ဆောင်းဦးသခွားမွှေးရာသီစတင် စိုက်ပျိုးပြီ

Fri, 10/05/2012 - 09:15 -- Anonymous (not verified)

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ သခွားမွှေးအဓိက စိုက်ပျိုးထွက်ရှိရာ ချောင်းဦးမြို့နယ်ရဲ့ချင်းတွင်းမြစ် အရှေ့ဖက် ကမ်းကျေးရွာ အုပ်စုတွေမှာ တရုတ်ဈေးကွက်တင်ပို့ဖို့ ပြည်ပပို့ကုန်သစ်သီးဝလံအဖြစ် သခွားမွှေးများစတင်စိုက်ပျိုး နေပြီလို့ သိရပါတယ်။
ယခုစိုက်ပျိုးတဲ့သခွားဟာ ဒေသအခေါ် ကြားသခွားဖြစ်ပြီး၊ ကျည်းတောတွေမှာ စိုက်ပျိုးခြင်းဖြစ်ကာ ဒီဇင်ဘာလဆန်းမှာ အသီးပေါ်မှာဖြစ်တယ်လို့ သခွားမွှေးတောင်သူတစ်ဦးကပြောပါတယ်။ ပုံမှန်စိုက်ပျိုးကြတဲ့ ဆောင်းသခွားကတော့ မြစ်ရေကျချိန် နိုဝင်ဘာ၊ ဒီဇင်ဘာမှာစိုက်ပြီး၊ ဖေဖော်ဝါရီ၊ မတ်လတွေမှာ အသီးပေါ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ယခုစိုက်ပျိုးရာသီမှာ မနှစ်က တစ်ကီလို ၆ ကျပ်ထိဈေးရခဲ့တဲ့ ဆင်တံဆိပ်ရွှေသခွားမျိုးကို အစိုက်များ ကြတယ်လို့ သိရပါတယ်။ အခုလို ဈေးကောင်းရ အစိုက်များလို့ မျိုးစေ့ဈေးလည်း တစ်ထုပ် ၅၀၀၀ ကျပ်နီးပါး တက်သွားကာ ယခုအခါ အစေ့ ၃၀၀ ပါမျိုးစေ့တစ်ထုပ်ကို ကျပ် ၁၂၀၀၀ ကျပ်ခန့်ပေးရတယ်လို့ဆိုပါတယ်။ တစ်ဧကကို မျိုးစေ့အထုပ် ၃၅ ထုပ်ခန့် စိုက်ရပြီး၊ မျိုးစေ့ဖိုး ၃ ဒသမ ၅ သိန်းကုန်ကျတယ်လို့ သိရပါတယ်။ တစ်ဧကအပင် ၈၀၀၀ ခန့်ဝင်ပြီး၊ ပျိုးပင်မျိုးသက် ၁၀ ရက်သားကို ရွှေ့ပြောင်း စိုက်ရကာ သက်နုဖြစ်တဲ့အတွက် ရက် ၇၀ ပြည့်ရင် တရုတ်ပြည်တင်ပို့ဖို့ ခူးဆွတ်နိုင်ပြီလို့ အဆိုပါ သခွားမွှေးတောင်သူက ပြောပါတယ်။ မန္တလေး ဈေးကွက်အတွက်ဆိုရင် ရက် ၉၀ ပြည့်မှ ခူးဆွတ်တင်ပို့ရတယ်လို့ ဆိုပါတယ်။
ယခုနှစ် ချောင်းဦးနယ်က သခွားမွှေး တောင်သူတွေအနေနဲ့ ဈေးကောင်းရတဲ့ ဆင်တံဆိပ် ရွှေသခွားစိုက်ပျိုး ရာမှာ မူဆယ်သစ်သီးပွဲရုံတွေဆီက မျိုးစေ့နဲ့ လိုအပ်တဲ့ ပံ့ပိုးပစ္စည်းတွေကို သစ်သီးပေါ်ပေးစနစ်နဲ့ အကြေးွယူစိုက်ပျိုး ခြင်းဖြစ်ပြီး၊ တစ်ဧက ရင်းနှီးမြှုပ်နှံမှုဟာ ကျပ် ၂၀ သိန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ သခွားမွှေး ဈေးပုံမှန်ကောင်းမွန်မှုရှိရင် တစ်ဧကအကျိုးအမြတ်ကျပ် ၃၀ သိန်းကျော်မှ ၄၀ ထိရနိုင်တယ်လို့ နှစ်စဉ် သခွားမွှေး စိုက်ပျိုးပြီးအကျိုးဖြစ်ထွန်းနေတဲ့ တောင်သူတစ်ဦးက ပြောပြပါတယ်။
ထွန်းလှိုင် - မုံရွာ