နောက်ဆုံးရ သတင်း
၁။ ASEAN Network of Intellectual Property Enforcement Expert (ANIEE) မှ မူပိုင်ခွင့် ဆိုင်ရာ Poster နှင့် Video ပြိုင်ပွဲများကို ကျင်းပမည်ဖြစ်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင် ယှဉ်ပြိုင်နိုင်သဖြင့် လူငယ်လူရွယ်များ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ ပိုစတာပြိုင်ပွဲ စည်းကမ်းသတ်မှတ်ချက်များမှာ-
(က) “Respecting Intellectual Property Rights in Midst of the Pandemic to Protect MSMEs”ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရပါမည်။
(ခ) အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်လူရွယ်များပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
(ဂ) Poster အရွယ်အစားသည် A4 (8.27’x 11.69’)(300 DPI) PORTRAIT ဖြစ်ရမည်။
(ဃ) ပြိုင်ပွဲဝင်သူသည် ပိုစတာပြုလုပ်နေသည့် အထောက်အထား video ကိုတင်ပြရမည်။
(င) ပြိုင်ပွဲဝင်သူသည် တီထွင်ဖန်တီးမှုဖော်ပြရန်အတွက် Photoshop ၊ Paint(သို့မဟုတ်) မည်သည့် graphics software ကိုမဆို အသုံးပြုနိုင်ပါသည်။
(စ) ပိုစတာသည် high resolution JPEG Format ၊ Maximum File size- 10 MB ဖြစ်ရ မည်၊ အနည်းဆုံး 1920 x 1080 pixels နှင့် 300 dpi ဖြစ်ရမည်။
(ဆ) ပြိုင်ပွဲဝင်သူကိုယ်တိုင်ဖန်တီးထားသည့် Static digital Imageဖြစ်ရမည့်အပြင် ဖော်ပြချက် အကျဉ်းချုပ်သည် စကားလုံး ၁၀၀ ထက်မပိုရပါ။
(ဇ) ယခင်ပြိုင်ပွဲများတွင် ပြိုင်ခဲ့သည့်အကြောင်းအရာများ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများကို ချိုးဖောက်သည့်အကြောင်းအရာ များအား ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။
(ဈ) လူပုဂ္ဂိုလ်များ၏ ပုံရိပ်များပါဝင်ပါက အဆိုပါ ပုဂ္ဂိုလ်၏ သဘောတူညီချက်ပါရှိရမည်၊
(ည) ပြိုင်ပွဲဝင်သူသည် Poster တစ်ခုသာ တင်သွင်းယှဉ်ပြိုင်ရမည်။
(ဋ) ပြိုင်ပွဲဝင်လက်ရာများအနက်မှ အကောင်းဆုံးလက်ရာရှင်တစ်ဦးကို စိစစ်ရွေးချယ်ပြီး အာဆီယံဒေသတွင်း နိုင်ငံများနှင့် ယှဉ်ပြိုင်ရန် ပေးပို့သွားပါမည်။
၃။ Video ပြိုင်ပွဲအတွက် စည်းကမ်းချက်များမှာ-
(က) “IP and Youth: Digital Enforcement, Innovating for a Better Future” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရပါမည်။
(ခ) အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်လူရွယ်များ(တစ်ဦးချင်း/အဖွဲ့)ပါဝင် ယှဉ်ပြိုင် နိုင်ပါသည်။
(ဂ) Video သည် ၁ မိနစ်မှ ၃ မိနစ်အတွင်း ကြာမြင့်ရမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကား ဖြစ်ရမည်။ (မြန်မာဘာသာဖြင့် စာတန်းထိုးရေးသားနိုင်သည်။)
(ဃ) ယှဉ်ပြိုင်သည့် Video သည် အခြား Social Media များအပါအဝင် You Tube Terms of Service and Community Guideline နှင့်ကိုက်ညီရမည်။
(င) အဆိုပါ Video သည် ပြိုင်ပွဲဝင်၏ ကိုယ်ပိုင်လက်ရာဖြစ်ရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်များ၏ ပုံရိပ်များပါဝင်ပါက အဆိုပါပုဂ္ဂိုလ်၏ သဘောတူညီချက်ပါရှိရမည်။
(စ) ပြိုင်ပွဲဝင်သည် Video တစ်ခုသာတင်သွင်းယှဉ်ပြိုင်ရမည်။
(ဆ) ပြိုင်ပွဲဝင်လက်ရာများအနက်မှ အကောင်းဆုံးလက်ရာရှင်တစ်ဦးကို စိစစ်ရွေးချယ်ပြီး အာဆီယံ ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် ပေးပို့သွားပါမည်။
၄။ ANIEE မှ Poster နှင့် Video တစ်ခုချင်းစီအတွက် အောက်ပါအတိုင်း ဆုချီးမြှင့်မည်ဖြစ်ပါသည်-
(က) ပထမဆု - 500 USD
(ခ) ဒုတိယဆု - 300 USD
(ဂ) တတိယဆု - 200 USD
