နောက်ဆုံးရ သတင်း
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော MG, MG4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၁၅) စီးနှင့် MG, MGZS အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂၅) စီး၊ စုစုပေါင်းလျှပ်စစ်သုံးမော်တော်ယာဉ် (၄၀) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၄-၅-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံး မော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေ သည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေး လျက်ရှိပါသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊မေလ ၂ ရက်နေ့ မှ မေလ ၇ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၅၇၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
Korea - Myanmar Technology Advice and Solutions from Korea(TASK) စီမံကိန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် Korea Food Research Institute(KFRI)တို့ပူးပေါင်းပြီး ပို့ကုန် မြှင့်တင်ရေးအတွက် စားသောက်ကုန်ထုတ်လုပ်ရေး နည်းပညာနှင့်အစားအစာဘေးကင်းရေးဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီ လ ၂၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၉:၀၀) နာရီအချိန်တွင် မန္တလေး မြို့၊ Mingalar Mandalay Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် ကိုရီးယား သမ္မတနိုင်ငံ၊ Korea Food Research Institute (KFRI) ၊ သုတေသနဌာနမှ ဥက္ကဌ Dr. HONG Seok In တို့ကအဖွင့်အမှာစကားများပြောကြားခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကုမ္ပဏီများက ၎င်းတို့ထုတ်လုပ်သည့် စားသောက်ကုန်နမူနာများကို ခင်းကျင်းပြသ ထားရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက လှည့်လည်ကြည့်ရှုပြီး၊ ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားခဲ့သည်။
ထို့နောက် ကိုရီးယား စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍ ကျွမ်းကျင်ပညာရှင်များက အစားအစာဘေးကင်းရေးစီမံခန့်ခွဲမှု၊ စားသောက်ကုန်အရည်အသွေးထိန်းသိမ်းမှု၊ ထုတ်ကုန်သစ်များဖွံဖြိုးတိုးတက်ရေးစသည့် ခေါင်းစဉ်များဖြင့်ဆွေးနွေးဟောပြောခဲ့ကြပါ သည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် NNK Top Myanmar Company နှင့် ကိုရီးယားသမ္မတနိုင်ငံမှ စားသောက်ကုန် ကုမ္ပဏီဖြစ်သည့် Ozoniad Company တို့အကြား စားသောက်ကုန်ထုတ်လုပ် မှုဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU ) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းမှ ကိုယ်စားလှယ်များ၊ Korea Food Research Institute(KFRI) မှ စားသောက်ကုန်ထုတ်လုပ် ရေးပညာရှင်များ၊ မြန်မာ့စားသောက်ကုန်ထုတ်လုပ်ရေးကုမ္ပဏီ (၁၈) ခု မှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၅) ဦးခန့် ပါဝင်တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 7 KW (၁၀) ခု၊ 11 KW (၁၀) ခု၊ 22 KW (၁၀) ခု၊ 60 KW (၆) ခုနှင့် 240 KW (၂) ခု စုစုပေါင်း လျှပ်စစ်သုံးယာဉ်အား သွင်းစက် (၃၈) ခုသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပြီး အဆိုပါလျှပ်စစ်သုံးယာဉ် အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။