယ်။

အမိုျးသား ကုန်ပစ္စည်း မျိုးစုံ ကုန်စည်ဒိုင် (National Multi Commodity Exchange-NMEC)ရဲ့ ဈေးနှုန်း ခန့်မှန်း ဖော်ပြချက် အရတော့ လာမဲ့ လများမှာ အနည်းငယ် မြင့်တက် နိုင်တယ်လို့ သိရကြောင်းနဲ့ ဖေဖော်ဝါရီလ သင်္ဘော တင်ရန် ဒီဇင်ဘာလက စာချုပ်ထားတဲ့ ရော်ဘာ ၁၅၄၄ တန် အနေနဲ့ ၁ ကီလိုကို ၁၆၄ ရူပီး ဈေးနဲ့ ရမှာဖြစ်ပြီး ထိုပမာဏဟာ အများဆုံး တင်ပို့ရမဲ့ ပမာဏ ဖြစ်ပါတယ်။ ဈေးနှုန်း အခြေအနေများ အရ ရော်ဘာခြံ သမားများဟာ ဇန်နဝါရီ စာချုပ် ကာလမှာ ဈေးပိုရနိုင် ချေရှိတယ်လို့ မျှော်မှန်းထားပြီး ၎င်းတို့ရဲ့ ရော်ဘာများကို အမျိုးသား ကုန်ပစ္စည်း မျိုးစုံ ကုန်စည်ဒိုင်ပိုင် သိုလှောင်ရုံများမှာ ဆက်လက် သိုလှောင် ထားတယ်လို့ ကုန်စည်ဒိုင် ဒုဥက္ကဌက ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလ ကစပြီး ပြည်တွင်း သုံးစွဲမှုများ လျော့ကျ နေတဲ့ အတွက် အောက်တိုဘာနဲ့ နိုဝင်ဘာများမှာ ထုတ်လုပ်မှု လျော့ချ ထားတာ ဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလထိ ၉ လတာ ကာလမှာ ထုတ်လုပ်မှုက ၁ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သုံးစွဲမှု ရာခိုင်နှုန်းမှာ ၃ ဒသမ ၂ ရာခိုင်နှုန်း လျော့ကျ ခဲ့တယ်လို့ ရော်ဘာ အဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ သိရှိရပါတယ်။

ဒီဇင်ဘာလမှာ မော်တော်ယာဉ် အရောင်းကျတဲ့ အတွက် သုံးစွဲမှုဟာ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ရတာ ဖြစ်ပေမယ့် လာမဲ့လများ မှာတော့ ရောင်းအား တက်လာနိုင်ဖွယ် ရှိကြောင်းနဲ့ ဒီဇင်ဘာလမှ ရော်ဘာ တန် ၂ဝဝဝ ပြည်ပ တင်ပို့ရန် စာချုပ်ချုပ်ဆို ထားပြီးဖြစ် တယ်လို့ ရော်ဘာ ကုန်သည်များကို ဦးဆောင်သူ တစ်ဦးက ပြောကြားလျက် ရှိပါတယ်။

Source: India Times >>> CMK

အိန္ဒိယမှ သကြား ထုတ်လုပ်မှု လျှော့ချရတော့မည်

Tue, 05/14/2013 - 03:28 -- admin
Undefined

တနင်္လာနေ့ ၂၈ ဇန်နဝါရီလ ၂၀၁၃ 14 :16 PM

အိန္ဒိယ နိုင်ငံသည် ဘရာဇီးလ်ပြီးလျှင် ဒုတိယ အများဆုံး သကြား တင်ပို့သော နိုင်ငံဖြစ် ပါသည်။ ပြည်ပမှ တင်သွင်းသော သကြား ဈေးထက် လျော့ချရန် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ မှစပြီး ဆောင်ရွက် လျက်ရှိကြောင်း သကြားစက် ပိုင်ရှင်များ အသင်းက ဇန်နဝါရီလ စတုတ္ထပတ်မှာ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယမန်နှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၃ဝ ရက်ထိ သကြား တန်ချိန် ၂၄ သန်းထိ ထုတ်လုပ် နိုင်ခဲ့သည်ဟု သကြားစက် ပိုင်ရှင်များ အသင်း ဥက္ကဌမှ Mr. Srinivaascan က ပြောကြား ခဲ့သည်။ ပြည်တွင်း သကြားဈေးများ လျော့ကျ လာခြင်းသည် ကြံ တောင်သူများကို အချိန်မီ ငွေပေးချေနိုင်ရေး အတွက် အဟန့်အတား ဖြစ်စေလျက်ရှိပြီး တောင်သူများအား အခြား သီးနံှ ပြောင်းလဲ စိုက်ပျိုးရန် တွန်းအားပေးရာ ရောက်လျက် ရှိပါသည်။ ၂ဝ၁၃-၂ဝ၁၄ တွင် သကြား မည်မျှ ထွက်ရှိမည်ဟု သကြားစက်ပိုင် အသင်းဥက္ကဌ အနေနှင့် ခန့်မှန်း ပြောကြားနိုင်ခြင်း မရှိပါ။ ပြည်တွင်း သကြား ဈေးကွက် အခြေအနေသည် အတန်ငယ် ဆိုးရွား နေကြောင်းနှင့် ပြည်ပမှ တင်သွင်း လာသော သကြားများသည် ပြည်တွင်း ဈေးကွက်တွင် အချိန်တို အတွင်း နေရာယူလျက် ရှိသည်ဟု Mr. Srinivaascan က ပြောကြား ခဲ့သည်။

