နောက်ဆုံးရ သတင်း

နေပြည်တော်၊ နိုဝင်ဘာ ၂၁         ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရုံးအမှတ် (၅၂)၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။

    ဒုတိယဝန်ကြီးကပြောကြားရာ ယနေ့ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် ဝန်ထမ်းများလုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင် ရာ၌ စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန်နှင့် စားသုံးသူအခွင့်အရေးများ အကာအကွယ်အပြည့်အဝပေးနိုင်ရေး လုပ်ငန်းစဉ်များတွင် အင်အားဖြည့်တင်းရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊

   စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိများအနေဖြင့် ဘေးကင်းလုံခြုံမှုမရှိသော ကုန်ပစ္စည်းများအနက် သိမ်းဆည်းသင့်သည့်ကုန်စည်များနှင့် တားမြစ်သင့်သည့် ကုန်စည်များကို ခွဲခြားနိုင်ရေး၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံး သူအငြင်းပွားမှုဖြေရှင်းသည့်အချိန်တွင် အထောက်အကူရရှိစေရေးတို့အတွက် ဆက်စပ်ဝန်ကြီးဌာနများမှ ကျွမ်းကျင်နည်းပြများ၏ ဆွေးနွေးမှုများအပေါ် အလေးထားမှတ်သားကြရန် မှာကြားလိုကြောင်းပြောကြားခဲ့ သည်။

   အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေးအရာရှိ (၅၃) ဦး တက်ရောက်ကြပြီး အလုပ်ရုံဆွေးပွဲကို နိုဝင်ဘာလ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့ထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

   နေပြည်တော်၊ နိုဝင်ဘာလ ၁၄ (တနင်္လာနေ့) နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) တွင် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ (ASEAN Economic Community 2025- AEC 2025) လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီ(၃) ခုနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို Online + Offline ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   အဆိုပါ အစည်းအဝေးတွင် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ (ASEAN Economic Community 2025- AEC 2025) လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီ (၃)ခုဖြစ်သည့် ကုန်စည်ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ ခိုင်မာတောင့်တင်းစေရေးနှင့် အစိုးရ- ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းကော်မတီများ၏ ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ရာ၌ အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ (ASEAN Economic Community 2025 - AEC 2025)  ဖော်ဆောင်နိုင်ရေးအတွက် ရေးဆွဲထားသည့် လုပ်ငန်းစီမံချက်မှာ ပါဝင်တဲ့ ကုန်စည်၊ ဝန်ဆောင်မှုနှင့် ပုဂ္ဂလိက အခန်းကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီများတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ကြရသော သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ ပိုမိုပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဌာနအလိုက်ဆောင်ရွက် ကြရာတွင် တွေ့ကြုံရသည့် အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်‌ဖြစ်ပါကြောင်းနှင့် ယခုကျင်းပသည့် အစည်း အဝေးတွင် ပွင့်လင်းစွာဖြင့် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

   ဆက်လက်၍သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၏ အတွင်းရေးမှူးများ၊ ဘာသာရပ်တာဝန်ခံများမှ ကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးမှ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

   အဆိုပါအစည်းအဝေးသို့ အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ (ASEAN Economic Community 2025 - AEC 2025) လုပ်ငန်းစီမံချက်တွင် ပါဝင်သည့် လုပ်ငန်းကော်မတီ(၂၂)ခုအနက် (၃) ခုဖြစ်သော ကုန်စည်ကုန်သွယ်ရေးလုပ်ငန်းကော်မတီ၊ ဝန်ဆောင်မှုကုန်သွယ်ရေးလုပ်ငန်းကော်မတီနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ ခိုင်မာတောင့်တင်းစေရေးနှင့် အစိုးရ- ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းကော်မတီတို့၏အဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း (၇၉) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ နိုဝင်ဘာ ၁၃  အိန္ဒိယသမ္မတနိုင်ငံ၊ ကုန်သည်များအသင်း (Indian Chamber of Commerce–ICC) ၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့၊ ITC Sonar Hotelတွင် ကျင်းပပြုလုပ်ခဲ့သည့် “အိန္ဒိယကုန်သည်ကြီးများအသင်း နှစ်ပတ် လည်စုံညီအစည်းအဝေး” သို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။

   အစီအစဉ်အရ ဖွင့်ပွဲအခမ်းအနားအားအိန္ဒိယနိုင်ငံ စံတော်ချိန်(၁၇:၀၀)နာရီမှစတင်ခဲ့ရာ အဆိုပါစုံညီအစည်းအဝေးသို့ အိန္ဒိယနိုင်ငံအစိုးရကုန်းလမ်းပို့ဆောင်ရေး၊ အဝေးပြေးလမ်းနှင့်လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီးအငြိမ်းစားဗိုလ်ချုပ်ကြီး Dr.V.K. Singh (Retd.) ၊ ပြည်ပရေးရာနှင့်ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးDr. Rajkumar Ranjan Singh ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ အိန္ဒိယကုန်သည်ကြီးများအသင်း (Indian Chamber of Commerce – ICC) ဥက္ကဋ္ဌ Mr. Pradeep Sureka ဦးဆောင်သော အိန္ဒိယကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ၊ အိန္ဒိယကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

