နောက်ဆုံးရ သတင်း
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော MG, MG4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၁၀) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာပါသဖြင့် (၂၉-၃-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော် ယာဉ်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။
နေပြည်တော် မတ်လ ၂၇
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေ သည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၄၄၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် Myanmar Construction & Development Infrastructure Co.,Ltd. မှ တင်သွင်းလာသည့် XIANHE AS&T အမျိုးအစား၊ လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60 KW (၅) ခု သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာပါသဖြင့် (၂၅-၃-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ အားသွင်းစက်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ မတ် ၂၄ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၈၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ထူးချွန်ဝန်ထမ်းများအား ဆုပေးပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ ညနေပိုင်းက အဆိုပါဝန်ကြီးဌာန၊ ညီလာခံခန်းမတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့သည် ဝန်ကြီးဌာန စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည့်နေ့ဖြစ်ရာ မိမိတို့ဝန်ကြီးဌာနအတွက် ထူးခြားသည့် နေ့ထူးနေ့မြတ်ဖြစ်ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအား ၁၉၃၇ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့၌ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားတိုးတက်စေရေး၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် အရေးပါသည့် ကုန်သွယ်မှုကဏ္ဍတိုးတက်လာအောင် ခေတ်အဆက်ဆက် ကြိုပမ်းဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတော်မှပေးအပ်သည့် တာဝန်များကိုလည်း ကျရာကဏ္ဍမှကျေပွန်စွာထမ်းဆောင်လာခဲ့သည်မှာ ယခုနှစ်တွင် (၆၈) နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်ပါကြောင်း၊
ဝန်ကြီးဌာနရှိ အဆင့်မြင့်အရာရှိကြီးများနှင့် ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများအနေဖြင့်လည်း အနာဂတ်ကာလတွင် ဝန်ကြီးဌာန၏လုပ်ငန်းများအား ခေတ်စနစ်နှင့်အညီ မြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်၏မူဝါဒများအား ဟန်ချက်ညီစွာဖြင့်လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းများ၏ကိုယ်စီ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြား လိုပါကြောင်းပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးဌာနမှ စံပြဆုရဝန်ထမ်းများ၊ ထူးချွန်ဝန်ထမ်းများနှင့် သတင်းဆောင်းပါးဆုရရှိသည့် ဝန်ထမ်းများအား ဆုများချီးမြှင့်ခဲ့ရာ ဝန်ထမ်းစံပြထူးချွန်ဆုရရှိသူများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများ၊ စစ်ရေးပြနှင့်သေနတ်ပစ်ထူးချွန်ဆုရရှိသူများ၊ ဝန်ကြီးဌာန၏ ပညာပေးဆောင်းပါးများရေးသားမှုတွင် ဆုရရှိသူများနှင့် ပြည်ထောင်စုဝန်ကြီးမှပေးအပ်သည့်အထူးဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး ဝန်ထမ်းစံပြထူးချွန် ဆုရရှိသူတစ်ဦးမှ ကျေးဇူးစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Western Park Royal Restaurant ၌ ကျင်းပပြုလုပ်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၈၆) နှစ်ပြည့်ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား၍ ဝန်ကြီးဌာနမှအဆင့်မြင့်အရာရှိကြီးများ၊ ဝန်ထမ်းများနှင့်အတူ ဂုဏ်ပြုညစာကို ရင်းနှီးပျော်ရွှင်စွာ အတူတကွ သုံးဆောင်ခဲ့သည်။
အဆိုပါအခမ်းအနားများသို့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနများမှ အရာထမ်း၊အမှုထမ်းများ၊ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။