အောက်တိုဘာ ပထမပတ် ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံလက်ကျန်နည်းသလို အရောင်းအဝယ်လည်းအေးနေခဲ့

Fri, 10/05/2012 - 09:10 -- Anonymous (not verified)

ယခုအောက်တိုဘာ ပထမပတ် ပြည်ဈေးကွက်မှာ ပဲမျိုးစုံ ပဲအဝင်နည်းလာခဲ့သလို ပဲဈေးနှုန်းများကလည်း ဈေးအေး အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲသီးနှံမှာ တောင်သူများ လက်ကျန်မရှိသလောက်ဖြစ်ပြီး၊ လှောင်လက်သမားများကတော့ ပဲဈေးအကျဘက်ဖြစ်နေတဲ့အတွက် ရောင်းသင့်သလောက် မရောင်းကြဘူးလို့ သိရပါတယ်။ ပဲဈေးမှာ တဖြည်းဖြည်းဈေးကျ လာပြီး တစ်တင်း ၁၄၆၀၀ ကျပ်နဲ့ ရန်ကုန်ဝယ်လက်အဝယ်ရှိသော်လည်း ရောင်းချမှု နည်းတာကြောင့် တစ်ရက်အိတ် ၁၀၀ ကျော်သာအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
ပဲတီစိမ်းသီးနှံကတော့ မျိုးပဲတစ်တင်း ၁၆၀၀၀ ကျပ်နဲ့ အရည်အသွေးကောင်းတဲ့ ပဲများကို ရွေးချယ်ဝယ်ယူ ကြပါတယ်။ လက်လီ၊ လက်ကားအရောင်းအဝယ်ဖြစ်မှုအေးခဲ့ပြီး၊ ပဲအဝင်လည်း ပါးခဲ့တာကြောင့် တစ်ခါတစ်ရံ အိတ် ၂၀ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။
ပဲစင်းငုံသီးနှံကိုတော့ ရန်ကုန်ဝယ်လက်ကလည်း အဝယ်ပါးနေတဲ့အတွက် ဈေးလည်းအေးနေပါတယ်။ ယခုလဆန်းပိုင်းအတွင်း တစ်တင်း ၁၇၅၀၀ ကျပ်နဲ့ ယခင်လကထက် တစ်တင်း ၁၀၀၀ ကျပ်ခန့် ဈေးလျော့သွား ခဲ့ပါတယ်။ ဒေသတွင်း ဝယ်လက်အဝယ်မရှိဘဲ ရန်ကုန်ဝယ်လက်အဝယ်ရှိမှသာ အိတ် ၄၀၀ ကျော်အထိ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။
ပဲကြီးသီးနှံအနေနဲ့ ဈေးကွက်မှာ ဈေးအမြင့်အတိုင်း ဆက်လက်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲဝင် ရောက်မှု အနည်းငယ်သာရှိပြီး၊ ပဲကြော်ဖိုလုပ်ငန်းသမားများ နေ့စဉ်အဝယ်ရှိတဲ့အတွက် တစ်ရက် အိတ် ၂၅၀ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်အနေနဲ့ တစ်ခါတစ်ရံသာ အဝယ်ရှိခဲ့ပြီး၊ ပဲကြီးဈေးကတော့ စက်တင်ဘာလကုန်ဈေးအတိုင်း ပဲကြီး(ရွှေကျွန်း)တစ်တင်း ၃၀၀၀၀ ကျပ်၊ ပဲကြီး(ကမ်းနား) တစ်တင်း ၂၈၀၀၀ ကျပ်နဲ့ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။
ခင်ဆွေဝင်း - ပြည်