နောက်ဆုံးရ သတင်း

 ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ဝါသီးနှံကဏ္ဍတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Stakeholders များပါဝင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူ၊ ဝါကြိတ်စက်လုပ်ငန်းရှင်များမှအစ ပြည်ပတင်ပို့သည့် Exporter များအထိ သင့်တင့်မျှတသည့် ဈေးနှုန်းများ၊ ထိုက်သင့်သည့် အကျိုးအမြတ်များရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တက်ရောက်လာကြသည့် ဌာနများနှင့် သက်ဆိုင်ရာအသင်း အဖွဲ့များမှ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးစေလိုပါကြောင်းနှင့် အခက်အခဲများရှိပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပံ့ပိုးကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသူများက ဝါစိုက်ပျိုးထုတ်လုပ်မှု၊ နိုင်ငံပိုင် စက်ရုံများနှင့်တိုင်းရင်းသားချည်လုပ်ငန်းရှင်များက ဝါဂွမ်းဝယ်ယူရရှိမှုအခြေအနေနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဝယ်ယူရန်လျာထားမှုအခြေအနေများ၊ ပြည်ပတင်ပို့မှုနှင့် ဝါသီးနှံနှင့် ဝါဂွမ်း လက်ကျန် ကျန်ရှိမှုအခြေအနေများနှင့်ပတ်သက်ပြီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်ဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဝါနှင့် ဝါထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ဝါလုပ်ငန်းနှင့်ပတ်သက်သည့် အသင်းအဖွဲ့များနှင့် ဝါဂွမ်းတင်ပို့ သည့် Exporter များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုသင်တန်း (၃/၂၀၂၂) သင်တန်းသားခေါ်ယူခြင်း

 

        Virtual Online စနစ်အသုံးပြု၍ “ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ် အသုံးပြု သင်တန်း (၃/၂၀၂၂)အား သင်တန်းသားဦးရေ (၅၀၀-ဦး) ဖြင့် အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပါသည် -

သင်တန်း နေ့ရက်/အချိန်/နေရာနှင့် ဘာသာရပ်များ

(၁)  သင်တန်းနေ့ရက်             - (၂၈-၅-၂၀၂၂)ရက်နေ့ မှ (၂၉-၅-၂၀၂၂)ရက်နေ့ထိ

(၂)  သင်တန်းအချိန်               - (၁၀ : ၀၀) မှ (၁၅ : ၃၀)နာရီအထိ

(၃)  သင်တန်းနေရာ               - Virtual Online

(၄)  ပို့ချမည့် ဘာသာရပ်များ   - *Tradenet2.0  Brief, *Tradenet Member, * HS Code အကြောင်း          

                                             *ပသကနှင့်ဆက်စပ်ကတ်များ(မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ)

                                             *ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များ(မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ)

                                             *ကုန်သွယ်မှုဆိုင်ရာငွေပေးသွင်းမှု(e-Commerce Pay) 

                                             * ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Online Co)               

လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့် သင်တန်းကြေး

(၁)   အများသိရှိနိုင်ရန်ကြော်ငြာမည့်ရက်                        -    (၁၀-၅-၂၀၂၂)

(၂)   သင်တန်း Form လက်ခံခြင်း                                   -   (၁၆-၅-၂၀၂၂) မှ (၂၃-၅-၂၀၂၂)   

(၃)   သင်တန်းဝင်ခွင့်ရရှိသည့် သင်တန်းသားအား             -     (၂၄-၅-၂၀၂၂)

       ထုတ်ပြန်အကြောင်းကြားခြင်း          

(၄)   သင်တန်းကြေးပေးသွင်းရမည့်ရက်                         -   (၂၅-၅-၂၀၂၂) မှ (၂၆-၅-၂၀၂၂)

(၅)   Webinar Register ပြုလုပ်ရမည့်ရက်                    -   (၂၇-၅-၂၀၂၂) ရက်နေ့

(၆)   သင်တန်းကြေး                                                   -   ၃၀၀၀၀ ကျပ်

လျှောက်ထားခြင်း/ငွေသွင်းခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်

(၁)    လျှောက်လွှာနှင့် [email protected] သို့ သတ်မှတ်ရက်ထက်မကျော်လွန်ဘဲ ပေးပို့ လျှောက်ထားရန်။

        (လျှောက်လွှာနှင့်ကုမ္ပဏီထောက်ခံချက်ပုံစံ www.myanmartradenet.com တွင် Download ရယူရန်)

        (၂၄-၅-၂၀၂၂) တွင်တက်ရောက်ခွင့်ရရှိမှုအား လျှောက်လွှာပါ e-mail သို့ အကြောင်းပြန်ကြားမည်ဖြစ်ပြီး Commerce Website,

