Minister's Office

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း (၁၅) ကြိမ်မြောက် ဗီယက်နမ်နိုင်ငံတကာ ပရိဘောဂနှင့် အိမ်အသုံးအဆောင်ပစ္စည်းများပြပွဲ အခမ်းအနားသို့ တက်ရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာ

Sun, 02/25/2024 - 12:57 -- mocadmin
Undefined

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်  ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ SKY EXPO ဗီယက်နမ်နိုင်ငံတကာပြပွဲဗဟိုဌာန၌  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၉ ရက် နေ့အထိ ကျင်းပပြုလုပ်မည့် (၁၅) ကြိမ်မြောက် ဗီယက်နမ် နိုင်ငံတကာပရိဘောဂနှင့် အိမ်အသုံး အဆောင်ပစ္စည်းများပြပွဲ အခမ်းအနားသို့တက်ရောက်ရန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်‌နေ့ (၁၆:၄၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာခဲ့သည်။

          အဆိုပါပြပွဲသည် နိုင်ငံတကာမှ ပရိဘောဂပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းများ ထုတ် လုပ်သူ၊ ရောင်းချသူ၊ ဝယ်ယူသူအစရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက် နိုင်ခြင်း၊ စီးပွာ‌ရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းကောင်းများရရှိကာ မြန်မာ့ပရိဘောဂထုတ်ကုန် ပစ္စည်းများကို နိုင်ငံတကာဈေးကွက်သို့ ပိုမိုချဲ့ထွင်တင်ပို့နိုင်ပြီး ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်  နိုင်မည်ဖြစ်ပါသည်။ ကုန်စည်ပြပွဲသို့ တက်ရောက်ပြီးနောက် ဗီယက်နမ်နိုင်ငံရှိ အုန်းသီးစိုက်ပျိုး ထုတ်လုပ်တင်ပို့မှုအခြေအနေများအား လေ့လာကာ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာဆိုင်ရာကိစ္စ များ ဆွေးနွေးသွားမည်ဖြစ်ပါသည်။

          အဆိုပါခရီးစဉ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်၊ ဌာနဆိုင်များမှ တာဝန်ရှိသူ များနှင့်အတူ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်လုပ်ငန်းရှင်များ လိုက်ပါသွားကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း စားသုံးဆီ သိုလှောင်ဖြန့်ဖြူးမှုနှင့် ပြောင်းနှင့်ဆန် ပြည်ပသို့ တင်ပို့နေမှုများအား ကြည့်ရှုစစ်ဆေး

Mon, 02/19/2024 - 07:43 -- mocadmin
Undefined

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များသို့ ရောက်ရှိပြီး တာဝန်ခံတစ်ဦးမှ ဆီများ ပြည်ပမှမှာယူရောက်ရှိမှု၊ သိုလှောင်ထားရှိမှု၊ ပြည်တွင်း စားသုံးသူများထံသို့ ဖြန့်ဖြူးပေးနေမှုတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စားသုံးဆီအရည်အသွေး စစ်ဆေးမှုအခြေအနေများ၊ ပြည်သူများစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ ပြည်တွင်းဖြန့်ဖြူး နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေးများနှင့်အညီ ဖြန့်ဖြူးရေးနှင့် လျော့နည်းမှုမရှိစေရေးတို့အား အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆူးလေဆိပ်ကမ်းတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အသင်းဝင်ကုမ္ပဏီ (၁၁) ခုက ပြည်ပသို့ ဝမ်းပုံ (In Bulk) စနစ်ဖြင့် ဆန်တင်ပို့ရန် MV. Vega Granat သင်္ဘောပေါ်သို့ ဆန်တင်ပို့ဆောင်ခြင်းလုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ်အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဦးစားပေးဆောင်ရွက်ရန်တို့အား မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ပသို့ တင်ပို့မည့် ဝမ်းပုံ (In Bulk)စနစ်ဖြင့် ပြောင်းများအား အလုံဆိပ်ကမ်းတွင် ဆိုက်ကပ်လျက်ရှိသော HONG LINH-1 နှင့် MV.PIONEER FORTUNE သင်္ဘောများပေါ်သို့ တင်ဆောင်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ကြည်မြင်တိုင်မြို့နယ်၊ ထီးတန်း ဆိပ်ကမ်းသို့ ရောက်ရှိပြီး စားသုံးဆီများသိုလှောင်ထားရှိမှု၊ ဆီပေပါများအတွင်း ထည့်သွင်းနေမှုနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးသို့ ဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက်နေမှုတို့အား ကြည့်ရှု စစ်ဆေးပြီး စားသုံးဆီများ အရေအတွက်နှင့်အလေးချိန်ပြည့်မီစေရေး၊ အများပြည်သူ လက်ဝယ်သို့ အချိန်မီဖြန့်ဖြူးပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်

