နောက်ဆုံးရ သတင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ TPIS ရုံးခန်းတွင် အောက်တို ဘာလ ပထမပတ်က ကျုံပျော်မြို့နယ် ပီလောပီနီံ(ကလော) လုပ်ငန်းရှင်များလာရောက်ပြီး ပြည်တွင်းဈေးကွက်မှ Value  Added ပြုလုပ်ပြီး ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရန် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ကျုံပျော်မြို့နယ်မှာ လွန်ခဲ့တဲ့ နှစ်(၄၀/၅၀)ခန့်မှစပြီး၊ ပီလောပီနံ (ကလော) ကို တောင်သူများမှ စိုက်ပျိုးပြီး တစ်ပိုင်တစ်နိုင် အသေးစား စက်မှုလုပ်ငန်းတစ်ခုအဖြစ် ကျေးရွာများမှာ ပီလောပီနံကော်မှုန့်များကို ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ ယခုအချိန် ကျုံပျော်မြို့နယ်မှာ ကော်မှုန့်ပြုလုပ်တဲ့ စက်ကြီး၊ စက်လတ်၊ စက်သေး စုစုပေါင်း ၁၀၀ ကျော်ရှိပြီး၊ ပီလောပီနံကော်မှုန့်လုပ်ငန်းမှာ စိုက်ပျိုးရေးကုန်ကြမ်းမှ ကုန်ချောထုတ် လုပ်တဲ့ လုပ်ငန်းဖြစ်ကြောင်း  လုပ်ငန်းရှင်များမှ ဆွေးနွေးပြောကြားပါတယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလဈေးကွက်မှာ ကလောမှုန့် တစ် ပိဿာ ၅၅၀ ကျပ်ဈေးခန့်ရှိပြီး၊ ကလောမှုန့် ၃၀ ပိဿာ တစ်အိတ်မှာ ၁၆၅၀၀ ကျပ်ဖြစ်ကြောင်း၊ တစ်မြို့နယ်လုံး ပျမ်းမျှအိတ် သုံးသန်းထွက် ရှိရင် တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း ၄၉၅၀၀ ကျပ်ဖြင့် ပြည်တွင်းဈေး ကွက်ရှိနေပြီး၊ စိုက်ပျိုးသူတောင်သူများကို နည်းပညာအရင်းအနှီးနဲ့ ထုတ် လုပ်သူများကို နည်းပညာ၊ လိုအပ်တဲ့ စက်ကိရိယာများ၊ အရင်းအနှီး အကူအညီများရရှိပါက ပြည်ပဈေးကွက်မှာ ဒေါ်လာ သန်းပေါင်းများစွာ ရရှိနိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ကြောင်း စွယ်စုံပီလောပီနံ ကော်မှုန့်လုပ်ငန်းရှင် ဦးကျော်သူရက ဆွေးနွေးပြောကြားပါတယ်။
ပြည်ပဈေးကွက်ယှဉ်ပြိုင်နိုင်ဖို့ ပီလောစိုက်တောင်သူများ အထွက် တိုးမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း၊ မြေသြဇာသုံးစွဲမှုနဲ့ သိပ္ပံနည်းကျစနစ်တကျစိုက်ပျိုးနိုင်ရေး နည်းပညာများရရှိရန်နဲ့ ထုတ်လုပ်သူလုပ်ငန်း ရှင်များ နည်းပညာ စက်ကိရိယာနဲ့ ရင်းနှီးမြှုပ်နှံမှုများရရှိစေပြီး၊ ပြည်ပပို့ကုန် မြင့်မားလာရေးအတွက် ပီလောပီနံကော်မှုန့်  ထုတ်လုပ်သူများ အသင်း ဖွဲ့စည်းရန် ဒေသအာဏာပိုင်နဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးမှာဖြစ်ကြောင်း၊ နည်း ပညာ၊ ဈေးကွက်အခြေအနေများနဲ့ လိုအပ်တာများကိုလည်း တိုင်းဒေသကြီး မန်နေဂျာ ဦးစိုးအောင်က ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။                               
