မြန်မာ့သစ်သီးဝလံ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက်တွေကို ပြည်ပ ဈေးကွက်ရှာဖွေ တင်ပို့လျက်ရှိတဲ့ မာလာမြိုင်ကုမ္ပဏီက ဦးဆောင်ပြီး သီးနှံထွက်ကုန်များ ဈေးကွက်ချဲ့ထွင်ရှာဖွေနိုင်ဖို့ ရည်ရွယ်ပြီး စင်ကာပူ နိုင်ငံမှာ "မြန်မာ့သီးနှံ ထွက်ကုန်ပြပွဲ"ကို နိုဝင်ဘာ ၁၇- ၁၈ရက်မှာ ကျင်းပဖို့ ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက သရက်၊ သခွားမွှေးနဲ့ ကျွဲကောသီးတွေကို ပင်လယ်ရေကြောင်း၊ လေ ကြောင်းမှတစ်ဆင့် ဈေးကွက်ရပြီးသွားပြီဖြစ်လို့ နောက်ထပ်သီးနှံပို့ ကုန်တွေ ထွက်ပေါ်လာအောင်လို့ ယခုပြပွဲကို ကျင်းပသွားမှာပါလို့ ယင်းကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်လဲ့လဲ့ဦးမှ ပြောကြား ပါတယ်။
နောက်ပြီး ပြည်တွင်းနေရာဒေသအနှံ့မှာ အရည်အသွေးမီ စိုက် ပျိုးထားသူတွေရှိမယ်။ ဒါပေမယ့် ဈေးကွက် မရှိဘူး၊ ဘယ်ကိုပို့ရမလဲ ဆိုတာမသိဘူး။ အဲဒီလိုသူတွေကို ကြားခံအနေနဲ့ အကူအညီပေးဖို့ လည်း ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။ စင်ကာပူလို ဈေးကွက်က မြန်မာနိုင်ငံက သစ်သီးဝလံအားလုံးအတွက် ဈေးကွက်ရရှိနိုင်မယ့် အလားအလာကောင်းရှိပါတယ်လို့ ဆိုပါတယ်။ ငရုတ်ချို-စပ်၊ကညွတ်၊ ခရမ်းချဉ်စတာတွေ၊ မီးဖိုချောင်သုံး အာလူး၊ ကြက်သွန် စတာတွေလဲ ဈေးကွက်ရနိုင် ပါတယ်လို့ ထပ်လောင်းပြောကြားပါတယ်။
အဲဒီပြပွဲကို လူကိုယ်တိုင် သွားရောက်ပြသလိုသူ။ ဒါမှမဟုတ် ပစ္စည်းပါဝင်ပြသလိုသူအနေနဲ့ တင်ပို့ရောင်းချမယ့် သီးနှံ/ထွက်ရှိ မယ့် အသီး၊ ထွက်ရှိရာ အရပ်ဒေသ၊ လစဉ်တင်ပို့လိုတဲ့ ပမာဏ၊ ထုပ်ပိုးမှုစနစ်ဆောင်ရွက် နိုင်ခြင်းရှိ/မရှိ၊ ပြည်တွင်းသယ်ယူ ပို့ဆောင် မှုစနစ်၊ ပြည်တွင်းရောင်းချနိုင်မယ့် ဈေးနှုန်းများ ဖော်ပြပြီး မာလာ မြိုင်ကုမ္ပဏီနဲ့ အောက်တိုဘာ ၁၀ ရက် နောက်ဆုံး ထားပြီး ဆက် သွယ်ဖို့လည်း သတင်းမီဒီယာတွေနဲ့ အသိပေးဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
လက်ရှိဘဏ္ဍာနှစ်အတွင်း စက်တင်ဘာ ၂၁ ရက်အထိ မြန်မာ နိုင်ငံက ပြည်ပကို သရက်သီးတန်ချိန် ၃၉၀၀၀ ကျော်၊ ဖရဲသီးတန် ချိန် ၆၄၀၀၀ ကျော်နဲ့ သခွားမွှေးတန်ချိန် ၁၂၃၀၀ ကျော်တင်ပို့ထား တဲ့အနက် နယ်စပ်လမ်းကြောင်းမှ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယအပြင် စင်ကာပူ၊ ဟောင်ကောင်နဲ့ မလေးရှားတို့ကိုလည်း သရက်သီးတန်ချိန် ၃၀၀ ကျော်နဲ့ ကျွဲကောသီးကွန်တိန်နာ တစ်လုံးတင်ပို့ထားပြီးကြောင်း သိရပါတယ်။
ယမင်းခင်