Wed, 02/14/2024 - 10:03 -- mocadmin
Undefined

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄         နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာ များအား နေပြည်တော်တိုင်း စစ်ဌာနချုပ်သို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် လာရောက်ဂုဏ်ပြု ပေးအပ်သည်။

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများပေးအပ်ခြင်း အခမ်းအနားကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ပေးအပ် လှူဒါန်းသည့် ငွေကျပ်သိန်း (၁၅၀)တန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့်ငွေကျပ်သိန်း(၅၀)၊ စုစုပေါင်းကျပ်သိန်း (၂၀၀) တန်ဖိုးရှိ ငွေသားနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကို တိုင်းမှူးထံ ပေးအပ်ခဲ့ပြီး တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ  ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Fri, 02/02/2024 - 04:15 -- mocadmin
Undefined

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Neta U နှင့် Neta V အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD Seagull အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊  Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် AIMA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များနှင့် ဆိုင်ကယ်အပိုပစ္စည်းများ၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BAIC ARCFOX α T အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အားသွင်း စက်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၁ - ၂ - ၂၀၂၄) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့် အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

ယခုရက်သတ္တပတ်ပြည်ပပို့ကုန်တင်ပို့မှု အခြေအနေ

Mon, 01/22/2024 - 03:25 -- mocadmin
Undefined

၁။           ယခုရက်သတ္တပတ် ဇန်နဝါရီလ ၆ ရက်မှ ၁၂ ရက်နေ့ထိ ပြည်ပပို့ကုန်မှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆၄ သန်းကျော်ရရှိသည်။ ယခုအပတ်တွင် လယ်ယာထွက်ကုန် တင်ပို့မှုမှ ဆန်/ ဆန်ကွဲ၊ ပဲမျိုးစုံ၊ သစ်သီးဝလံ၊ ‌ရော်ဘာ၊ နှမ်း တို့ ပမာဏအများဆုံးတင်ပို့ခဲ့သည်။

၂။            ဆန်ပြည်ပတင်ပို့ရာတွင် ပြည်တွင်းဖူလုံမှုနှင့် ဈေးနှုန်းတည်ငြိမ်ရေးကို ဦးစားပေးဆောင် ရွက်လျက်ရှိရာ ပြည်ပသို့ ဆန်တင်ပို့မှု စနစ်တကျရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုအား Online မှ မှတ်ပုံတင်ခြင်းစနစ် (Myanmar Rice Online - MyRo) အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

၃။           ယခုအပတ် ဆန်တင်ပို့မှုတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှ အများဆုံး ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အလားတူ မလေးရှား၊ ဘယ်လ်ဂျီယံ၊ ကင်မရွန်း၊ ဆလိုဗေးနီးယား၊ အီတလီ၊ ခရိုအေးရှား၊ ဘူဂေးရီးယား၊ အိုင်ဗရီကို့စ်နိုင်ငံတို့မှလည်း ဝယ်ယူမှုရှိခဲ့သည်။

၄။           ရော်ဘာပို့ကုန်တင်ပို့မှုအနေဖြင့် ရက်သတ္တပတ်အတွင်း တန်ချိန် ၇၃၂၆ တင်ပို့နိုင်ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ရရှိခဲ့သည်။ မှိုင်းခံရာဘာ (RSS) နှင့်ဆင့်တက်ပြုပြင်ထားသော (MIXTURES) ရော်ဘာမျိုးစုံကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တရုတ်၊ မလေးရှား၊ ဂျပန်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကိုရီးယားနိုင်ငံတို့သို့ တင်ပို့ခဲ့ပြီး နယ်စပ်လမ်းကြောင်းမှ အိမ်နီးချင်း တရုတ်၊ ထိုင်းနိုင်ငံများသို့ တင်ပို့ခဲ့သည်။

