ဘင်္ဂလားဒေ့ရှ်တွင်ရေကြီးမှုများကြောင့် အထည်ချုပ်လုပ်ငန်းများအတွက် ချည်ထည်များ ပြတ်တောက်

Fri, 09/20/2024 - 04:55 -- wtodep

ကမ္ဘာ့အဝတ်အထည်ထုတ်လုပ်မှု အများဆုံးနိုင်ငံတွင်ပါဝင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထည်ချုပ်စက်ရုံများသည် ရေကြီးမှုကြောင့် ချည်ထည်ပစ္စည်းများ ပြတ်လပ်သွားပြီး အမှာစာများအချိန်မီ ပြီးစီးရန် ရုန်းကန်နေရပါသည်။ ဘင်္ဂလားဒေ့ရှ်သည် ကြီးမားသော အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းကြောင့် ကမ္ဘာ့ချည်ထည် ထိပ်တန်းတင်သွင်းသည့်နိုင်ငံဖြစ်သော်လည်း ရေကြီးမှုကြောင့် စစ်တကောင်းဆိပ်ကမ်းမှ ကုန်တင်ကားနှင့် မီးရထားအချို့သာ စက်ရုံများသို့ သွင်းကုန်များ ပို့ဆောင်နိုင်ခဲ့ကြောင်း လုပ်ငန်းဆောင်ရွက်သူများနှင့် လေ့လာသုံးသပ်သူများက ဆိုသည်။

ဆူပူအုံကြွမှုများကြားမှ ထပ်မံရေကြီးမှုများကြောင့် ယခုလအစောပိုင်းတွင် စက်ရုံပိတ်သိမ်းမှုများရှိခဲ့ပြီး အထည်ထုတ်လုပ်မှု ၅၀ % ကျဆင်းခဲ့ကြောင်း၊ အထည်ချုပ်လုပ်ငန်းအနေဖြင့် အချိန်မီပြီးစီးရန် ပြင်းထန်သောဖိအားများနှင့် တွေ့ကြုံနေရပြီး မြန်မြန်ဆန်ဆန် ဖြေရှင်းမပေးပါက ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်သည် ပိုမိုဆိုးရွားသွားမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် သိုးမွှေးထည်ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ Mohammad Hatem က ပြောကြားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏အဆိုအရ ဘင်္ဂလားဒေ့ရှ်သည် ၂၀၂၃ ခုနှစ်က အဝတ်အထည်တန်ဖိုး ကန်ဒေါ်လာ ၃၈.၄ ဘီလီယံ တင်ပို့ခဲ့ပြီး တရုတ်နှင့် ဥရောပသမဂ္ဂပြီးလျှင် ကမ္ဘာ့တတိယအကြီးဆုံး တင်ပို့သည့်  နိုင်ငံဖြစ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဟောင်းတစ်ဦးက တစ်ရက်လျှင် ၅ ဒေါ်လာတန်အင်္ကျီ အထည် ၅၀,၀၀၀ ထုတ်လုပ်သည့် အလတ်တန်းစား ကုမ္ပဏီတစ်ခုအနေဖြင့် ထုတ်လုပ်မှုတန်ဖိုး ဒေါ်လာ ၂၅၀,၀၀၀ ဆုံးရှုံးကြောင်း၊ အထည်ချုပ်စက်ရုံအချို့သည် ပြန်လည်ထုတ်လုပ်မှုစတင်ရန် နှေးကွေးနေပြီးနောက်ထပ် ၆ လ အတွင်း လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အထည်ချုပ်ဈေးကွက်၏ ၁၀% မှ ၁၅% သည် အခြားနိုင်ငံများသို့ ရောက်ရှိသွားနိုင်ကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏ စုစုပေါင်းပို့ကုန်ဝင်ငွေ၏ ၈၀ % ရရှိနေသည့် အသင့်ဝတ်အထည်ချုပ်လုပ်ငန်း သည် ကမ္ဘာ့နာမည်ကြီးဖက်ရှင်တံဆိပ်များစွာကို ချုပ်လုပ်နေရပါသည်။ အမှာစာများ နှောင့်နှေးနိုင်သောကြောင့် အထည်အပ်သူများက သတိထားဆောင်ရွက်နေကြပြီး ယခုကဲ့သို့ မသေချာမှုများ ဆက်လက်ကြာမြင့်နေပါက ယခင်ကတည်းက တည်ဆောက်ခဲ့သည့် အရှိန်အဟုန်အပေါ် စိန်ခေါ်မှုများရှိလာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ စက်မှုလုပ်ငန်းအဖွဲ့၏ ဒါရိုက်တာတစ်ဦးက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်မိုးလေဝသဌာနအဆိုအရ ရေကျဆင်းမှုနှုန်းနည်းကာ မုတ်သုံမိုး ဆက်လက်ရွာသွန်းနေပါက ရေကြီးရေလျှံမှုဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကုန်စည်ဆိုင်ရာ လေ့လာသူများက ချည်ထည်တင်ပို့မှုအချို့သည် အိန္ဒိယ၊ ပါကစ္စတန်နှင့် ဗီယက်နမ်တို့  သို့ရောက်ရှိသွားနိုင်ကြောင် ပြောကြားခဲ့သည်။ ပါကစ္စတန်နှင့် ဗီယက်နမ်တို့သို့ ချည်ထည်အချို့ ပေးပို့လိုက်ရကြောင်း နယူးဂျာစီအခြေစိုက် VLM Commodities မှ လေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။ ဘင်္ဂလားဒေ့ရှ်ဘက်မှ ရောက်ရှိလာသော အမှာစာအသစ်များကို အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင်ထားပေးနိုင်ကြောင်း အိန္ဒိယချည်ထည်အသင်းဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် သိုးမွေးထည်ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌက နိုင်ငံ၏အထည်ချုပ်လုပ်ငန်းသည် ရေကြီးမှုမဖြစ်မီကပင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုပြဿနာနှင့် ရင်ဆိုင်ခဲ့ရကြောင်းပြောကြားခဲ့သည်။

ရင်းမြစ်။        nikkei.asia

 

International Trade News

Pages