Source: businesstimes.com.sg ---- Sweet

၂ဝ၁၃ ခုနှစ်တွင် ပို့ကုန်ကြောင့်ရငွေ ကန်ဒေါ်လာ ၁၂၆ ဘီလီယံ ရရှိမည်ဟု ဗီယက်နမ် မျှော်မှန်း

Tue, 05/14/2013 - 03:26 -- admin
Undefined

တနင်္လာနေ့ ၂၈ ဇန်နဝါရီလ ၂၀၁၃ 14:10 PM

ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန (Mo IT)သည် ၂ဝ၁၃ ခုနှစ်တွင် ပို့ကုန်ကြောင့် ရငွေ ကန်ဒေါ်လာ ၁၂၆ ဒသမ ၁ ဘီလီယံ ရရှိမည်ဟု မျှော်မှန်းထားပြီး ၂ဝ၁၂ ခုနှစ်ထက် ၁ဝ ရာခိုင်နှုန်းခန့် ပိုမိုခန့်မှန်း ထားခြင်းဖြစ်သည်။ လက်ရှိ ပြည်တွင်းနှင့် ကမ္ဘာ့ စီးပွားရေး အခက်အခဲများ ရှိနေသော်ငြားလည်း ၂ဝ၁၂ ခုနှစ်ထက် ပိုမို နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်း ထားခြင်းဖြစ် ပါသည်။

(Mo IT)ကို ကိုးကား ရမည်ဆိုလျှင် စိုက်ပျိုးရေးနှင့် ရေထွက်ကုန်များ အနေနှင့် ဈေးကွက်တွင် ရေရှည် အားဖြင့် အလား အလာ ကောင်းများရှိနေပြီး ဈေးကွက် ယှဉ်ပြိုင်နိုင် စွမ်းအား သာလျက်ရှိသည်ဟု သိရသည်။ ၎င်းတို့အနေနှင့် ထုတ်လုပ်မှု၊ အရည်အသွေး တိုးမြှင့်ရန်နှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ပိုမို ထုတ်လုပ်နိုင်မှသာ ပို့ကုန်ကြောင့် ရငွေ ပိုမို နိုင်မည် ဖြစ်သည်။

စီးပွားရေး တွက်ချေ ကိုက်သော အရည် အသွေးမြင့်၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မှသာ ဈေးကွက် အတွင်း ယှဉ်ပြိုင် နိုင်မည်ဖြစ်ပြီး အမှတ်တံဆိပ်ကို အထူး နှစ်ခြိုက် ဝယ်ယူ လိုစိတ်ရှိအောင် နိုင်ငံတော် အနေနဲ့ အလေးထား စီမံ ဆောင်ရွက်ပေးရန် လိုအပ် လျက်ရှိပါသည်။

သတ္ထုနှင့် လောင်စာဆီ အပိုင်းတွင် ကုန်ကြမ်း အဆင့် တင်ပို့မှုကို လျှော့ချပြီး ပို့ကုန် တန်ဖိုး တိုးမြှင့် ရရှိစေရန်၊ ကုန်ချော အဆင့်ကို ပြောင်းလဲ ထုတ်လုပ် တင်ပို့သွားရန် (Mo IT)မှ စီစဉ် ထားပါသည်။ လျှပ်စစ် ပစ္စည်းများနဲ့ မိုဘိုင်း ဖုန်းထုတ်လုပ် တင်ပို့မှု အပိုင်းတွင် ယမန်နှစ် တင်ပို့မှုထက် ၁၂ ရာခိုင်နှုန်းကျော် ရရှိနိုင်ရန်နှင့် ရေရှည်တွင် စက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ပြည်ပမှ စက်ပစ္စည်း တင်သွင်းမှုကို လျှော့ချပြီး ပြည်ပသို့ တင်ပို့နိုင်သည့် အဆင့်သို့ ရောက်ရှိစေရန် ပြောင်းလဲ လုပ်ကိုင်သွားရန် (Mo IT)မှ စီမံကိန်း ရေးဆွဲလျက် ရှိပါသည်။

Source: Nhan Dan Online ---Victory

Pages

Subscribe to RSS - Department of Trade