မင်းမင်းဦး-ပုသိမ်

တရုတ်နဲ့ ဂျပန်နိုင်ငံတို့ရဲ့ တရုတ်အရှေ့ပင်လယ်ရှိ ကျွန်းအငြင်း ပွားမှုပြသနာကြောင့် တရုတ်နိုင်ငံရှိ တိုယိုတာကားကုမ္ပဏီရဲ့ စက်တင်ဘာလရောင်းအားက သြဂုတ်လနဲ့  နှိုင်းယှဉ်ပါက ရောင်းအားထက် ဝက်ကျဆင်းသွားကြောင်း သတင်းတွေမှာ ဖော်ပြပါရှိတယ်။ တိုယိုတာကားကုမ္ပဏီရဲ့ တရုတ်ဈေးကွက်မှာ ရောင်းအားက တစ်ကမ္ဘာလုံးရောင်းအားရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း၊ ၎င်းအငြင်းပွားမှု ပြဿနာကြောင့် စက်တင်ဘာလလယ်လောက် ကစပြီး ဖောက်သည်တွေ လျော့နည်းသွားရာ ရရှိထားတဲ့ အမှာစာအသစ်တွေမှာလည်း ပယ်ဖျက်ခြင်းခံခဲ့ရကြောင်း သိရတယ်။
တိုယိုတာကုမ္ပဏီက တရုတ်နိုင်ငံမှာ  သြဂုတ်လအတွင်းက ကားအစီးရေပေါင်း ၇၅၀၀၀ ရောင်းချခဲ့ရပြီး စက်တင်ဘာလမှာ ၎င်းင်းအရေအတွက်ရဲ့ ထက်ဝက်ခန့်သာ ရောင်းချရတော့ရာ တရုတ် နိုင်ငံရှိ တိုယိုတာကား စက်ရုံတွေရဲ့ အောက်တိုဘာလအတွက် ထုတ်လုပ်မှုကို ချက်ချင်းလျှော့ချလိုက်ရတယ်။
ဒါ့အပြင် တိုယိုတာကုမ္ပဏီက ယခု ၂၀၁၂ ခုနှစ်မှာ ကမ္ဘာတစ် ဝန်းလုံးရှိ ကားစက်ရုံတွေမှ ကားအစီးရေပေါင်း ၁၀ ဒသမ ၀၅ သန်းထိ မှတ်တမ်းဝင်ထုတ်လုပ်သွားမယ်လို့ သြဂုတ်လအတွင်းက ကြေညာခဲ့သော်လည်း ယခုလက်ရှိ ဖြစ်ပွားနေတဲ့ ကျွန်းအငြင်းပွားမှု ပြဿနာကြောင့် ၎င်းလျာထားချက်ကို မဖြစ်မနေ ပြန်လည်ပြင်ဆင်ရ တော့မှာဖြစ်ကြောင်း သတင်းတွေမှာပါရှိတယ်။
Source: asianewsnet.net/home/news?
စန္ဒာပျို

ဥရောပဗဟိုဘဏ်က အစိုးရငွေချေးစာချုပ်တွေကို စတင်ဝယ်ယူ သွားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ သတင်းကြောင့် ရွှေအပါအဝင် အဖိုးတန်သတ္ထုတွေကို ဝယ်လိုအားမြင့်မားလာတယ်။ ဒါ့ကြောင့် ကမ္ဘာ့ရွှေ ကြိုပွိုင့် ဈေးနှုန်းတွေက ၁၁ လနီးပါးကာလအတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့တယ်။ အောက်တိုဘာ ၅ ရက်မှ ဒီဇင်ဘာလအရောက်ပို့ရမယ့် ရွှေကြို ပွိုင့်ဈေးနှုန်းက တစ်အောင်စကို ၁၇၉၇ ဒသမ ၇၀ ဒေါ်လာအထိရောက် ရှိခဲ့ရာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်း ဖြစ် လာပါတယ်။
Source:Bloomberg.com
ပပ

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ သခွားမွှေးအဓိက စိုက်ပျိုးထွက်ရှိရာ ချောင်းဦးမြို့နယ်ရဲ့ချင်းတွင်းမြစ် အရှေ့ဖက် ကမ်းကျေးရွာ အုပ်စုတွေမှာ တရုတ်ဈေးကွက်တင်ပို့ဖို့ ပြည်ပပို့ကုန်သစ်သီးဝလံအဖြစ် သခွားမွှေးများစတင်စိုက်ပျိုး နေပြီလို့ သိရပါတယ်။
ယခုစိုက်ပျိုးတဲ့သခွားဟာ ဒေသအခေါ် ကြားသခွားဖြစ်ပြီး၊ ကျည်းတောတွေမှာ စိုက်ပျိုးခြင်းဖြစ်ကာ ဒီဇင်ဘာလဆန်းမှာ အသီးပေါ်မှာဖြစ်တယ်လို့ သခွားမွှေးတောင်သူတစ်ဦးကပြောပါတယ်။ ပုံမှန်စိုက်ပျိုးကြတဲ့ ဆောင်းသခွားကတော့ မြစ်ရေကျချိန် နိုဝင်ဘာ၊ ဒီဇင်ဘာမှာစိုက်ပြီး၊ ဖေဖော်ဝါရီ၊ မတ်လတွေမှာ အသီးပေါ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ယခုစိုက်ပျိုးရာသီမှာ မနှစ်က တစ်ကီလို ၆ ကျပ်ထိဈေးရခဲ့တဲ့ ဆင်တံဆိပ်ရွှေသခွားမျိုးကို အစိုက်များ ကြတယ်လို့ သိရပါတယ်။ အခုလို ဈေးကောင်းရ အစိုက်များလို့ မျိုးစေ့ဈေးလည်း တစ်ထုပ် ၅၀၀၀ ကျပ်နီးပါး တက်သွားကာ ယခုအခါ အစေ့ ၃၀၀ ပါမျိုးစေ့တစ်ထုပ်ကို ကျပ် ၁၂၀၀၀ ကျပ်ခန့်ပေးရတယ်လို့ဆိုပါတယ်။ တစ်ဧကကို မျိုးစေ့အထုပ် ၃၅ ထုပ်ခန့် စိုက်ရပြီး၊ မျိုးစေ့ဖိုး ၃ ဒသမ ၅ သိန်းကုန်ကျတယ်လို့ သိရပါတယ်။ တစ်ဧကအပင် ၈၀၀၀ ခန့်ဝင်ပြီး၊ ပျိုးပင်မျိုးသက် ၁၀ ရက်သားကို ရွှေ့ပြောင်း စိုက်ရကာ သက်နုဖြစ်တဲ့အတွက် ရက် ၇၀ ပြည့်ရင် တရုတ်ပြည်တင်ပို့ဖို့ ခူးဆွတ်နိုင်ပြီလို့ အဆိုပါ သခွားမွှေးတောင်သူက ပြောပါတယ်။ မန္တလေး ဈေးကွက်အတွက်ဆိုရင် ရက် ၉၀ ပြည့်မှ ခူးဆွတ်တင်ပို့ရတယ်လို့ ဆိုပါတယ်။
ယခုနှစ် ချောင်းဦးနယ်က သခွားမွှေး တောင်သူတွေအနေနဲ့ ဈေးကောင်းရတဲ့ ဆင်တံဆိပ် ရွှေသခွားစိုက်ပျိုး ရာမှာ မူဆယ်သစ်သီးပွဲရုံတွေဆီက မျိုးစေ့နဲ့ လိုအပ်တဲ့ ပံ့ပိုးပစ္စည်းတွေကို သစ်သီးပေါ်ပေးစနစ်နဲ့ အကြေးွယူစိုက်ပျိုး ခြင်းဖြစ်ပြီး၊ တစ်ဧက ရင်းနှီးမြှုပ်နှံမှုဟာ ကျပ် ၂၀ သိန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ သခွားမွှေး ဈေးပုံမှန်ကောင်းမွန်မှုရှိရင် တစ်ဧကအကျိုးအမြတ်ကျပ် ၃၀ သိန်းကျော်မှ ၄၀ ထိရနိုင်တယ်လို့ နှစ်စဉ် သခွားမွှေး စိုက်ပျိုးပြီးအကျိုးဖြစ်ထွန်းနေတဲ့ တောင်သူတစ်ဦးက ပြောပြပါတယ်။
ထွန်းလှိုင် - မုံရွာ

ဗီယက်နမ်နိုင်ငံမှာ သစ်သားပြုပြင်ထုတ်လုပ်တဲ့လုပ်ငန်း ၃၉၀၀ ကျော်ရှိတဲ့အနက် အများစုဟာ အလုပ်သမား အားထားနေရမှုနဲ့ ရင်းနှီးမြုပ်နှံငွေ အရင်းအနှီးအားဖြင့် အားနည်းသူများဖြစ်ပါတယ်။ သစ်ပြုပြင်ထုတ်လုပ်မှု ကဏ္ဍရဲ့ လုပ်နိုင်စွမ်းရည်ဟာ တစ်နှစ်ကို သစ်သား ၁၅ ကုဗမီတာနီးပါးရှိပါတယ်။ ၂၀၀၃ ခုနှစ်မတိုင်မီက ဗီယက်နမ်နိုင်ငံဟာ ပျဉ်ပြားနဲ့ သစ်ထုတ်ကုန်တွေ အဓိကတင်ပို့ခဲ့ပေမဲ့ ယခုအခါတော့ လက်မှုထုတ်ကုန်များနဲ့ ပရိဘောဂများလည်း တင်ပို့နေပါတယ်။
