နောက်ဆုံးရ သတင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ (၁) ခု၊ ယာဉ်စီးရေ (၁) စီးဖြင့် နှာခေါင်းစည်း Mask (၀.၀၇၈) တန် တင်သွင်းခဲ့ကြောင်း သိရပါသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူသိရှိစေရန်ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါသည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် ၁၄ ဒေါ်လာသန်း၊ သွင်းကုန် ၁၁ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၂၅ ဒေါ်လာသန်းဖြစ်ပြီး ပို့ကုန် ၁၀.၅၇ ဒေါ်လာသန်း၊ သွင်းကုန် ၃၈.၁၈၅ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၄၈.၇၅၅ ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် ၁၉၅.၀၂၀% ဆောင်ရွက်နိုင်ခဲ့သည်။
ယခင်ဘဏ္ဍာနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် ၅.၉၉၅ ဒေါ်လာသန်းပိုမိုခဲ့ပြီး သွင်းကုန် ပိုင်းတွင် ၃၁.၇၇၃ ဒေါ်လာသန်းပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် ၃၇.၇၆၈ ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။
ယခင်ကာလတူနှင့်နှိုင်းယှဉ်ပါက ဆန်ကွဲ၊ ပြောင်း၊ ပဲလွန်းဖြူ၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ မြေပဲဆံ၊ ထောပတ်ပဲ၊ နိုင်လွန်ပဲ၊ နှမ်းနက်၊ လက်ဖက်ခြောက်၊ နှံစားပြောင်း၊ ဇီးဖြူသီးခြောက်၊ ဂျင်း(စို)၊ ရာဘာကြမ်း၊ ငရုတ်သီး(အစို)၊ ဝဥ (ခြောက်)၊ ဝါ၊ ကြက်သွန်နီ၊ ရှမ်းနှမ်းစေ့၊ ကြက်ဆူဆီ၊ သတ္တုနှင့် သတ္တုရိုင်း၊ မြန်မာဘီယာပုလင်းတို့ တင်ပို့မှုပိုမိုခဲ့သဖြင့် ပို့ကုန်တင်ပို့မှု ပိုမိုရခြင်းဖြစ်သည်။
ယခင်ကာလတူနှင့်နှိုင်းယှဉ်သုံးသပ်ရာ၌ သွင်းကုန်ပိုင်းတွင် ပိုမိုခဲ့ခြင်းမှာ ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးအုပ်စုနှင့် လူသုံးအုပ်စုတို့ ပိုမိုခဲ့ခြင်းကြောင့် တင်သွင်းမှုပိုခဲ့ခြင်းဖြစ်သည်။
၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှစ၍ ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်လာနိုင်ခဲ့သည်။ ဒုတိယ (၆)လပတ်ကာလ အောက်တိုဘာလမှစ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ခဲ့သဖြင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်လာခဲ့ကြောင်း သတင်းရရှိသည်။
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (7-5-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ ၀.၉၁ သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၂.၅၁၂) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၃.၄၂၂) သန်း ဆောင်ရွက်နိုင်ခဲ့သည်။
အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်သီးခြောက် ၁၁၄.၉၆၂ တန်၊ သရက်သီး ၃၄၂.၁ တန်၊ ကြက်သွန်နီ ၃၃၉ တန်၊ ငါးရှဉ့် ၂၆.၁၆တန်၊ ကဏန်း ၁၇.၉၇၅ တန်၊ ခဲသတ္တု ၁၇၀ တန်၊ မြေပဲ ၃၃ တန်၊ ငါးမှုန့် ၆၉ တန်၊ ဝါဂွမ်း ၁၆.၅၄ တန်၊ မိကျောင်းကွမ်းဖတ်စေ့ ၂၉.၈၂ တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်းတို့ဖြစ်သည်။
အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ၊ ဘက္ထရီများ၊ ကြွေပန်းကန်ပြား/ ကြွေဇလုံ၊ ဖိနပ်မျိုးစုံ၊ စတီးပြား၊ ဒီဇယ်မီးစက်၊ သွပ်လိပ်၊ စာရေးစက္ကူ၊ အစားအစာထုပ်ပိုးသည့် ရွှေရောင်/ ငွေရောင်စက္ကူ၊ အလူမီနီယံသံဘောင်တို့ ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့မှ (၇) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၈.၁၉၅) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၂၀.၉၆၈) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၁၉.၁၆၃) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၃၀၃.၉၁၈) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေ သည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့ မှ မေလ ၁၄ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၅၀၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အထူးစီးပွားရေးဇုန်တစ်ခုချင်းအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရမည့်အချက်များ၊ အထူးစီးပွားရေးဇုန်များ ဆက်လက်အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးမှာကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများကလည်း အထူးစီးပွားရေးဇုန်အလိုက် လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြခဲ့ကြပြီး မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို နေ့လယ် (၁၆:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။