နောက်ဆုံးရ သတင်း
အသိပေးကြေငြာချက်
မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီၤအနေဖြင့် ၂၀၁၂ ခုနှစ် ပြက္ခဒိန်နှစ် ကုန်ဆုံးပြီးနောက်၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများအား Model ခုနှစ်အလိုက်အောက်ပါအတိုင်းပုံမှန် ပြောင်းလဲ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍
- ယာဉ်အို/ယာဉ်ဟောင်းအပ်နှံအစားထိုးမော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားရာတွင် -
၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ထုတ်လုပ်သော မော်တော်ယာဉ်များကို လည်းကောင်း၊ ၂၀၀၈ ခုနှစ်နှင့် အထက် ထုတ်လုပ်သော 1350CC နှင့် အောက် လူစီးမော်တော်ယာဉ်ငယ် များအား လည်းကောင်း၊
- နိုင်ငံခြားသင်္ဘောသားများ၊ နိုင်ငံခြားရေးဝန်ထမ်းများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်သံ ဝန်ထမ်းများ၊ ပြည်တွင်းကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ပြည်ပတွင်သွားရောက် အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားများ၊လူစီးမော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားရာတွင်-
၂၀၀၈ ခုနှစ်နှင့်အထက် လူစီးမော်တော်ယာဉ်များကိုလည်းကောင်း၊
- တစ်ဦးချင်းနိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားများ လူစီးမော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားရာတွင်-
၂၀၀၈ ခုနှစ်နှင့်အထက်လူစီးမော်တော်ယာဉ်များကိုလည်းကောင်း ၊ ၂၀၀၃ ခုနှစ်နှင့်အထက် Light Truck / Truck (တစ်တန်နှင့်အထက်) မော်တော်ယာဉ်များ၊ ၂၀၀၃ ခုနှစ်နှင့် အထက် ဘယ်မောင်း City Bus မော်တော်ယာဉ်များနှင့် ၂၀၀၈ ခုနှစ် အထက် ဘယ်မောင်း Bus မော်တော်ယာဉ်များကိုလည်းကောင်း၊
- Taxi ယာဉ်များတင်သွင်းခွင့်လျှောက်ထားရာတွင် -
ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုသော Taxi ယာဉ် များအတွက ၂၀၀၈ ခုနှစ်နှင့် အထက် Taxi ယာဉ်များကို လည်းကောင်း လျှောက်ထား တင်သွင်းခွင့် ပြုသွားမည်ဖြစ်ပါသည်။
- အထက်ဖော်ပြပါ မော်တော်ယာဉ်အမျိုးအစားများ၏ ဆိပ်ကမ်းအရောက် အနိမ့်ဆုံးဈေးနှုန်း (C.I.F တန်ဖိုး) များကို Model Year အလိုက၊် Brand အလိုက် ၊အင်ဂျင်ပါဝါအလိုက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့လုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်းကာ အချိန်မီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီၤရုံးအဖွဲ့
ရက်စွဲ၊ ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာလ ၈ ရက်
ပြည်ဈေးကွက်မှာ ပဲစင်းငုံကို လှောင်လက်များ ထုတ်ရောင်းတဲ့နေ့မှသာ အရောင်းအဝယ်ဖြစ်ပြီး၊ ပိဿာ ၂၀ တစ်တင်းကို ၁၇၈၀၀ ကျပ်နဲ့ အိတ် ၂၀၀ - ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ကုလားပဲကတော့ တိုင်းအတွင်း အဝင်မရှိဘဲ ပန်းတောင်း၊ ကံမဘက်မှ မျိုးအတွက် အရည်အသွေးကို ကြည့်ပြီး ဝယ်ယူနေသလို ခွဲစက်သမားများလည်း ပုံမှန်အဝယ်ရှိနေလို့ ယခင်အပတ်က တစ်တင်း ၂၂၀၀၀ ကျပ်မှ ယခုအပတ်မှာ ၂၂၈၀၀ ကျပ်ကို မြင့်တက်လာပြီး၊ နေ့စဉ် အိတ် ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။