၅။           မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုး၊ မွေးမြူထွက်ကုန်များ ပြည်ပတင်ပို့မှု၌ ရာသီအလိုက် စိုက်ပျိုးသီးနှံများအပြင် ရာဘာကဲ့သို့နှစ်ရှည်သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန်လိုအပ် ပါသည်။ ရာဘာမှာ စတင်စိုက်ပျိုးသည်မှ ၇ နှစ်၊ ၈ နှစ် အကြာတွင် အစေးထုတ်ယူနိုင်သည်ဖြစ်ရာ ပြည်ပတင်ပို့မှုတွင် ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရရှိပြီးဖြစ်သည့် ရော်ဘာထုတ်လုပ်မှု စဉ်ဆက် မပြတ်တိုးတက်စေရန် မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် သက်ဆိုင်ရာဌာနများ မှဆွေးနွေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

၆။      ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုသည် ကမ္ဘာ့နိုင်ငံများအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင် များဖြစ်သည့် ပန်းတိုင် (၈) စဉ်ဆက်မပြတ် ဖြစ်ထွန်းပြီး အားလုံးအကျုံးဝင်သော ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး၊ လုပ်သားပြည့် အလုပ်အကိုင်ရရှိရေးနှင့် အားလုံးအတွက် ထုတ်လုပ်နိုင်စွမ်းရှိ၍ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်ရရှိစေရေးကဏ္ဍနှင့်လည်း တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ လက်ရှိရာဘာထုတ်လုပ်နိုင်မှုမှာ တစ်နှစ်လျှင် တန်ချိန်  ၃ သိန်းမှ ၄သိန်းခန့်ရရှိသည်။

၇။         ရော်ဘာပြည်ပသို့တင်ပို့မှုနှင့် သွင်းကုန်အစားထိုးကုန်ပစ္စည်းများထုတ်လုပ်နိုင်မှု တိုးတက် စေခြင်းဖြင့်  နိုင်ငံ့စီးပွားရေးအတွက် ခိုင်မာသောအခြေခံအုတ်မြစ်အဖြစ် အကျိုးသက်ရောက်မှုများ ရရှိလာနိုင်မည်ဖြစ်သည်။

၈။         ကုန်ထုတ်လုပ်မှုများ  တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ အရည်အသွေးရှိသော ထုတ်ကုန် ကုန်ကြမ်းများအား တီထွင်ဆန်းသစ်သော နည်းလမ်းများဖြင့် အဆင့်မြှင့်တင်ပို့နိုင်ရေး နည်းပညာဆိုင်ရာ လိုအပ်ချက်များရှိပါက သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ နည်းပညာရှင်များနှင့် ချိတ်ဆက် ခြင်းဖြင့် အဆင့်မီပို့ကုန်များရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ကာ အစိုးရ၊ ပုဂ္ဂလိက အလွှာပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်သွားကြရန် ယခုရက်သတ္တပတ်ပို့ကုန်တင်ပို့နိုင်မှု အခြေအနေ အားဖော်ပြတိုက်တွန်းအပ်ပါသည်။

Latest News: 
Latest New တင္ရန္

ပြည်ပပို့ကုန် တင်ပို့နိုင်မှုအခြေအနေ

Sun, 01/14/2024 - 04:20 -- mocadmin
Undefined

   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှ ဇန်နဝါရီလ ၅ ရက်ထိ ရက်သတ္တပတ်တွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၄ သန်းကျော် ရရှိခဲ့သည်။ ယခုရက်သတ္တပတ်တွင် လယ်ယာကဏ္ဍမှ ‌ပြောင်း၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ထောပတ်ပဲ၊ မြေပဲဆံ၊ နှမ်း၊ ကြက်သွန်နီ၊ ဂျင်းခြောက်၊ မန်ကျည်းသီး၊ သစ်သီးဝလံ ဖရဲသီး၊ ထောပတ်သီး၊ လိမ္မော်သီး၊ တစ်သျှူး ငှက်ပျောသီး၊ ငှက်ပျောသီး(ရိုးရိုး) တို့တင်ပို့မှုပိုမိုခဲ့သည်။

   တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာသဖြင့် တရုတ်နိုင်ငံမှ မြန်မာ့သစ်သီးဝလံများအား ဝယ်လိုအား ပြန်လည်မြင့်တက်ခဲ့သည်။  ယခုရက်သတ္တပတ်တွင် ဖရဲ၊ သခွား (သခွားမွှေး)၊ ငှက် ပျောသစ်သီးဝလံများကို ကျိုင်းတုံ၊ လွယ်ဂျယ်၊ ကံပိုင်တည်နယ်စပ်တို့မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တန်ချိန် ၃၅,၀၀၀ ခန့်ထိတိုးတက်တင်ပို့နိုင်ခဲ့သည်။ ထို့အပြင် တာချီလိတ်၊ မောတောင်နယ်စပ်တို့မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ လိမ္မော်သီး၊ ထောပတ်သီး၊ ငှက်ပျောသီးများကိုလည်း တင်ပို့လျက်ရှိသည်။ ယခုအပတ် သစ်သီးဝလံတင်ပို့မှု တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်အထိရရှိခဲ့ သည်။

   မြန်မာ့ပြောင်းအား ထိုင်းနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုသည့် ကာလအစ ဖေဖော်ဝါရီလသို့ ရောက်ရှိတော့မည်ဖြစ်၍ ပြောင်း ပိုမိုတင်ပို့လာနိုင်တော့မည်ဖြစ်သည်။ နှစ်စဉ် ပြောင်းစေ့ တန်ချိန် ၂.၆ သန်းအထိ တင်ပို့မှုရှိရာ ယခုနှစ်တွင်လည်း ပြောင်းလုပ်ငန်းရှင်များအနေ ဖြင့် အဓိကဈေးကွက် ထိုင်းနိုင်ငံအပါအဝင် ပြောင်းဝယ်လိုအားများပြားသည့် ဖိလစ်ပိုင်၊ တရုတ်၊ စင်္ကာပူ၊ ဗီယက်နမ်နိုင်ငံများသို့ တိုးတက်တင်ပို့နိုင်ရေး၊ ယခင်ဈေးကွက်ရရှိတင်ပို့ခဲ့ပြီး လက်ရှိတင်ပို့ မှုပျောက်ကွယ်နေသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်ဝမ်၊ မလေးရှား၊ နီပေါ၊ သီရိလင်္ကာ၊ ယူအေအီး စသည့်ဈေးကွက်များသို့ ပြန်လည်တင်ပို့နိုင်ရေးကို ချိတ်ဆက်ဆောင်ရွက်နေ ကြပြီဖြစ် သည်။

   စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ လယ်ယာထွက်ကုန်များ တင်ပို့နိုင်သည့်နည်းတူ ယခုရက်သတ္တ ပတ်တွင် ရေထွက်ပစ္စည်းများကိုလည်း ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု တို့မှ ပိုမိုတိုးတက်တင်ပို့နိုင်ခဲ့သည်။ ရေထွက်ကုန်များကို ယခုအပတ်တွင် ပင်လယ် ရေကြောင်း/ လေကြောင်းဖြင့် နိုင်ငံပေါင်း ၂၀ သို့ တန်ချိန် ၃,၀၇၀ နှင့် တရုတ်၊ ထိုင်း အိမ်နီးချင်း နိုင်ငံများသို့ နယ်စပ်စခန်းများမှတစ်ဆင့် တန်ချိန် ၇,၇၈၀၊ စုစုပေါင်း တန်ချိန် ၁၀,၈၅၀ တင်ပို့နိုင်ခဲ့သည်။  ပြည်တွင်းမွေးမြူရေး ငါးများဖြစ်သည့် ငါးမြစ်ချင်း၊ ငါးတန်၊ ရွှေဝါငါးကြင်း၊ တီလားဗီးယား၊ ငါးခုံးမ၊ ငါးသိုင်းခေါင်းပွစသည့် အမျိုးအစားပေါင်းစုံလင်စွာ တင်ပို့မှုရှိသည်။

   မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ငါး၊ ပုစွန် အပါအဝင် ရေထွက်ကုန်ပစ္စည်းများတင်ပို့မှု ပမာဏကို မြှင့်တင်ရာ၌ မွေးမြူရေး လုပ်ငန်းများနှင့် မွေးမြူရေးစနစ်များ ပိုမိုကောင်းမွန်လာစေရန် တိုးချဲ့လုပ်ကိုင်လျက်ရှိသည်။ တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစုရှိ ပုစွန်မွေးမြူရေးကန်များမှ မွေးမြူ ထုတ်လုပ်သည့် ပနားမီးပုစွန်များကို တရုတ်၊ ဂျပန်ဈေးကွက်များသို့ တင်ပို့လျက်ရှိပြီး ဧရာဝတီ တိုင်း၊ ပန်းတနော်ရှိ ပြည်ပတင်ပို့မှုအတွက်ရည်ရွယ်သည့် ငါးတန်မွေးမြူရေးစီမံကိန်းမှ ယခုနှစ် အတွင်း ပြည်ပတင်ပို့နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိသည်။

   နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် (၃) ရပ်အနက် ပထမဦးတည်ချက်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး နှင့်အကျုံး ဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရန်အတွက် စိုက် ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ ပိုမိုစိုက်ပျိုး၊ ထုတ်လုပ်၊ တိုးတက်တင်ပို့ ဆောင်ရွက်သွားရန် တိုက်တွန်းအပ်ပါသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online -MyRo) စနစ်ဖြင့် မှတ်ပုံတင်ထားသည့် ဆန်သိုလှောင်ရုံများအား ကြည့်ရှုစစ်ဆေး

Sat, 01/13/2024 - 03:58 -- mocadmin
Undefined

ရန်ကုန်၊ ဇန်နဝါရီလ ၁၃ ရက်

   ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ ဆန်တင်ပို့မှုအား စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ဈေးကစား လိုသည့် ရည်ရွယ်ချက်ဖြင့် သမရိုးကျ ရောင်းဝယ်ခြင်း မဟုတ်သည့် လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရေးနှင့် ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေ ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုအား Online မှ မှတ်ပုံတင်ခြင်းစနစ် (Myanmar Rice Online - MyRo) အား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ အဆိုပါစနစ်ဖြင့် ကုမ္ပဏီ/ လူပုဂ္ဂိုလ်များမှ မှတ်ပုံတင်ထားသည့်   သိုလှောင်ရုံများအနက်မှ လှိုင်သာယာမြို့နယ်ရှိ MyRo စနစ်ဖြင့် မှတ်ပုံတင်ထားသော သိုလှောင်ရုံများသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ သည် (၁၃-၁-၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် သွားရောက် စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ မြန်မာ နိုင်ငံဆန်စက်လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများမှ ဆန်၊ စပါးသိုလှောင်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။

   ဆက်လက်၍ ရန်ကုန်မြို့၊ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်တွင် Warehouse Registration ဆောင်ရွက်ပုံအဆင့်ဆင့်အား သိုလှောင်ရုံများ၊ ပြည်ပတင်ပို့သည့် ကုမ္ပဏီများ ၊ ဆန်စက်လုပ်ငန်း များ ၊ ဆန်လက်လီ/လက်ကားအရောင်းဆိုင်များ မှတ်ပုံတင်ခြင်းအား ကဏ္ဍအလိုက် ရှင်းလင်းပြသခဲ့ပြီး ပြည်နယ်/ တိုင်းဒေသကြီးများမှ တာဝန်ရှိသူများက အသုံးပြုရာတွင် လိုအပ်သည့်အချက် များအား ဆွေးနွေးခဲ့ကြကြောင်းနှင့် ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   Online မှ မှတ်ပုံတင်ခြင်းစနစ် (Myanmar Rice Online - MyRo) အား (၄-၁၁-၂၀၂၃)    ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ သိုလှောင်ရုံ (၁၉၃) လုံးအား မှတ်ပုံတင် ဆောင်ရွက်ထားရှိပြီးဖြစ် ကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးမော်တော်ယာဉ်များရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Tue, 12/26/2023 - 03:19 -- mocadmin
Undefined

