နောက်ဆုံးရ သတင်း

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motors Co., Ltd. မှ တင်သွင်းလာ‌သော BYD Dolphin အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၁၀) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ လာပါသဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း သတင်းရရှိသည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြားခဲ့သည်။

   ပြည်ထောင်စုဝန်ကြီးက တစ်နှစ်တာကာလအတွင်း ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ကာ အားသာချက်/ အားနည်းချက်များကို ဖော်ထုတ်ရေး၊ အဆိုပါအားသာချက်/အားနည်းချက်များကို အခြေခံကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအောင်မြင်စေရေးအတွက် ပြင်ဆင် ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ကြိုတင်သုံးသပ်ပြင်ဆင်ရေး၊  ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့် MSME များကို အားပေးကူညီ၍ သွင်းကုန်အစားထိုး ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စွမ်းရှိအောင် ပံ့ပိုးကူညီပေးရေး၊ ကုန်သွယ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီပြီးရှင်းလင်းလွယ်ကူမှုရှိအောင် ဆောင်ရွက်ရေး၊  ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ဆက်ဆံမှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် Digital ကုန်သွယ်မှုစနစ်ကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေး မှာကြားခဲ့သည်။

   ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဦးညွန့်အောင်က လက်ရှိကုန်သွယ်မှုအခြေအနေများ၊ မိမိတို့ဝန်ကြီးဌာနမှ ပါဝင်ဆောင်ရွက်နေသည့် လုပ်ငန်းကော်မတီများနှင့် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် စည်းမျဉ်း စည်းကမ်းများ လိုက်နာစေရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

   ထို့နောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံ ညွှန်ကြားရေးမှူးများက နယ်စပ်ကုန်သွယ်ရေး မျက်နှာစာအလိုက် ကုန်သွယ်မှုအခြေအနေများကိုလည်းကောင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

   အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

    ၂၀၂၃ ခုနှစ်၊ မတ်လ  ၂၁ ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် တရုတ်နိုင်ငံ၊ လင်ချမ်းမြို့၊ မြို့တော်ဝန် Mr. Du Jianhui တို့ ဦးဆောင်၍ စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ရုံးအမှတ် (၃) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

    အစည်းအဝေးအား မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး၊ (၄) ကြိမ်မြောက် မြန်မာ(နေပြည်တော်)- တရုတ်(လင်ချမ်း) နယ်စပ် စီးပွားကုန်စည်ပြပွဲ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်ရေးထိုးနိုင်ရေးအတွက် နှစ်ဦးနှစ်ဘက်မှ တွန်းအားပေးဆောင်ရွက် သွားရေး၊ မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်ဂိတ်မှ ဖြတ်ကျော်သည့် တတိယနိုင်ငံ၏ ကုန်ပစ္စည်း ကုန်သွယ်မှုများ အဆင်ပြေချောမွေ့ စေရေး၊ နယ်စပ်ဂိတ်ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေးကိစ္စရပ်များအပြင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၆:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

   အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်တာဝန်ခံများနှင့် တရုတ် နိုင်ငံဘက်မှ ကိုယ်စားလှယ် (၈) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

နေပြည်တော် မတ်လ ၁၉ ရက်

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ မှ မတ်လ ၂၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၄၅၇၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

              ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

                   အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်းသိရသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း