ထုတ်ကုန်အမျိုးမျိုးကွဲပြားပြီး ကုန်သွယ်မှုလုပ်ငန်း မြှင့်တင်ခြင်းတို့ကြောင့် အဓိကဈေးကွက်တွေကို ပြည်ပတင်ပို့မှု သိသိသာသာတိုးတက်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်နဲ့ယှဉ်ရင် အမေရိကားကို တင်ပို့မှုဟာ ၃၁ ဒသမ ၃ ရာခိုင်နှုန်း၊ တရုတ်ကို တင်ပို့မှုမှာ ၂၄ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ဂျပန်ကိုတင်ပို့မှု ၂၁ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD) ရဲ့ စာရင်းများအရ ယခုနှစ် ပထမ ၇ လအတွင်း သစ်နဲ့လက်မှုပစ္စည်း တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံရရှိထားပြီးဖြစ်လို့ ယခင်နှစ်ထက် ၂၁ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်တယ်လို့သိရပါတယ်။
ဗီယက်နမ်သစ်ထုတ်ကုန်များကို ယခုအခါ ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၁၂၀ မှာ တွေ့ရှိနိုင်တယ်လို့ MARD မှဆိုပါတယ်။ အနောက်အာရှနဲ့ အီးယူအရှေ့ပိုင်းထိ ဈေးကွက်သစ်များ ထိုးဖောက်ခြင်းအပြင် ဖြန့်ဝေရေး ကွန်ယက်များ အလားတူတိုက်ရိုက်လက်လီဈေးကွက်တွေမှာ အခွင့်အရေးရှာဖွေဖို့ ရည်ရွယ်ခြင်းနဲ့အတူ ပြည်တွင်း ဈေးကွက်ကိုလည်း အလေးထားဆောင်ရွက်လာတယ်လို့သိရပါတယ်။
ဒါပေမဲ့ ဗီယက်နမ်ထုတ်ကုန်တွေဟာ ပြည်ပကတင်သွင်းလာတဲ့ ပစ္စည်းတွေရဲ့ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ပြည်တွင်းလုပ်ငန်းများဟာ ၎င်းတို့ရဲ့ထုတ်ကုန်များက နာမည်ကြီးအမှတ်တံဆိပ်မရှိခြင်း၊ အခြား ဈေးကွက်တွေရဲ့ ပစ္စည်းတွေလို အမြင်ကောင်းမှုမရှိခြင်းနဲ့ ဈေးနှုန်းမသင့်တင့်ခြင်းတို့ကြောင့် အားနည်းချက်များစွာ ရှိနေပါတယ်။ သစ်ပြုပြင်ထုတ်လုပ်ငန်းရဲ့ တိုးတက်မှုက ပြည်ပတင်ပို့မှုနဲ့ ပြည်ပဖောက်သည်တွေအတွက် ပြုပြင် ထုတ်လုပ်ပေးရတဲ့အပေါ် အခြေခံမူတည်နေပါတယ်။ အချို့သောလုပ်ငန်းရှင်များသာ ၎င်းတို့ရဲ့ကိုယ်ပိုင် ဒီဇိုင်း ထုတ်လုပ်ဖို့ လိုအပ်တဲ့နည်းပညာမှာ ရင်းနှီးမြှုပ်နှံထားတဲ့အတွက် ဈေးကွက်မှာ ၎င်းင်းတို့ရဲ့အမှတ်တံဆိပ် အမျိုးအစား၊ တန်ဘိုးတက်လာအောင် ဆောင်ရွက်ကြတယ်လို့ဆိုပါတယ်။ လုပ်ငန်းရှင်အများစုမှာ ၎င်းတို့ရဲ့ အရင်းအနှီး အကန့်အသတ်ကြောင့် အမှာအော်ဒါများ ဖြည့်ဆည်းဖို့ အခက်အခဲတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။