နေပြည်တော်၊ ဒီဇင်ဘာ ၂၂ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် UV Automotive Co., Ltd. မှ တင်သွင်းလာ‌သော တရုတ်နိုင်ငံထုတ် Hongqi EQM5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၂၂-၁၂-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ပသို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရှိ

Tue, 12/26/2023 - 03:17 -- mocadmin
Undefined

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်နေ့မှ 15 ရက်ထိ တွင် တန်ဖိုး အမေရိကန်ဒေါ်လာ 254 သန်းကျော် ရှိသည်။ ယခုအပတ်တွင် လယ်ယာထွက် ဆန်၊ ဆန်ကွဲ ၊ နှမ်း ၊ ဖရဲ ၊ သခွား ၊ တစ်သျှူးငှက်‌ပျော သစ်သီးဝလံများ ၊ ရော်ဘာ ၊ ကော်ဖီ စသည့် နှစ်ရှည်သီးနှံထွက်ကုန်များ ၊ သွပ် ၊ ကြေးနီသတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော CMP ချုပ်ပြီး အထည်တို့ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်ထက် အမေရိကန်ဒေါ်လာ ၃၃ သန်း ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။ 

          ယခုရက်သတ္တပတ်တွင် ဆန်၊ ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ 32 သန်းရရှိပြီး ပင်လယ်ရေကြောင်းမှ အင်ဒိုနီးရှား၊ တရုတ်၊ စပိန်၊ ပိုလန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ နယ်သာလန် အပါအဝင် နိုင်ငံပေါင်း (၂၀) နိုင်ငံသို့ (၅၇၆၅၉)တန်နှင့် နယ်စပ်မှ လွယ်ဂျယ်၊ ကံပိုင်တည်၊ ကျိုင်းတုံစခန်းများမှ (၃၉၆၀) တန် တင်ပို့ခဲ့သည်။

          ကမ္ဘာ့ဆန်စပါးဈေးကွက်၌ အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုများကြောင့် ဆန် ရောင်းလိုအား /ဝယ်လိုအား မြင့်မားမှုများဖြစ်ပေါ်လာပြီး ဆန်တင်ပို့/ ဆန်တင်သွင်းနိုင်ငံများ၏ နိုင်ငံအလိုက် အစီအမံများဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံအနေဖြင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းများအရ မိုးစပါး၊ နွေစပါး ထွက်ရှိမှုမှာ ညီမျှ ဆန်တန်ချိန် 13 သန်းရှိပြီး ပြည်တွင်းစားသုံးမှုမှာ ဆန်တန်ချိန် 9.5 သန်းရှိသဖြင့် ပိုလျှံမှုတန်ချိန် 3 သန်းကျော်ရှိကြောင်း ခန့်မှန်းတွက်ချက်ရရှိသည်။ နှစ်အလိုက် ပြည်ပတင်ပို့မှုတွင် ဆန်၊ ဆန်ကွဲ တန်ချိန် 3.6 သန်းအထိ အများဆုံးတင်ပို့နိုင်ခဲ့သည်။

          မိမိတို့နိုင်ငံမှာ စိုက်ပျိုးရေးကို အဓိကဆောင်ရွက်ပြီး စားရေရိက္ခာဖူလုံသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ စားသုံးမှုမှ ပိုလျှံသမျှကို ပြည်ပတင်ပို့ပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေရရှိနိုင်ရေးသည် လည်း  အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်သည်။ ယခုနှစ်၌ ကမ္ဘာ့ဆန်ဝယ်လိုအား တက် လာပြီး ကမ္ဘာ့ဆန်ဈေးကွက်အသီးသီးရှိ ဆန်ဈေးနှုန်းများမြင့်မားလာမှုနှင့်အတူ ကုန်စည်စီးဆင်းမှု (Commodity  Flow) တွင် ပါဝင်သည့် ပြည်တွင်းတောင်သူများ၊ လုပ်ငန်းရှင်များလည်း ပို့ကုန် တင်ပို့မှု၌ အမြင့်ဈေးရရှိပြီး တွက်ခြေကိုက်မှုရှိသည်။ တစ်ဖက်တွင်လည်း ပြည်တွင်းဆန် ဈေးနှုန်း တည်ငြိမ်ရေးနှင့် ဆန်လက်ကျန် အလုံအလောက်ရှိစေရေးကို သက်ဆိုင်ရာအသင်းအဖွဲ့များ၏ ဦးဆောင်မှုဖြင့် စီမံထိန်းကျောင်း ဆောင်ရွက်ထားရှိပြီးဖြစ်သည်။