ဆုမွန်ဆန်း - ပြည်
ယခုနှစ်အစောပိုင်းကာလမှစ၍ နယ်စပ်ဖြတ်ကျော်ပုံမှန်ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံ ဘက်သို့ မြန်မာ့ဆန်ဖြူများ တင်ပို့လာနိုင်ခဲ့ပါတယ်။ မိုးတွင်းကာလ ပုံမှန်ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုမပြုလုပ်နိုင်သော်လည်း နယ်စပ်ဖြတ်ကျော် ပုံမှန်ကုန်သွယ်ရေးမှ တရုတ်နိုင်ငံသို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း မတ်ထရစ်တန်ချိန် သုံးသိန်းကျော်တင်ပို့ပြီး ဖြစ်ပါတယ်။ ပုံမှန် ပင်လယ်ရေကြောင်းမှ မတ်ထရစ်တန်ချိန် သုံးသိန်းအောက်သာတင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းတန်ချိန် ခြောက်သိန်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့ရာတွင် ဧည့်မထ ၂၅ %၊ ဧည့်မထ၁၅ %၊ ငစိန် ၂၅ % ဆန်များ အများဆုံးတင်ပို့ပြီး တရုတ်ဈေးကွက်တွင် မြန်မာ့ဆန်ဖြူလေးအဖြစ် နာမည်ပေါက်ပြီး ဈေးကွက်ရရှိခဲ့ပါတယ်။ တရုတ်ဈေးကွက်အတွင်း မြန်မာ့ဆန်များမှာ တစ်တန်လျှင် ၄၀၅ ဒေါ်လာမှ ၄၃၅ ဒေါ်လာ အတွင်းဈေးရရှိပြီး ယခင်ပင်လယ်ရေကြောင်းမှတင်ပို့ရာတွင် မြန်မာ ၂၅ မှတ် ဆန် တစ်တန်လျှင် ၃၅၀ ဒေါ်လာခန့်သာရရှိသဖြင့် ဆန်ဈေးမှာလည်း အနည်းငယ်ပိုရပြီး ဈေးကွက်ဝေစုလည်း ရရှိပြီး ဖြစ်ပါတယ်။ လွယ်ဂျယ်နယ်စပ်ဒေသမှ ပုံမှန်နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလ အထိ ဆန်တန်ချိန် ၂၅၀၀၀ ခန့်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။
မြန်မာ့ဆန်ဖြူများသည် အဓိကအားဖြင့် တရုတ်နိုင်ငံ၊ ဇီချွမ်ပြည်နယ်သို့ ထိုးဖောက်ဈေးကွက် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဇီချွမ်ပြည်နယ်ရှိ အရက်ချက်စက်ရုံတစ်ခုမှ မြန်မာငစိန် ၂၅% ကို တန်ချိန် ၄ သောင်းကျော် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ကြောင်း သိရပါတယ်။ မြန်မာ့ဆန်ဖြူများကို အရက်ချက်ရာတွင်လည်းကောင်း၊ ဆန်ခေါက်ဆွဲပြုလုပ်ရန်အတွက်လည်းကောင်း အသုံးပြုကြောင်း သိရပါတယ်။ ဧည်မထ ၁၅ %ဆန်ကိုတော့ ထမင်းအဖြစ် နှစ်သက်စွာ စားသုံးကြကြောင်းသိရပြီး တရုတ်ဆန်ဈေးကွက်တွင် မြန်မာ့ဆန်ဖြူလေးအမည်ဖြင့် ကျယ်ပြန့်စွာနေရာရလာပြီဖြစ်ပါတယ်။ ယခင်နှစ်ကနယ်စပ်ဖြတ်ကျော် ပုံမှန်ကုန်သွယ်ရေးမှ ဆန်တင်ပို့ရာတွင် အကန့်အသတ်များ ရှိခဲ့ သော်လည်း ယခုနှစ်တွင်ဖြေလျော့ပေးမှုများရှိခဲ့သောကြောင့် ပင်လယ်ရေကြောင်းမှတင်ပို့မှုထက် ပိုမိုနိုင်ခဲ့ကြောင်းတွေ့ရပါတယ်။ ယခုနှစ်အစောပိုင်းကာလကတည်းက တရုတ်ဘက်သို့ နယ်စပ်ဖြတ် ကျော်ပုံမှန် ကုန်သွယ်ရေးမှ ဆန်တင်ပို့နိုင်ခဲ့သော်လည်း တရုတ်ဘက်မှမြန်မာ့ဆန်များကို တရားဝင် ဝယ်ယူမှုမရှိ၍ အခက်အခဲကြုံတွေ့နေရခြင်းကို နှစ်နိုင်ငံအစိုးရအချင်းချင်းချိတ်ဆက် ဖြေရှင်းညှိနှိုင်းမှု ကြောင့် ဈေးကွက်အတွင်း
