နောက်ဆုံးရ သတင်း

နေပြည်တော်၊ အောက်တိုဘာ ၁၀                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့် အညီပြည်တွင်း၌ ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှား နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်း များကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှ အောက်တိုဘာလ ၁၆ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၃၈၈၀ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

   အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံး ဆီအမျိုးအစားများအလိုက် ပုံမှန်စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ (၃-၁၀-၂၀၂၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါ ဆိပ်ကမ်းရှိ Terminal တွင် MT YU HAI သင်္ဘောမှ ဓာတ်ဆီ 92 Ron (၁.၈၇) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၃.၁၈) ဂါလန်သန်း ဆီချလုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်းတွေ့ရှိရသည်။

   ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းများတွင် ဓာတ်ဆီဈေးနှုန်းမှာ တဖြည်းဖြည်းကျဆင်းလာသော်လည်း ဒီဇယ်ဈေးနှုန်းမှာ ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာမှုကြောင့် အနည်းငယ်မြင့်တက်လာသည်ကိုတွေ့ရှိရသည်

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အချို့စက်သုံးဆီအရောင်းဆိုင်များ၌ သတ်မှတ် ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချသည့် စက်သုံးဆီအရောင်းဆိုင်များအား စိစစ်၍ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ (၂၀၁၇) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ ကြေညာချက်အမှတ် (၂၄၈) နှင့် (၂၄၉)တို့အရ ၁-၁-၂၀၂၂ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန် တင်ပို့မည့်/ တင်ပို့လျက်ရှိသည့်  လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့်ရရှိမည်ဖြစ်သည်။

   မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့်ကုန်စည်အမျိုးအစား (၄) ခုဖြစ်သည့် အသားနှင့် အသားထုတ်ကုန်များ၊ ရေထွက်ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များနှင့် ကုန်စည်အမျိုးအစား (၁၄)ခုဖြစ်သည့် အစာသွပ်ရန်အသုံးပြုသည့် အပေါ်ခွံအစွပ်၊ ပျားရည်နှင့် ပျားထွက်ပစ္စည်း၊ ဥနှင့်ဥထုတ်ကုန်များ၊ စားသုံးဆီ၊ အပြင်အသားအား ဂျုံသားဖြင့်ပြုလုပ်ထားပြီး စားသုံးနိုင်သည့် သို့မဟုတ် အေးခဲထားသည့် ထုတ်ကုန်များ၊ စားသုံးနိုင်သောအစေ့အဆံများ၊ ကြိတ်ခွဲသီးနှံထွက်ကုန်များနှင့်မုယောစပါး၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ရေဓာတ်ထုတ်ထားသော ဟင်းသီးဟင်းရွက်များနှင့် ပဲခြောက်များ၊ အနံ့အရသာအတွက် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များ၊ အခွံမာသီးနှင့်အစေ့အဆံများ၊ သစ်သီးခြောက်များ၊ မလှော်ထားသော ကော်ဖီနှင့် ကိုကိုးစေ့များ၊ အထူးအာဟာရအစားအသောက်များ၊ ကျန်းမာရေးဖြည့်စွက်စာများ စုစုပေါင်း ကုန်စည်အမျိုးအစား (၁၈)အုပ်စုတို့ကို တရုတ်နိုင်ငံ၊ GACC တွင် မှတ်ပုံတင်ရမည်ဖြစ်သည်။

   ကုန်စည်အုပ်စုအလိုက် GACC တွင် မှတ်ပုံတင်နိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ များမှာ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ဖြစ်ကြပါသည်။ အဆိုပါကုန်စည်အမျိုးအစား (၁၈) အုပ်စု၌ ပါဝင်ခြင်းမရှိသည့်ကုန်စည်များကို ထုတ်လုပ်/ တင်ပို့မည့်လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက်အစီအစဉ်ဖြစ်သည့် https://cifer.singlewindow.cn သို့ဝင်ရောက်၍ ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပါသည်။