          စပါးမျိုးကောင်းမျိုးသန့်များဖြင့် စက်မှုလယ်ယာစနစ်ကို ဝိုင်းဝန်းဖော်ဆောင်ခြင်းဖြင့် စပါး အထွက်နှုန်း များစွာတိုးစေပြီး ပြည်ပနိုင်ငံများစွာသို့လည်း ပိုမိုတင်ပို့လာနိုင်မည်ဖြစ်သည်။

          ပြည်ပသို့ လုပ်ငန်းရှင်များ ဆန်၊ ဆန်ကွဲ ပိုမိုတင်ပို့နိုင်စေရေးအတွက် ယခင်က Pre-License Cargo Inspection ကုန်ပစ္စည်းသိုလှောင်ထားရှိမှု စစ်ဆေးခြင်းကို ပို့ကုန်လိုင်စင်ပမာဏ၏ ၁၀၀

ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ရာမှ 2023 ခုနှစ် ဒီဇင်ဘာလ 1 ရက်နေ့မှစ၍ ၅၀ ရာခိုင်နှုန်းထိ လျော့ချ၍ခွင့်ပြု ပေးလျက်ရှိသည်။ အသေးစား၊ အလတ်စားနှင့် အငယ်စားလုပ်ငန်းရှင်များ အတွက် နိုင်ငံတော်မှ အားပေးကူညီသောအားဖြင့် ဆန်၊ ဆန်ကွဲ တန်ချိန် ၂၆၀ နှင့်အောက် ပို့ကုန် လိုင်စင်လျှောက်ထားမှုများအတွက် ကုန်ပစ္စည်း သိုလှောင်ထားရှိမှု စစ်ဆေးခြင်းကို ဖြေလျော့ ဆောင်ရွက်ပေးထားပြီး ဖြစ်သည်။

          ပြည်တွင်းရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆန်စပါးအပြင် ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ ၊ လယ်ယာထွက်ကုန်များအား နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးနှင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထွက်ကုန်များအား ယခုထက် ပိုမိုတင်ပို့နိုင်ရေးကို တောင်သူအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ် ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း အသိပေး အပ်ပါသည်။

Latest News: 
Latest New တင္ရန္

ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်

Sun, 12/17/2023 - 16:53 -- mocadmin
Undefined

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၏ ပထမရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တင်ပို့မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၂၁ သန်းရှိပါသည်။ သီးနှံရာသီပြက္ခဒိန်၏ ရလဒ်များ ပေါ်ထွန်းရာ သီဖြစ်သည်နှင့်အညီ လယ်ယာထွက်ကုန်များစွာ လှိုင်လှိုင်တင်ပို့လာနိုင်တော့မည့် ကာလဖြစ်ပါ သည်။ ယခုရက်သတ္တပတ်အတွင်း ဆန်၊ ဆန်ကွဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ မြေပဲဆံ၊ နှမ်း၊  ပြောင်း၊ ရော်ဘာ၊ သစ်သီးဝလံ၊ ဝဥ၊ ဂျင်းခြောက်၊ သီဟိုဠ်၊ ငရုတ်၊ ကွမ်းသီး၊ မန်ကျည်းသီးများ တင်ပို့နိုင်ခဲ့ပါသည်။