        Tradenet Website, Commercial New Facebook Page နှင့် Tradenet 2.0 Facebook Page တို့တွင် ကြော်ငြာပေးသွားမည်။

(၂)    သင်တန်းတက်ရောက်ခွင့် e-mail ရရှိပါက KBZ Quick Pay ဖြင့် သင်တန်းကြေးပေးသွင်းရန်။

       (Quick Pay ပေးသွင်းရန် Title - Department of Trade/Tradenet Training Fees)(သင်တန်းတက်ရောက်ခွင့်ရရှိသူများသာ

       ငွေပေးသွင်းရန်)

(၃)   သင်တန်းကြေးပေးသွင်းပြီး Screen Shot အားလျှောက်လွှာပေးပို့ခဲ့သည့် e-mail ဖြင့် Reply mail ပေးပို့ရမည်။

(၄)   ငွေပေးသွင်းမှုစိစစ်ပြီးပါက (၂၇-၅-၂၀၂၂) ရက်နေ့တွင် လျှောက်လွှာပါ e-mail သို့ Webinar Register ပြုလုပ်ရန်အတွက်

        Link နှင့် သင်ခန်းစာများအားပေးပို့သွားမည်။

စည်းကမ်းချက်များ

(၁)   သတ်မှတ်ရက်ကျော်လွန်လျှောက်ထားလာသည့် လျှောက်လွှာများ လက်ခံခြင်းမပြုပါ။

(၂)    လျှောက်လျှောက်လွှာတွင်ပါရှိသော အချက်များအားပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရန်လိုအပ်ပါသည်။ လက်ရေး ဖြင့် ဖြည့်သွင်းပါက

        ရှင်းလင်းပီသစွာရေးသွင်းရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိပါက Quick Pay တွင် ပါရှိသည့် အချက်များအား

        သေချာစွာဖြည့်သွင်းရမည်။

(၃)    လျှောက်လွှာပါ e-mail သို့ Register Link ပေးပို့မည်ဖြစ်၍ သင်တန်းသား (၁) ဦးလျှင် e-mail(၁) ခု ပေးပို့မှသာ Register Link နှင့်

         သင်ခန်းစာများ တစ်ဦးချင်းစီသို့ သီးခြားပေးပို့နိုင်မည်ဖြစ်သည်။

(၄)    သင်တန်းသားဦးရေကျော်လွန်ပါက နောက်ဖွင့်လှစ်မည့်သင်တန်းတွင်သာ တက်ရောက်ခွင့်ရရှိမည်။

(၅)    သင်တန်းအားအချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

(၆)    သင်တန်းဆင်းလက်မှတ် e-Certificate အား (၂)ပတ်အတွင်း လျှောက်လွှာပါ email သို့ ပေးပို့သွား မည်ဖြစ်သည်။

 

မှတ်ချက်   -   အခက်အခဲရှိပါက ၀၆၇-၄၀၈၄၁၂, ၀၆၇-၄၀၈၂၄၁, ၀၆၇-၄၀၈၆၇၁, ၀၆၇-၄၀၈၄၈၅

 

