နောက်ဆုံးရ သတင်း
ယခုအောက်တိုဘာ ပထမပတ် ပြည်ဈေးကွက်မှာ ပဲမျိုးစုံ ပဲအဝင်နည်းလာခဲ့သလို ပဲဈေးနှုန်းများကလည်း ဈေးအေး အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲသီးနှံမှာ တောင်သူများ လက်ကျန်မရှိသလောက်ဖြစ်ပြီး၊ လှောင်လက်သမားများကတော့ ပဲဈေးအကျဘက်ဖြစ်နေတဲ့အတွက် ရောင်းသင့်သလောက် မရောင်းကြဘူးလို့ သိရပါတယ်။ ပဲဈေးမှာ တဖြည်းဖြည်းဈေးကျ လာပြီး တစ်တင်း ၁၄၆၀၀ ကျပ်နဲ့ ရန်ကုန်ဝယ်လက်အဝယ်ရှိသော်လည်း ရောင်းချမှု နည်းတာကြောင့် တစ်ရက်အိတ် ၁၀၀ ကျော်သာအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
ပဲတီစိမ်းသီးနှံကတော့ မျိုးပဲတစ်တင်း ၁၆၀၀၀ ကျပ်နဲ့ အရည်အသွေးကောင်းတဲ့ ပဲများကို ရွေးချယ်ဝယ်ယူ ကြပါတယ်။ လက်လီ၊ လက်ကားအရောင်းအဝယ်ဖြစ်မှုအေးခဲ့ပြီး၊ ပဲအဝင်လည်း ပါးခဲ့တာကြောင့် တစ်ခါတစ်ရံ အိတ် ၂၀ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။
ပဲစင်းငုံသီးနှံကိုတော့ ရန်ကုန်ဝယ်လက်ကလည်း အဝယ်ပါးနေတဲ့အတွက် ဈေးလည်းအေးနေပါတယ်။ ယခုလဆန်းပိုင်းအတွင်း တစ်တင်း ၁၇၅၀၀ ကျပ်နဲ့ ယခင်လကထက် တစ်တင်း ၁၀၀၀ ကျပ်ခန့် ဈေးလျော့သွား ခဲ့ပါတယ်။ ဒေသတွင်း ဝယ်လက်အဝယ်မရှိဘဲ ရန်ကုန်ဝယ်လက်အဝယ်ရှိမှသာ အိတ် ၄၀၀ ကျော်အထိ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။
ပဲကြီးသီးနှံအနေနဲ့ ဈေးကွက်မှာ ဈေးအမြင့်အတိုင်း ဆက်လက်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲဝင် ရောက်မှု အနည်းငယ်သာရှိပြီး၊ ပဲကြော်ဖိုလုပ်ငန်းသမားများ နေ့စဉ်အဝယ်ရှိတဲ့အတွက် တစ်ရက် အိတ် ၂၅၀ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်အနေနဲ့ တစ်ခါတစ်ရံသာ အဝယ်ရှိခဲ့ပြီး၊ ပဲကြီးဈေးကတော့ စက်တင်ဘာလကုန်ဈေးအတိုင်း ပဲကြီး(ရွှေကျွန်း)တစ်တင်း ၃၀၀၀၀ ကျပ်၊ ပဲကြီး(ကမ်းနား) တစ်တင်း ၂၈၀၀၀ ကျပ်နဲ့ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။
ခင်ဆွေဝင်း - ပြည်