          ရေထွက်ကုန်ပစ္စည်းတင်ပို့မှု၌လည်း ရက်သတ္တပတ်လျှင် အမေရိကန်ဒေါ်လာ ၂၀ သန်းကျော် ထိရှိပြီး ပင်လယ်ရေကြောင်း/ လေကြောင်းမှ  တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ ထိုင်ဝမ်၊ စင်္ကာပူ၊ ဆော်ဒီအာရေဗျ၊ အမေရိကန်၊ ကနေဒါ၊ အိုမန်၊ ယူအေအီး၊ ယူကေ၊ ​လက်ဘနွန်၊ ဟောင်ကောင်၊ ဘရာဇီးနိုင်ငံ စျေးကွက်များနှင့် နယ်စပ်ကုန်သွယ်မှုတွင် ကော့သောင်း၊ မြိတ်၊ မောတောင်၊ မြဝတီစခန်းများမှ ငါးမျိုးစုံနှင့် ငါးမှုန့်၊ ငါးခြောက် ရေထွက်ကုန်များ ပိုမိုတင်ပို့ လာ နိုင်ပါသည်။

           ယခုအပတ်၌ ပုဂ္ဂလိကကဏ္ဍမှ တင်ပို့မှုများအပြင် နိုင်ငံပိုင်ကဏ္ဍမှလည်း မြန်မာ့ကျောက်မျက် ရတနာပြပွဲများတွင် ရောင်းချထားသည့် ကျောက်စိမ်း ၃၂၂၈ ကီလိုကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါသည်။ တန်ဖိုးမြှင့် ကျောက်စိမ်း၊ ကျောက်မျက်အချောထည်များဖြစ်သည့် ကျောက်စိမ်း လက်ကောက်/ ပုတီးစေ့/လည်ဆွဲ၊ ကျောက်စိမ်းလက်ပတ်များကိုလည်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း၏ One Stop Services Centre များတွင် ဝယ်ယူပြီး လေကြောင်းခရီးဖြင့် တရုတ်နိုင်ငံ စျေးကွက်သို့ တင်ပို့လျက်ရှိပါသည်။

          ပို့ကုန်တင်ပို့သူများ အကျိုးအမြတ်ရရှိပြီး ပြည်တွင်းစျေးကွက် လိုအပ်ချက်ရှိသည့် ဓာတ်မြေ သြဇာ၊ စက်သုံးဆီစသည့် အဓိကကုန်စည်များတင်သွင်းခြင်းဖြင့် ကုန်စည်စီးဆင်း လည်ပတ်မှု (Turn Over) မြန်ဆန်ရေးအတွက် ရော်ဘာပို့ကုန်ရငွေဖြင့် ဓာတ်မြေသြဇာတင်သွင်းခွင့် အစီအစဉ် များခွင့်ပြုပေးလျက်ရှိရာ ဒီဇင်ဘာလဆန်း၌ ရော်ဘာတင်ပို့မှုသည် ပြီးခဲ့သည့်လထက် နှစ်ဆကျော် တိုးတက်တင်ပို့လာနိုင်ကြောင်း တွေ့ရှိရပါသည်။

          ထို့အပြင် ယခုပွင့်လင်းရာသီအချိန်၌ တိရစ္ဆာန်ထွက် သားရေစိမ်းနှင့် သားရေချော တင်ပို့မှု၊ သစ်အချောထည်ပစ္စည်းများတင်ပို့မှု၊ စက်မှုကုန်ချောပစ္စည်းများဖြစ်သည့် သကြား၊ CMP ချုပ်ပြီး အထည်တို့လည်း တင်ပို့မှုပိုမိုလာကြောင်း တွေ့ရှိရပါသည်။

      ကုန်သွယ်မှုကဏ္ဍတွင် လက်ရှိကုန်သွယ်မှုဆောင်ရွက်နေသော နိုင်ငံများနှင့် ကုန်သွယ်မှုတိုး တက်မြင့်မားစေရေး၊ အမယ်သစ် ပို့ကုန်များ တိုးတက်တင်ပို့နိုင်ရေးနှင့် ကုန်သွယ်မှုနိုင်ငံသစ်များကို ရှာဖွေရင်း ကမ္ဘာ့ဈေးကွက်သို့ မြန်မာ့ထွက်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုတင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအားလုံး အစိုးရ-ပုဂ္ဂလိက တွဲလက်ညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ပါသည်

 

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Minister's Office