၅။ ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲဝင်လက်ရာ(hard copy နှင့် soft copy)တို့ကို မိမိ၏ကိုယ်ရေးအကျဉ်း၊ မှတ်ပုံတင်မိတ္တူပူးတွဲလျက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်သို့လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ [email protected] emailသို့ဖြစ်စေ(၁-၈-၂၀၂၂)ရက်နေ့နောက်ဆုံးထား၍ ပေးပို့ယှဉ်ပြိုင်သွားရန်နှင့် ပြိုင်ပွဲဝင်လက်ရာ များအနက်မှ သတ်မှတ်စည်းကမ်းချက်နှင့်ကိုက်ညီသည့် Poster နှင့် Video ပြိုင်ပွဲတစ်ခုစီအတွက် အကောင်းဆုံးလက်ရာ(၁)ခုစီအား စိစစ်ရွေးချယ်ပြီး ရွေးချယ်ခံရသည့် ကာယကံရှင်ထံသို့ အကြောင်း ကြားပါမည်။ အဆိုပါ လက်ရာ(၂)ခုအား အာဆီယံဒေသတွင်းပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အာဆီယံဒေသတွင်း ပြိုင်ပွဲတွင် ဆုရရှိပါက ဆက်သွယ်ပေးမည်ဖြစ်ပါသည်။
၆။ အာဆီယံဒေသတွင်း ဆုရရှိသူ၏ မူပိုင်ခွင့်သည် ကာယကံရှင်ဖြစ်သော်လည်း အဆိုပါ Poster နှင့် Video အား အသုံးပြုခွင့်သည် ANIEE နှင့်သက်ဆိုင်သည်။
၇။ အဆိုပါ ပြိုင်ပွဲနှင့်စပ်လျဉ်း၍ စုံစမ်းသိရှိလိုပါက မူပိုင်ခွင့်ဦးစီးဌာန၏ တယ်လီဖုန်းနံပါတ် ၀၆၇-၄၃၀၅၉၅ သို့မဟုတ် ၀၆၇-၄၃၀၅၉၆ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
မူပိုင်ခွင့်ဦးစီးဌာန
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့သည့် ဆန်ပြည်ပတင်ပို့မှုလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက်လက်တိုးတက်ဖွံ့ဖြိုးစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာ စကားပြောကြားခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍသည် နိုင်ငံတော်၏ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေသည့်အပြင် ဆန်ပြည်ပတင်ပို့မှုလုပ်ငန်းစဉ်များနှင့် ဆန်စပါးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်သည်မှ ပြည်ပတင်ပို့ ရောင်းချသည်အထိ လုပ်ငန်းစဉ်တစ်လျှောက်တွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နေသူများအားလုံးအနေဖြင့် ကဏ္ဍတစ်ခုနှင့်တစ်ခုကို ချိတ်ဆက်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံ ပြီး ပြည်တွင်းမွေးမြူရေးအစားအစာလိုအပ်ချက်များနှင့် ချိန်ညှိ၍ ပိုလျှံသည်များကို ပြည်ပတင်ပို့နိုင်ရေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိကာလတွင် ကုန်သွယ်မှုပုံစံများ ပြောင်းလဲလာသည်နှင့် အညီ ကုန်စည်အရည်အသွေး သတ်မှတ်ချက်၊ ဝယ်ယူမှုပုံစံအသစ်များ၊ တင်ပို့ရောင်းချမှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် ကဏ္ဍ အလိုက် စိန်ခေါ်မှုများ ကြုံတွေ့လာရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်ယနေ့ဆွေးနွေးပွဲတွင် ကဏ္ဍအလိုက် စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်မည့်နည်းလမ်းများကို ပွင့်ပွင့်လင်းလင်းဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုပါကြောင်းနှင့် လိုအပ်သည်များ ကိုလည်း ညှိနှိုင်းပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆန်ပြည်ပတင်ပို့မှုလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်နေမှုအခြေအနေ၊ ပြည်တွင်းစိုက်ပျိုးထွက်ရှိမှု၊ ပြည်တွင်းမွေးမြူရေးလုပ်ငန်းများ၏ လိုအပ်ချက်များနှင့် ချိန်ဆ၍ ပြည်ပတင်ပို့နေမှုအခြေအနေ၊ ဆန်ထွက်ပစ္စည်းများနှင့် တန်းမြင့်ဆန် များ ပြည်ပတင်ပို့မှုအခြေအနေ၊ ပို့ကုန်လိုင်စင်လျှောက်ထားမှုကိစ္စရပ်များနှင့် စပ်လျဉ်းပြီးနိုင်ငံတော်မှကူညီဆောင်ရွက်ပေးစေလိုသည် များကို ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သက်ဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဆန်စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်သည်မှ ပြည်ပတင်ပို့ ရောင်းချသည်အထိ လုပ်ငန်းစဉ်တစ်လျှောက် ကဏ္ဍအလိုက် လိုအပ်ချက်များအပေါ် အသီးသီးဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံယမကာ ထုတ်လုပ်ဖြန့်ဖြူး သူများအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့် ညီနောင်အသင်းများမှ တာဝန် ရှိသူများ၊ ဆန်ပြည်ပတင်ပို့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဆန်စက် အပိုပစ္စည်းစက်ရုံဝင်းရှိ ရာဘာကြိတ်လုံးစက်ရုံအပါအဝင် အဆောက်အဦ(၃)လုံးနှင့် စက်ယူနစ်(၂၂)မျိုး တို့အား ရာဘာလုပ်ငန်း အမှန်လုပ်ကိုင်သူများအား (၁)နှစ်သက်တမ်း (၁)နှစ်တစ်ကြိမ် စာချုပ် ချုပ် ဆို၍ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-
(က) တင်ဒါပုံစံရောင်းချမည့်ရက် - (၁.၇.၂၀၂၂)ရက်မှ (၁၄.၇.၂၀၂၂)ထိ
( ခ ) တင်ဒါပိတ်မည့်နေ့/အချိန် - (၁၄.၇.၂၀၂၂)ရက် ညနေ( ၁၆:၀၀)နာရီ
( ဂ ) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန် - (၂၁.၇.၂၀၂၂)ရက်နေ့၊ (၁၃:၀၀)နာရီ
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။
(င) စာရင်းပေးသွင်းရမည့်နေရာ - ရုံးအမှတ်(၅၂)၊ နေပြည်တော်
(စ) တင်ဒါစည်းကမ်းချက်များ - (၂၁.၇.၂၀၂၂)ရက်နေ့၊ (၁၀:၃၀)နာရီ
ရှင်းလင်းမည့်ရက်/အချိန်/နေရာ ရုံးအမှတ်(၅၂)၊ နေပြည်တော်
(ဆ) တင်ဒါပုံစံရောင်းချမည့်နေရာ - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊
စီမံရေးရာဌာနခွဲ၊ အမှတ် (၂၂၈/၂၄၀)၊ ဒုတိယထပ်၊ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့။
(ဇ) Depositပေးသွင်းနိုင်သည့်ဘဏ် - တင်ဒါစည်းကမ်းသတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။
၂။ စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် ဆန်စက်အပိုပစ္စည်းစက်ရုံဝင်းရှိ ရာဘာကြိတ်လုံး စက်ရုံအပါအဝင် အဆောက်အဦ(၃)လုံးနှင့် စက်ယူနစ်(၂၂)မျိုးတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာ မြို့နယ်သို့ သွားရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံ ဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။
တင်ဒါစိစစ်ရေးအဖွဲ့
နေပြည်တော် ဇွန် ၂၄ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက် (၀၇:၃၀) နာရီအချိန်က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ရုံးဆောက်လုပ်မည့် မြေနေရာအနီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မဟော်ဂနီအပင်ကို ဦးဆောင်စိုက်ပျိုးပြီး ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက မဟော်ဂနီပင်များနှင့် ရတနာတန်းဝင်ကျွန်းပင် (၁၉၇) ပင်၊ စုစုပေါင်း (၂၀၀) ပင်ကိုပါဝင်စိုက်ပျိုးကြပြီး နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့များသည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီနှင့် ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင်ကျွန်းပင် (၂၀၀) ပင်၊ ပျဉ်းကတိုး (၁၅၀) ပင်၊ မဟော်ဂနီ (၁၅၀) ပင်၊ ဒန့်တလွန် (၅၀၀) ပင်၊ မန်ဂျန်ရှား (၁၀၀၀) ပင်၊ တစ်ရှူးငှက်ပျော (၂၀၀) ပင်၊ ထိုင်ဝမ်သင်္ဘော (၃၀၀) ပင်၊ စိန်တလုံးသရက် (၈၅၀) ပင်၊ ဝါးပိုးဝါး (၁၀၀၀) ပင်တို့အား စိုက်ပျိုးပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၆-၅-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၁၃/၂၀၂၁ ဖြင့်ထုတ်ပြန်ထားသည့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာ၌ အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများစာရင်းတွင်ပါဝင်သည့် ကုန်ပစ္စည်းများတင်ပို့ခြင်း တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ နည်းဥပဒေများအရ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီ၏ ထောက်ခံချက်ရယူရန် လိုအပ်မည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။