ရွှေဖရုံသီးသည် လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် လိုအပ်သည့်ဗီတာမင်များကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည့် အဓိက စားသုံးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ရွှေဖရုံသီးကို မြန်မာနိုင်ငံအတွင်း နေရာဒေသမရွေး စိုက်ပျိုးထွက်ရှိပြီး၊ ဟင်းသီးဟင်း ရွက် ရောင်းချသည့် ဈေးများတွင် ရွှေဖရုံသီးကို အမြဲတွေ့ရှိရသည့်အတွက် အိမ်ရှင်မများ အဓိက ချက်ပြုတ်သည့် စားဖိုချောင်သီးနှံ တစ်မျိုးလည်း ဖြစ်ပါသည်။
အထူးသဖြင့် မိမိတို့နိုင်ငံမှထွက်ရှိသည့် အသီး အနှံတော်တော်များများသည် သဘာဝမြေသြဇာ (Organic) ဖြင့် စိုက်ပျိုးထွက်ရှိနိုင်ပြီး စားသုံးရာ တွင် ဘေးဥပဒ်အန္တရာယ်မဖြစ်နိုင်သဖြင့် စားသုံးသူ များ ပိုမိုနှစ်ခြိုက် ယုံကြည်စွာဖြင့် စားသုံးနိုင်သည် ကိုလည်း သိရှိရပါသည်။ ယခုအခါ မြန်မာ့လယ် ယာမြေဒေသထွက် အသီးအနှံများထဲတွင် တစ် မျိုးအပါအဝင်ဖြစ်သည့် ရွှေဖရုံသီးကို ပြည်တွင်းမှာ သာ စားသုံးကြသည်မဟုတ်ဘဲ နိုင်ငံတကာမှလည်း ဝယ်ယူ တင်သွင်းနေပြီဖြစ်ပါကြောင်း သတင်း ကောင်း ကြားသိရပါသည်။
မြန်မာ့ရွှေဖရုံသီးကို စင်ကာပူနိုင်ငံသို့ တင်ပို့ ရောင်းချနိုင်ရန်အတွက် ပို့ကုန်လုပ်ငန်းရှင်ကုမ္ပဏီ တစ်ခုမှ ၂၀၁၂ ခုနှစ် စက်တင်ဘာလဆန်းတွင် ပို့ကုန်လိုင်စင် လာရောက်လျှောက်ထား ရယူသွား ပြီဖြစ်ပါသည်။ ရွှေဖရုံသီးကို တင်ပို့ရာတွင် လေ ကြောင်းမှတင်ပို့ပြီး ထုပ်ပိုးမှုစနစ်ပုံစံမှာ လေဝင် လေထွက်ကောင်းစေရန် ပီနံအိတ် အကြဲစားများ ဖြင့် ထုပ်ပိုးထားကြောင်း၊ တစ်အိတ်လျှင် ၃ ကီလို ဂရမ်ကျော် (၂ ပိဿာကျော်)ရှိသည့် ရွှေဖရုံသီး ၁၃ လုံးခန့်ပါဝင်ကြောင်း သိရပါသည်။ ရွှေဖရုံသီး များအား လုံးတူရွယ်တူ လှလှပပ တင်ပို့ခြင်းအား ဖြင့် ဝယ်ယူသူများ နှစ်သက်သဘောကျကြောင်း လည်း သိရပါသည်။ ထို့ကြောင့် သဘာ၀ မြေဆီ မြေနှစ်၊ မြေသယံဇာတပေါကြွယ်ဝပြီး စိုက်ပျိုး ရေးကိုအခြေခံသည့် မြန်မာနိုင်ငံတွင် လယ်ယာ ကဏ္ဍမှ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာ ဖွေပေးနိုင်သော အခြေခံကောင်းများ၊ အခွင့်အရေး ကောင်းများ ရရှိနေပြီဖြစ်ပါသည်။