မြန်မာ့ဆန်များဈေးကွက်ရရှိလာခြင်းဖြစ်ပါတယ်။ ယခင်ဈေးကွက်တွင် ဈေးကောင်းမရရှိခဲ့သော ငစိန် ၂၅ % ဆန်များသည်လည်းဈေးကွက်ပြန်လည်ရရှိလာပြီဖြစ်ပါတယ်။ မြန်မာ့ဆန်ဖြူများဈေးကွက်သစ်ရရှိလာပြီဖြစ်သဖြင့် ပိုမိုတင်ပို့နိုင်သည်နှင့်အမျှ တောင်သူလယ်သမားများဈေးကောင်းရရှိ၍ လူနေမှုဘ၀ မြင့်တက်လာမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက် ပါတယ်။
MMZ(လဂ)
တရုတ်နိုင်ငံမှာ စက်တင်ဘာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုဆက်လက် ကျဆင်းခဲ့တယ်လို့ တရုတ်နိုင်ငံစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပြောကြားခဲ့တယ်။
စက်တင်ဘာလအတွင်း FDI ဝင်ရောက်မှုက ယခင်နှစ်အလားတူကာလနဲ့ ယှဉ်ရင် ၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကန်ဒေါ်လာ ၈ ဒသမ ၄၃ ဘီလီယံသာရရှိခဲ့တယ်လိ့ု သိရတယ်။ ဒီလို တရုတ်နိုင်ငံရဲ့ စီးပွားရေး နှေးကွေးနေတဲ့သတင်းက ကမ္ဘာ့ရွှေဝယ်လိုအားအပေါ် အနည်းငယ်သက်ရောက်မှုရှိခဲ့ရာ အောက်တိုဘာလ ၂၂ ရက်နေ့ ကမ္ဘာ့ရွှေဈေးနှုန်းတွေ ကျဆင်းလာခဲ့တယ်။ နယူးယောက် Comex မှာ ဒီဇင်ဘာလအရောက်ပိုရမယ့် ရွှေဈေးနှုန်းက တစ်အောင်စကို ၁၇၄၂ ဒေါ်လာနဲ့ နယူးယောက်စံတော်ချိန် နေ့ခင်း ၁း၄၀ နာရီမှာ အရောင်းအဝယ် ဖြစ်ခဲ့တယ်။
၎င်းအချိန်မတိုင်မီက တစ်အောင်စကို ၁၇၁၆ ဒေါ်လာအထိ ကျဆင်းခဲ့ရာ စက်တင်ဘာလ (၇) ရက် နောက်ပိုင်းအနိမ့်ဆုံး ဈေးနှုန်းဖြစ်တယ်လို့ သိရတယ်။ ဒါ့အပြင် လက်ရှိသီတင်းပတ် ၂ ပတ်အတွင်း ကမ္ဘာ့ ရွှေဈေး နှုန်းတွေက ၃ ဒသမ ၂ ရာခိုင်နှုန်းဈေးကျဆင်းခဲ့ပြီး ဖြစ်တယ်လို့ သိရတယ်။ ကမ္ဘာအနှံ့ ဗဟိုဘဏ်တွေက ငွေကြေး မူဝါဒဖြေလျော့မှုများ ၊ စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းများကို ထပ်မံဆောင်ရွက်တော့မှာ မဟုတ်ကြောင်း စိုးရိမ်လာ ကြခြင်းက ရွှေဝယ်လိုအားအပေါ် စိုးရိမ်မှုဖြစ်စေတယ်။ စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းတွေ ဆောင်ရွက်မှသာ ငွေကြေးဖောင်းပွမှုကို ဖြစ်စေပြီး ရွှေကိုဝယ်လိုအားများလေ့ရှိတယ်။
Source: Bloomberg.com
ပပ
ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) နှစ်ပတ်လည် အခမ်းအနားနဲ့ ကျောက်မျက်ရတနာ အရောင်းပြပွဲကို နိုဝင်ဘာ ၄ ရက်နေ့ ရွှေပြည်သာဟိုတယ်မှာ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။
ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ဒေါ်ခင်လေးမြင့်က "အသင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်သွားမယ်။ ကျောက်မျက်ရတနာ၊ စိန်၊ ရွှေအရောင်းဆိုင် ခင်းကျင်းပြီးရောင်းချသွားမယ်။ အသင်းသားအားလုံး တက်ရောက်နိုင်ပါတယ်။ ဆိုင်ခန်းပြသ ရောင်းချချင်တယ်ဆိုရင် ၂၅ ရက်နေ့နောက်ဆုံးထားပြီး အသင်းရုံးမှာလာလျှောက်လို့ရပါတယ်" လို့ပြောပါတယ်။
ကျောက်မျက်ရတနာ အရောင်းပြပွဲမှာ ပါဝင်ပြသရောင်းချလိုပါက ၉ ပေပတ်လည်အခန်းများ ချထား ပေးမှာဖြစ်ပြီး၊ အခမဲ့ပြသရောင်းချနိုင်ကြောင်း၊ အခန်းအရေအတွက်သတ်မှတ်ထားလို့ ဦးရာစနစ်နဲ့ ရောင်းချ ခွင့်ပြုမှာဖြစ်ကြောင်းသိရပါတယ်။
ဇူးဇူး-မန္တလေး