ကိုရီးယား-အာဖရိက စားနပ်ရိက္ခာနှင့် လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကနဦးအစီအစဉ် (Korea -Africa Food & Agriculture Cooperation Initiative -KAFACI)၏ (၆)ကြိမ်မြောက် အထွေထွေညီလာခံ အစည်းအဝေးကို ကင်ညာနိုင်ငံတွင် ကျင်းပခဲ့ရာ အဖွဲ့ဝင် အာဖရိက ၃၆ နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံတို့က တိုးတက်မှုပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။ထို့ပြင် အဖွဲ့ဝင်သစ် ၁၄ နိုင်ငံနှင့်လည်း နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြပါသည်။
KAFACI သည် စိုက်ပျိုးရေးနည်းပညာများ လွှဲပြောင်းပေးခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ပေးလျက်ရှိသည်။
အစည်းအဝေးတွင် ကင်ညာ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးက ကင်ညာသည် လာမည့်ငါးနှစ်အတွင်းဆန်တင်သွင်းမှု ၅၀ လျှော့ချသွားရန် စီစဉ်နေရာ အထွက်နှုန်းကောင်းသော မျိုးစေ့များနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ၊နိုင်ငံ၏ နှစ်စဉ်ဆန် ထုတ်လုပ်နိုင်မှုမှာ တန်ချိန် ၁ သိန်းခွဲမှ ၂ သိန်း နီးပါးသာရှိပြီး တင်သွင်းမှုမှာ ၈ သိန်း နီးပါးရှိသောကြောင့် အစိုးရအနေဖြင့် ကွာဟမှုအပေါ် အားစိုက်ထုတ်နေရကြောင်း ၊နိုင်ငံ့လူဦးရေနှင့် မြို့ပြတည်ဆောက်ရေးလုပ်ငန်းများ တိုးတက်လာမှုကြောင့် အစိုးရကဆန်ထုတ်လုပ်မှု တိုးမြှင့်နိုင်ရေး သုတေသနလုပ်ငန်းများ နှင့်သိပ္ပံပညာရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ ကင်ညာနိုင်ငံအတွက် ဆန်သည် အဓိကတန်ဖိုးကွင်းဆက်တွင် ပါဝင်နေသဖြင့် ဆန်စပါးနှင့်စပ်လျဉ်းသည့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်နေသည့် ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ကိုရီးယား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအုပ်ချုပ်မှုဌာန ၊ညွှန်ကြားရေးမှူးချုပ်က KAFACI သည် အာဖရိကပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် အထွက်နှုန်းကောင်းပြီး အရည်အသွေးမြင့်မားသော ဆန် ၂၆ မျိုးကို ဖော်ထုတ်ခဲ့ကြောင်း ၊ထို့ပြင် နွားမျိုးစိတ် အချက်အလက်များ ပြုစုခြင်း ၊ သုတေသနများ ပုံနှိပ်ခြင်း ၊အာဖရိကတိုက်အတွင်း စက်မှုလယ်ယာကူးပြောင်းရေးအခြေအနေကို သုံးသပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း ၊နောင် ၅ နှစ်အတွင်း အာဖရိကလယ်ယာကဏ္ဍ ရေရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြံ့ကြံ့ခံနိုင်ရေး သုတေသနများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊၂၀၁၀ ပြည့်နှစ်က အာဖရိကနိုင်ငံ ၁၆ နိုင်ငံသာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သော KAFACI သည် ၂၀၂၂ ခုနှစ် တွင် အာဖရိကနိုင်ငံပေါင်း ၂၃ နိုင်ငံထိ တိုးတက်လာပြီး ယခုအခါ နောက်ထပ် ၁၄ နိုင်ငံ ထပ်မံပါဝင်လာကြောင်း ပြောကြားခဲ့သည်။
ကင်ညာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သုတေသနဌာန ညွှန်ကြားရေးမှူးချုပ်က KAFACI နှင့် စက်မှု လယ်ယာပူးပေါင်းဆောင်ရွက်ရေးတွင် ဆန်ကိုအဓိကထားကြောင်း ၊ လာမည့် ၅ နှစ်အတွင်း အာဖရိက ၃၇ နိုင်ငံအတွက် ကင်ညာရှီလင် ၆.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၅၀) တန်ဖိုးရှိ စီမံကိန်းများ ဆောင်ရွက်မည်ဖြစ်ရာ ကင်ညာနိုင်ငံသည် ကင်ညာရှီလင် သန်း ၃၀ တန်ဖိုးရှိ စပါးမျိုးစေ့များ ရရှိမည်ဖြစ်ကြောင်း ၊ ဆန်စီမံကိန်းများကြောင့် ၂၀၃၀ ပြည့်နှစ်တွင် ဆန်ထုတ်လုပ်မှုသည် တစ်နှစ်လျှင် တန်ချိန် ၅ သိန်း ၂ သောင်းခန့်ထွက်ရှိမည်ဟု ခန့်မှန်းကြောင်း ၊ သို့မှသာ ဆန်တင်သွင်းမှုကို ၅၀ % လျှော့ချနိုင် မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ရင်းမြစ် ၊ Kenya News Agency