   ၁-၁၂-၂၀၂၁ ရက်နေ့မှ ၃၀-၉-၂၀၂၂ ရက်နေ့အထိ ကုမ္ပဏီ/စက်ရုံ (၁၀၂၂) ခုမှ ပေးပို့ထား သည့် စောင်ရေစုစုပေါင်း (၁၈၅၀) စောင်အား မှတ်ပုံတင်ရန် လျှောက်ထားပြီးဖြစ်ရာ စိုက်ပျိုးရေး ဦးစီးဌာနမှ ကုမ္ပဏီ(၈၈၃)ခု၊ စောင်ရေ (၁၇၁၁)စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/ စက်ရုံ (၁၁၈)ခု၊ စောင်ရေ (၁၁၈)စောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ(၁၂)ခု၊ စောင်ရေ(၁၂) စောင်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ ကုမ္ပဏီ (၉)ခု၊ စောင်ရေ (၉)ရှိကြောင်း သိရှိရသည်။

   သီတင်းကျွတ်ပွဲတော်ကာလ နီးကပ်လာသည်နှင့်အညီ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအရ အလှူအတန်းများ၊ ဘာသာရေးပွဲများ အတွက် ပြင်ဆင်သည့်ကာလဖြစ်၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ ရွှေဆိုင်များတွင် ရွှေထည်ရောင်းချမှု များပြားလျက်ရှိပါသည်။

   ၃.၁၀.၂၀၂၂ ရက်နေ့ နံနက်ပိုင်းကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၆၆၄) ဖြစ်၍ ယခင်အပတ်ရွှေဈေးနှုန်း ထက် (၂၄)ဒေါ်လာပိုမိုခဲ့ပြီး မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာလည်း ယခုအပတ် (၁၉၅၈၀၀ဝိ/-)ကျပ်ဖြစ်ပြီး ယခင်အပတ်ထက်(၂၄၀၀ဝိ/-)ကျပ် ပိုမိုသတ်မှတ်ခဲ့သော်လည်း ဈေးကွက်ပေါက်ဈေးနှုန်းမှာ ရည်ညွှန်းဈေးနှုန်းထက် (၆)သိန်းကျော် ပိုမိုနေပြီး လက်ရှိဈေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် ငွေကျပ်(၂၆၂၀၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း တွေ့ရှိရပါသည်။ ပြည်တွင်းဈေးကွက်တွင် ရွှေစုဆောင်းလိုမှုလျော့ကျလာပြီး ဝယ်လိုအားထက် ရောင်းလိုအားပိုမိုနေသဖြင့် ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက် လာမှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းမှာ လိုက်ပါမြင့်တက်ခြင်းမရှိဘဲ ယခင်အပတ်ဈေးကွက်ပေါက် ဈေးနှုန်းထက်(၁၆၀၀၀ဝိ/-) ကျပ်ခန့် လျော့နည်းကာ အရောင်းအဝယ်ဖြစ်နေကြောင်း သတင်းရရှိပါသည်။

၃-၁၀-၂၀၂၂ စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်)များကို ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှ တင်သွင်းလျက်ရှိပြီး ငါးဖမ်းလုပ်ငန်းအတွက် အသုံးပြုနေသော စက်လှေများ၊ ရေထွက်ပစ္စည်းများ အေးခဲစေရန် ရေခဲထုတ်လုပ်သည့် ရေခဲစက်ရုံများ၊ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး ပြုလုပ်သည့်မော်တော်ယာဉ်များ၊ ဒေသတွင် လျှပ်စစ်ဓာတ်အား ပေးဝေနိုင်ရန်  အသုံးပြုသည့်  စက်သုံးဆီများကို လုံလောက်စွာသုံးစွဲနိုင်ရန် တင်သွင်းလျက်ရှိပြီး ဒေသသုံးစွဲမှုအတွက် လုံလောက်မှုရှိကြောင်း သိရှိရသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း