ကမ္ဘာ့ကောက်ပဲသီးနှံတင်ပို့မှု ထိပ်တန်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် သိုလှောင်ကုန် များနေခြင်း၊ မကြာမီ သီးနှံသစ်များ ရိတ်သိမ်းမည်ဖြစ်ခြင်းတို့ကြောင့် ဘာစမာတီမဟုတ်သောဆန်တင်ပို့မှုအပေါ် တားမြစ်မှုများကိုဖြေလျှော့ရန် စဉ်းစားနေကြောင်း အစိုးရအကြီးတန်းအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်မိုဒီအစိုးရက ရွေးကောက်ပွဲမတိုင်မီ လယ်သမားများဝင်ငွေတိုးစေရန် နည်းလမ်းများ ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့်သီတင်းပတ်က ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကန်စသည့် အကျိုးအမြတ်များသော ပြည်ပဈေးကွက်များသို့ ဘာစမာတီဆန်တင်ပို့သူများအား ကူညီနိုင်ရန် ဆန်ကြမ်းခင်းဈေးကို ဖယ်ရှားခဲ့ပါသည်။
၂၀၂၃ ခုနှစ်မှစ၍ ဆန်တင်ပို့မှုကို တားမြစ်ခဲ့သော အိန္ဒိယသည် ၂၀၂၄ ခုနှစ်တွင်လည်း ဧပြီလမှ ဇွန်လအထိ ရွေးကောက်ပွဲရှိသဖြင့် ပြည်တွင်းစျေးနှုန်းများ ထိန်းထားနိုင်ရန် ဆက်လက်တားမြစ်ခဲ့ပါသည်။ ရိုက်တာသတင်းဌာန၏ ဇူလိုင်လသတင်းများ၌ အိန္ဒိယသည် ပြည်ပသို့ ပြုတ်ဆန်တင်ပို့ရာတွင် ၂၀ % ပို့ကုန်ခွန် ကောက်ခံနေခြင်းအစား တပြေးညီအခွန်နှုန်း ချမှတ်ရန် စဉ်းစားနေပြီး ဆန်ဖြူ ပြန်လည်တင်ပို့ရန်အခြေအနေကို ဆန်းစစ်နေကြောင်း ဖော်ပြခဲ့သည်။
မုတ်သုံမိုးအားကောင်းမှုကြောင့် တောင်သူလယ်သမားများသည် ယခင်နှစ်ကစိုက်ပျိုးမြေ ဟက်တာ ၃.၉ သန်းမှ ယခုနှစ်တွင် ဟက်တာ ၄.၁ သန်းထိ စိုက်ပျိုးခဲ့ကြောင်း၊ နွေစပါးကို ဇွန်နှင့်ဇူလိုင် မိုးရာသီများတွင် စိုက်ပျိုးကြပြီး အောက်တိုဘာလတွင် ရိတ်သိမ်းကြကြောင်း၊အိန္ဒိယစားသောက်ကုန် ကော်ပိုရေးရှင်း၏ စက်တင်ဘာ ၁ ရက်နေ့အထိ စာရင်းများအရ ဆန်လက်ကျန်သည် ပြီးခဲ့သည့်နှစ်ကထက် ၃၈.၆ % များပြားကာ မက်ထရစ်တန် ၃၂.၃ သန်းရှိသောကြောင့် အစိုးရအနေဖြင့် ဆန်တင်ပို့မှုကန့်သတ်ချက်များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းထောက်များ၏ မေးမြန်းချက်အပေါ် စားသောက်ကုန်ထုတ်လုပ်ရေး စက်မှုဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက အစိုးရအနေဖြင့် ပြုတ်ဆန်နှင့် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှု၊ ပြည်တွင်းအီသနောဈေးနှင့် သကြားရောင်းဈေးစသည့် မူဝါဒများကို ပြင်ဆင်ရန် စဉ်းစားလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ရင်းမြစ်။ Reuters