ရွှေဖရုံသီးအလုံးရင့်ရင့်သည် အခြားသစ်သီး ဝလံ ဟင်းသီးဟင်းရွက်များထက် ကြာရှည်အထား ခံသဖြင့် ပြည်ပဈေးကွက်များသို့ ထိုးဖောက်တင်ပို့ ရန် အလားအလာ အားသာချက်များ ရှိပါသည်။ ထို့အပြင် ရွှေဖရုံသီးကို လှီးဖြတ်၍ အခြောက် ခံခြင်း၊ ရွှေဖရုံသီးထိုးမုန့်၊ ရွှေဖရုံသီးယို၊ ရွှေဖရုံသီး ပူတင်း စသည်ဖြင့် မြန်မာ့ရိုးရာ စားဖွယ်မျိုးစုံ ပြု လုပ်ပြီး စားသောက်ပွဲများတွင် အချိုပွဲအဖြစ် တည် ခင်းဧည့်ခံလျှင် ရောင်ဆင်းဝင်းဝါ ရသာချိုမြ စိတ် တိုင်းကျ၍ စားသူတိုင်း နှစ်သက်ကြပါသည်။ သို့ ဖြစ်ရာ နိုင်ငံတကာစားသုံးသူများ၏ လျှာပေါ်တွင် စွဲသွားစေမည့် ရွှေဖရုံသီး စားဖွယ်ရာများကို ခေတ် မီနည်းပညာများဖြင့် စိတ်ကူးတီထွင်ပြုလုပ်တင်ပို့ နိုင်ပါက အမျိုးမှန် အဖိုးတန်သည့် မြန်မာ့ရွှေဖရုံ သီးသည် နိုင်ငံတကာအလယ်တွင် ရေပန်းစားလာ မည့် စားဖိုဆောင်သီးနှံဖြစ်ပါကြောင်း နိမိတ် ကောင်းကို ဖော်ကျူးရေးသားလိုက်ပါသည်။
သန်းအုန်း
မြန်မာ့သစ်သီးဝလံ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက်တွေကို ပြည်ပ ဈေးကွက်ရှာဖွေ တင်ပို့လျက်ရှိတဲ့ မာလာမြိုင်ကုမ္ပဏီက ဦးဆောင်ပြီး သီးနှံထွက်ကုန်များ ဈေးကွက်ချဲ့ထွင်ရှာဖွေနိုင်ဖို့ ရည်ရွယ်ပြီး စင်ကာပူ နိုင်ငံမှာ "မြန်မာ့သီးနှံ ထွက်ကုန်ပြပွဲ"ကို နိုဝင်ဘာ ၁၇- ၁၈ရက်မှာ ကျင်းပဖို့ ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက သရက်၊ သခွားမွှေးနဲ့ ကျွဲကောသီးတွေကို ပင်လယ်ရေကြောင်း၊ လေ ကြောင်းမှတစ်ဆင့် ဈေးကွက်ရပြီးသွားပြီဖြစ်လို့ နောက်ထပ်သီးနှံပို့ ကုန်တွေ ထွက်ပေါ်လာအောင်လို့ ယခုပြပွဲကို ကျင်းပသွားမှာပါလို့ ယင်းကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်လဲ့လဲ့ဦးမှ ပြောကြား ပါတယ်။
နောက်ပြီး ပြည်တွင်းနေရာဒေသအနှံ့မှာ အရည်အသွေးမီ စိုက် ပျိုးထားသူတွေရှိမယ်။ ဒါပေမယ့် ဈေးကွက် မရှိဘူး၊ ဘယ်ကိုပို့ရမလဲ ဆိုတာမသိဘူး။ အဲဒီလိုသူတွေကို ကြားခံအနေနဲ့ အကူအညီပေးဖို့ လည်း ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။ စင်ကာပူလို ဈေးကွက်က မြန်မာနိုင်ငံက သစ်သီးဝလံအားလုံးအတွက် ဈေးကွက်ရရှိနိုင်မယ့် အလားအလာကောင်းရှိပါတယ်လို့ ဆိုပါတယ်။ ငရုတ်ချို-စပ်၊ကညွတ်၊ ခရမ်းချဉ်စတာတွေ၊ မီးဖိုချောင်သုံး အာလူး၊ ကြက်သွန် စတာတွေလဲ ဈေးကွက်ရနိုင် ပါတယ်လို့ ထပ်လောင်းပြောကြားပါတယ်။