လယ်ယာစိုက်ပျိုးရေး၊ သစ်တောနဲ့ သားငါးထုတ်ကုန် ပြုပြင်ထုတ်လုပ်မှုနဲ့ ဆားလုပ်ငန်းဌာနမှ ငုယင်မင်ဒေါင်မှ အဆိုပြုရာမှာ သစ်အချောထည်လုပ်ငန်းရှင်များအနေနဲ့ ၎င်းတို့ထုတ်ကုန် အရည်အသွေးတက်အောင် အလေးထားသင့်တယ်လို့ဆိုပါတယ်။ ပရိဘောဂ၊ ဘောင်များနဲ့ လက်မှုပစ္စည်းထုတ်လုပ်မှုမှာ လုပ်ငန်းစဉ်ကွပ်ကဲမှုနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ဦးစားပေးမှုတွေကို ပြန်လည်ဖွဲ့စည်းဖို့လည်း လိုအပ်ပြီလို့ဆိုပါတယ်။ အသေးစားနဲ့အလတ်စား စက်ရုံများကိုမြှင့်တင်ခြင်း၊ အကြီးစားသစ်ပြုပြင်မှု အဆောက်အဦများ ဖွံ့ဖြိုးခြင်းနဲ့ ထုတ်ကုန်အမျိုးအစားများ တိုးချဲ့ခြင်းတွေကိုလည်း ၎င်းမှအကြံပြုထားပါတယ်။
စက်မှုလက်မှုနဲ့ကုန်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်ခေါင်းဆောင် Phan Thi Thank Minh  မှ ပြောကြားရာမှာ ဗီယက်နမ်နိုင်ငံဟာ သစ်သားကုန်ကြမ်းပုံမှန်ရောင်းချနိုင်ဖို့နဲ့ ပြည်ပမှတင်သွင်းမှုကို အားထားမှုလျော့ကျစေဖို့    သစ်တောစိုက်ပျိုးရေးကို အရှိန်မြှင့်တင်ရမယ်လို့ဆိုပါတယ်။ သစ်တောပြန်လည် စိမ်းလန်းစိုပြေရေးအတွက် လုပ်ငန်းရှင်များအနေနဲ့ ၎င်းတို့ရဲ့ သစ်တောပြန်လည်ထူထောင်ရေး ပရိုဂျက်များကို မြှင့်တင်ခွင့်ပြုဖို့နဲ့ အဲဒီပရိုဂျက်များ ပိုမိုထိထိရောက်ရောက်ဆောင်ရွက်ဖို့ ချေးငွေများထောက်ပံ့ရေး MARD ကို တိုက်တွန်းထားကြောင်းလည်း ၎င်းမှ ပြောကြားပါတယ်။
လက်ရှိအခက်အခဲများရှိပေမဲ့ ရင်းနှီးမြှုပ်နှံမှုအသိပညာရှိတဲ့ လုပ်ငန်းရှင်များဟာ သုံးစွဲသူရဲ့ယုံကြည်မှုကို တည်ဆောက်ဖို့ အခွင့်အရေးရှိလို့ ဈေးကွက်တွေမှာ ၎င်းတို့ရပ်တည်မှုတိုးတက်လာမယ်လို့  ၎င်းင်းကဆိုပါတယ်။ အရည်အသွေးတိုးတက်မှု၊ ဒီဇိုင်းကွဲပြားမှုနဲ့ကုန်သွယ်ရေးအမှတ်တံဆိပ်ပြုလုပ်ခြင်းဟာ အောင်မြင်မှုရရှိရေးအတွက် အရေးပါတယ်လို့ဆိုပါတယ်။ ဒါ့အပြင်ကုန်ကြမ်းထုတ်လုပ်တဲ့လုပ်ငန်းရှင်များနဲ့ ပြုပြင်ထုတ်လုပ်မှုတွေဟာလည်း တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်ပူးပေါင်းညှိနှိုင်းသင့်တယ်လို့ဆိုပါတယ်။ အနာဂတ်မှာ သစ်တောထွက်ကုန်ပြုပြင် ထုတ်လုပ်မှုမှ နိုင်ငံစီးပွားရေးရဲ့ အဓိက လုပ်ငန်းများထဲက တစ်ခုဖြစ်လာဖို့ စက်မှုလက်မှုနဲ့ကုန်သွယ်ရေးဝန်ကြီးဌာနမှ ရည်မှန်းထားတယ်လို့ဆိုပါတယ်။
ယမင်းခင်
Source: VOV

Pages

Subscribe to နောက်ဆုံးရ သတင်း