ကုန်သွယ်ရေးဦးစီးဌာန

၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲ အခမ်း အနားသို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအဖွဲ့ဝင်၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်(၉)ရပ်ချမှတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးဦးတည်ချက်များအား အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဓိက အဟန့်အတားဖြစ်စေသည့် တရားမဝင်ကုန်သွယ်မှုများ သည် ခေတ်အဆက်ဆက်မှ အမြဲမပြတ်ပေါ်ပေါက်လျက်ရှိပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုများ ကြောင့် အဂတိလိုက်စားမှုများ ကြီးထွားလာခြင်း၊ Commercial Crime များပေါ်ပေါက်လာပြီး Rule of Law ကိုပါထိခိုက်လာနိုင်ခြင်း၊ နိုင်ငံတော်အတွက်ရသင့်ရထိုက်သည့် အခွန်အခများဆုံးရှုံး စေနိုင်ခြင်း၊ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းစေခြင်း၊ စားသုံးသူ ပြည်သူလူထုအပေါ် အန္တရာယ်ကျရောက်စေနိုင်ခြင်း၊ အမျိုးသား လုံခြုံရေးနှင့် ကျန်းမာရေးတို့ကိုပါ ထိခိုက်ပျက်ပြားစေခြင်း စသည့်ဆိုးကျိုးများစွာ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်(၁၃)ရပ်အနက် နောက်ဆုံးအချက်ဖြစ်သော တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ မဟာဗျူဟာနှင့်လမ်းညွှန်ချက်များ အပေါ် လုပ်ငန်းစီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ်ခြင်း၊ လေ့လာစောင့် ကြည့်ခြင်း၊ အကဲဖြတ်ခြင်းနှင့် အစီရင်ခံခြင်းများကို ဆောင်ရွက်နိုင်ရန် အမြဲတမ်းရုံးအဖွဲ့တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ခြင်း၊ ယင်းရုံးအဖွဲ့တွင် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ အချိန်ပြည့် ပူးပေါင်းဆောင်ရွက်ပြီး ယခုသင်တန်းကိုအနီးကပ်ကြီးကြပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်မှ ပြောကြားရာတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်း များတွင် ပါဝင်လျက်ရှိသည့် ဌာနများမှ ဝန်ထမ်းများအနေဖြင့် ဆက်စပ်ဌာနများ၏ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပိုမိုကျေညက်စွာသိရှိစေရန်နှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို ယခုထက်ပိုမို၍ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ် ကြောင်း၊ သင်တန်းတွင် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးနှင့်အထက် အဆင့်ရှိသောနည်းပြ များက ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းနှင့် သက်ဆိုင်သည့် အချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး နှင့်သက်ဆိုင်သည့်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား များတက်ရောက်ကြပြီး အဆိုပါသင်တန်းအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅၂)၊ စားသုံးသူရေးရာဦးစီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပြီး သင်တန်းသား (၃၀) ဦး တက်ရောက်ကာ သင်တန်းကာလမှာ ရက်သတ္တ (၂) ပတ်ကြာမြင့်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသတွင် ကိုဗစ်-၁၉ ကပ်ရောဂါအား ပူးတွဲကြိုတင်ကာကွယ် ထိန်းချုပ်ရေးကို ထိရောက်စွာတွန်းအားပေးနိုင်ရေး၊ နှစ်နိုင်ငံ ပြည်ဝင်/ ထွက်ဂိတ် နယ်စပ်ကုန်သွယ်ရေးချောမွေ့စေရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှုကို တည်ငြိမ်စွာတွန်းအားပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ တရုတ်နိုင်ငံ (ယူနန်ပြည် နယ်)နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ်ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်း ဝန် ဦးမင်းမင်း၊ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရနိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးချုပ် Ms.Yang Mu ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး(မန္တလေး)နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး (ကူမင်း မြို့)တို့မှ ကောင်စစ်ဝန်ချုပ်များမှ အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဘက်မှ ရာသီပေါ်သရက်သီးအပါအဝင် ပုပ်သိုးကုန်သစ်သီး ဝလံများအား တရုတ်နိုင်ငံ ဘက်သို့ လျင်မြန်စွာတင်ပို့နိုင်ရေးကိစ္စ၊ နယ်စပ်တွင် တရုတ်ခေါက်တိုယာဉ်များ ဈေးနှုန်းကြီးမြင့်မှု လျော့ချရေးကိစ္စ၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်မှုပြုရာတွင် ကုန် တင်ယာဉ်များ အဆင်ပြေချောမွေ့စွာဝင်ရောက်နိုင်ရေးကိစ္စ၊  BP – 125 နယ်စပ်ဂိတ် ယာယီဂိတ် ဖွင့်လှစ်နိုင်ရေး၊ အဆိုပါဂိတ်မှ မြန်မာ့ပို့ကုန်ကြံများအား တင်ပို့နိုင်ရေးကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်မှု မူဝါဒအပြောင်းအလဲများအား Contact Person မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ် ရေးကိစ္စ၊ အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ အပင်ပိုးမွှားကင်းစင်ရေး ဆိုင်ရာ SPS လုပ်ငန်းစဉ်များတွင် GACC နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စရပ်များအား နှစ်ဘက်တက်ရောက်လာကြသူများမှ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

          အဆိုပါဆွေးနွေးပွဲသို့ ယူနန်ပြည်နယ်ရှိ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာ နိုင်ငံဘက်မှ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ကုန် သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

          ယနေ့ကျင်းပသည့် တရုတ်နိုင်ငံ(ယူနန်ပြည်နယ်)နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ် ကုန် စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲသည် နှစ်နိုင်ငံအကြား ကိုဗစ်-၁၉ ရောဂါနှင့် အတူယှဉ် တွဲနေထိုင်ရေးအတွက် ရှေးရှုပြီး ကဏ္ဍအလိုက်ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက် ခြင်းဖြင့် မျှတသော ကုန်သွယ်မှုကိုဖြစ်ပေါ်စေကာ နှစ်နိုင်ငံအကြား ရေရှည်ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံရေးကို ဖော်ဆောင်ပေးနိုင်ရေးဆွေးနွေးနိုင်ခဲ့သော အစည်းအဝေးတစ်ရပ်ဖြစ်ကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း