အဲဒီပြပွဲကို လူကိုယ်တိုင် သွားရောက်ပြသလိုသူ။ ဒါမှမဟုတ် ပစ္စည်းပါဝင်ပြသလိုသူအနေနဲ့ တင်ပို့ရောင်းချမယ့် သီးနှံ/ထွက်ရှိ မယ့် အသီး၊ ထွက်ရှိရာ အရပ်ဒေသ၊ လစဉ်တင်ပို့လိုတဲ့ ပမာဏ၊ ထုပ်ပိုးမှုစနစ်ဆောင်ရွက် နိုင်ခြင်းရှိ/မရှိ၊ ပြည်တွင်းသယ်ယူ ပို့ဆောင် မှုစနစ်၊ ပြည်တွင်းရောင်းချနိုင်မယ့် ဈေးနှုန်းများ ဖော်ပြပြီး မာလာ မြိုင်ကုမ္ပဏီနဲ့ အောက်တိုဘာ ၁၀ ရက် နောက်ဆုံး ထားပြီး ဆက် သွယ်ဖို့လည်း သတင်းမီဒီယာတွေနဲ့ အသိပေးဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
လက်ရှိဘဏ္ဍာနှစ်အတွင်း စက်တင်ဘာ ၂၁ ရက်အထိ မြန်မာ နိုင်ငံက ပြည်ပကို သရက်သီးတန်ချိန် ၃၉၀၀၀ ကျော်၊ ဖရဲသီးတန် ချိန် ၆၄၀၀၀ ကျော်နဲ့ သခွားမွှေးတန်ချိန် ၁၂၃၀၀ ကျော်တင်ပို့ထား တဲ့အနက် နယ်စပ်လမ်းကြောင်းမှ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယအပြင် စင်ကာပူ၊ ဟောင်ကောင်နဲ့ မလေးရှားတို့ကိုလည်း သရက်သီးတန်ချိန် ၃၀၀ ကျော်နဲ့ ကျွဲကောသီးကွန်တိန်နာ တစ်လုံးတင်ပို့ထားပြီးကြောင်း သိရပါတယ်။
ယမင်းခင်
ပဲစင်းငုံက ပဲစိတ်ကုန်လို့ခေါ်ရမယ့် ကိန်းကို ဆိုက်ခဲ့ရာကနေ အခုတော့ ပြန် မတ်လာပါပြီ။ ရာသီဥတု အခြေအနေကြောင့်ရော၊ ဈေးနှုန်းအခြေအနေကြောင့် ရော ဒီနှစ်တော့ ဆိုးပြီလို့ထင်ရာကနေ အခုအခါမှာတော့ အကောင်းဖက်ကို ဦးတည် လာနေပြီလို့ ဆိုနိုင်ပါတယ်။ သြဂုတ်လ ကုန်ကာနီးလောက်အထိ မိုးမရွာလို့ အပင် တွေက တစ်ထွာတစ်မိုက်လောက်သာ ရှိခဲ့ရာကနေ မိုးရွာလာလို့ အခု စက်တင် ဘာလကုန်လောက်မှာတော့ အပင်တွေ ကောင်းကောင်း သန်စွမ်းလာနေပါပြီ။ ဒီအတိုင်းဆိုရင် အထွက်အနည်းငယ်လျော့နိုင်တာကလွဲလို့ အခြေအနေ မဆိုးနိုင် တော့ပါဘူး။ ဈေးနှုန်းပိုင်းမှာလဲ ပေါ်ချိန်မှာ ဈေးကောင်းဖို့တော့လိုပါသေးတယ်။ ဈေးကောင်းဖို့ဆိုတာထက် အရင်းထက်ကျော်လွန်တဲ့ ဈေးမျိုး၊ ကုန်ကျစရိတ်ထက် ကျော်လွန်တဲ့ ဈေးမျိုးရဖို့တော့ လိုပါတယ်။ လက်ရှိပဲစင်းငုံ ပေါက်ဈေးက မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံအကြားတစ်ပိဿာ ၅၈၃ ကျပ်၊ ရွှေဘိုစ ၇၆၇ ကျပ်နဲ့ ပဲစင်းငုံနီ ၉၃၃ ကျပ်ဖြစ်ပါတယ်။ ဒါကြောင့် တစ်တန်ဈေးက ၃၅၇၀၀၀ ကျပ်ကနေ ၅၇၁၃၀၀ ကျပ်အတွင်းရှိပါတယ်။ ပဲစင်းငုံ ကတော့ လက်ကျန် အတော်နည်းပါးနေပြီလို့လဲ သတင်းစုံစမ်းရရှိပါတယ်။ နယ်မှာတော့ မရှိသလောက် နည်းပါးလာပြီး၊ ရန်ကုန်မှာပဲ သွားစုနေသလိုဖြစ်ပါတယ်။ ဈေးတက်လာပေမယ့် လက်ရှိအခြေအနေမှာတော့ တောင်သူတွေအတွက် အကျိုးမရှိသလောက်ပါပဲ။ ဈေး တက်ချိန်က တောင်သူလက်ဝယ်မှာ မရှိချိန်ဖြစ်နေလို့ တောင်သူတွေ အတွက် ပေါ်ချိန်မှာဖြစ်ပေါ်တဲ့ဈေးကသာ တောင်သူရဲ့ အကျိုးစီးပွားကို အဓိကအထောက် အကူဖြစ်ပါတယ်။ ဒါကြောင့် တောင်သူများက ဒီအချိန်ဈေးတက်တာထက် ပေါ် ချိန်မှာ သင့်တော်မယ့်ဈေးဖြစ်တာကို လိုလားကြပါတယ်။
မျိုးသူ၊ မန္တလေး
စက်တင်ဘာလ ၁၁ ရက်နေ့မှစပြီး ထိုင်းဆန်ဈေးနှုန်းတွေက အနည်းငယ် အားနည်းလာတယ်။ လောလောဆယ် ပြည်ပမှ ဝယ်လိုအားမရှိခြင်းနဲ့ စပါးအသစ်ပေါ်တော့မှာ ဖြစ် ခြင်းတို့ကြောင့် ထိုင်းဆန်ဈေးနှုန်း ကျဆင်းလာခြင်းဖြစ်တယ်။ ထိုင်းဆန်ဖြူ ၁၀၀ ရာခိုင်နှုန်း (B) က တစ်တန်ကို ၅၈၀ ဒေါ်လာမှ၅၆၅ ဒေါ်လာအထိ၁၅ ဒေါ်လာဈေးကျလာတယ်။
ဗီယက်နမ်ဆန်ဈေးနှုန်းတွေမှာတော့ သြဂုတ်လမှ စက်တင်ဘာ ၁၁ ရက်အထိ ဆက်တိုက်မြင့်မားခဲ့ပြီးနောက် ယခုရက်ပိုင်းဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေတယ်။ လောလောဆယ် ပြည်ပမှ ဝယ်လိုအား မရှိသော်လည်း ပြည်တွင်းစပါးရောင်းလိုအား အကျပ်အတည်းကြောင့် ဈေး နှုန်း တည်ငြိမ်ခိုင်မာနေတယ်။
အိန္ဒိယဆန်ဈေးနှုန်းမှာတော့ အနည်းငယ်ဈေးမြင့် လာတယ်။အာဖရိကဈေးကွက်မှ အောက်တိုဘာလ သင်္ဘော တင်စနစ်နဲ့ ဆန်ဝယ်ယူဖို့ ကမ်းလှမ်းနေရာ ဈေးမြင့်လာခြင်း ဖြစ်တယ်။ စက်တင်ဘာလ ၁၀ ရက်နေ့က တစ်တန်ကို ၃၈၅ ဒေါ်လာရှိတဲ့ အိန္ဒိယဆန်ဖြူ (၂၅ မှတ်ဆန်) က စက်တင် ဘာလ ၁၁ ရက်မှာ ၃၉၀ ဒေါ်လာအထိ ၅ ဒေါ်လာဈေးမြင့် လာတယ်။ ဒါ့အပြင် မုတ်သုံမိုးရရှိမှု နောက်ကျခြင်းက စပါး အသစ်ရိတ်သိမ်းမှုကို နှောင်းနှေးစေတဲ့ အတွက်အိန္ဒိယ ဆန်ဈေးနှုန်းကို ပိုမိုမြင့်မားအောင် အထောက်အပံ့ပေးနေ တယ်။ အိန္ဒိယဆန်ဈေး မြင့်မားလာတယ်ဆိုသော်လည်း အခြားနိုင်ငံတွေရဲ့ ဆန်ဈေးနှုန်းနဲ့ယှဉ်ရင် ဈေးနှုန်းပိုမိုချိုသာ နေတယ်။ အိန္ဒိယဆန်ဖြူ (၂၅ မှတ်ဆန်) မှာ တစ်တန်ကို ၃၉၀ ဒေါ်လာဖြစ်သော်လည်း အမျိုးအစားတူ ပါကစ္စတန် ဆန်၊ ဗီယက်နမ်ဆန်နဲ့ ထိုင်းဆန်တို့မှာ တစ်တန်ကို ၄၀၀ ဒေါ်လာ၊ ၄၃၀ ဒေါ်လာ နဲ့ ၅၄၀ ဒေါ်လာစီ အသီးသီးဖြစ်တာ ကို သုံးသပ်တွေ့ရှိရတယ်။
ပပ
Source:reuters.com,oryza.com, riceonline.com