   ဆက်လက်၍ မြန်မာ-အိန္ဒိယကုန်သွယ်ဆက်ဆံရေး(Special Session on India-Myanmar Trade Relations) ဆွေးနွေးမှုအပိုင်းတွင် ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ ပြောကြား ရာတွင်  နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေများနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့်အလားအလာကောင်းများ၊ ကုန်သွယ်မှု ပိုမိုတိုးတက်စေရေးအတွက် နှစ်နိုင်ငံငွေကြေးများကို သုံးစွဲနိုင်ရေးကိစ္စများ၊နှစ်နိုင်ငံကြား ချုပ်ဆိုထားသော ပဲစင်းငုံနှင့် မတ်ပဲရောင်းဝယ် ရေးစာချုပ်တွင် ပဲတီစိမ်းနှင့်အခြားပဲအမျိုးအစားများပါထည့်သွင်းနိုင်ရေး၊ နှစ်နိုင်ငံကုန်စည်များပွဲများကျင်းပနိုင်ရေးနှင့် နှစ်ဖက် ကုန်သည်များကြား ပိုမိုထိတွေ့ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှု ဆောင်ရွက်လျက် ရှိသော စီမံကိန်းအခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပူးတွဲကော်မတီများနှင့် နယ်စပ်ကုန်သွယ်ရေးပူးတွဲကော်မတီ အစရှိသည့် ဆက်သွယ်မှုယန္တယားများ ပိုမိုရင်းနှီးခိုင်မာအောင် တည်ဆောက်ရေးနှင့်  နှစ်နိုင်ငံကြားတွင် နိုင်ငံတကာ၊ဒေသတွင်း နှင့်နှစ်နိုင်ငံချင်းစသည့် အလွှာအလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

   ထို့နောက် တက်ရောက်လာသူများကမေးမြန်းဆွေးနွေးမှုများအပေါ်ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။စုံညီအစည်းအဝေးပြီးဆုံးပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယကုန်သည်ကြီးများအသင်း (Indian Chamber of Commerce – ICC)မှ တည့်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်ခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်အတူ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက် (၁၁:၀၀) အချိန်တွင် ကော်လ်ကတ္တားမြို့၊ JW Marriot Hotel တွင် ကျင်းပသည့် အိန္ဒိယနိုင်ငံစက်မှုထုတ်ကုန်များ တိုးမြှင့်တင်ပို့ နိုင်ရေးကောင်စီ (Engineering Export Promotion Council - EEPC) ဖိတ်ကြားခဲ့သော ကုန်သွယ်မှုဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် EEPC India အဖွဲ့အစည်း၏ ဥက္ကဋ္ဌ Mr.Arun Kumar Garodia၊ အာဆီယံနိုင်ငံများနှင့်ကုန်သွယ်မှု ကော်မတီဥက္ကဋ္ဌ Mr.Tsuhar Shah နှင့် ဒေသဆိုင်ရာဒုတိယဥက္ကဋ္ဌ Mr. Binod Sadra နှင့်အတူ အသင်းဝင်စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ခဲ့ကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေနှင့် အလားအလားများ၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအလားအလာများ၊ ကျပ်နှင့်ရူပီးများကို နှစ်နိုင်ငံကုန်သွယ်မှုတွင် သုံးစွဲနိုင်ရေးနှင့် နှစ်နိုင်ငံ ကုန်သည်များအနေဖြင့် Asian Clearing Union (ACU)  ငွေပေးချေမှုယန္တယားကို အသုံးပြု၍ ကုန်သွယ်မှုဆောင်ရွက်နိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ (၁၄:၀၀) အချိန်၊ ကော်လ်ကတ္တားမြို့၊ Bangal Club တွင် အိန္ဒိယ ပို့ကုန်အဖွဲ့ချုပ် (Federation of Indian Export Organization-FIEO) မှ ဖိတ်ကြားခဲ့သော နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်စေရေးအတွက် ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ FIEO ဥက္ကဋ္ဌ Mr. Yogesh Gupta နှင့်အတူ အဖွဲ့ဝင်များ၊ အိန္ဒိယရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။ထိုနောက် ပြည်ထောင်စုဝန်ကြီးမှ နှစ်နိုင်ငံကြားကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရေး အလားအလားကောင်းများ ဆွေးနွေးပြောကြားခဲ့ပြီးနောက် အိန္ဒိယကုန်သည်လုပ်ငန်းရှင်များ သိရှိလိုသည်များကို ဖြေကြားပေးခဲ့ပါသည်။ ဆက်လက်၍ (၁၅:၃၀) အချိန်တွင် အိန္ဒိယနိုင်ငံ၊ စားသုံးသူရေးရာအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ Mr. Vishal Singh မှ ပြည်ထောင်စုဝန်ကြီးအား ကော်ကတ္တားမြို့ BangalClup ဧည့်ခန်းမဆောင်၌ ဂါဝရပြုလာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင်ပြည်ထောင်စုဝန်ကြီးက မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းများ အထူးသဖြင့် ပဲမျိုးစုံများကို အိန္ဒိယနိုင်ငံမှ ပိုမိုဝယ်ယူပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်အတူ ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလ (၁၂)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ၊မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက် လိုသော၊ မြန်မာနိုင်ငံနှင့်ကုန်သွယ်မှုပိုမိုမြှင့်တင်ရန်စိတ်ဝင်စားသော ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။

   တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့မှ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ပဏာမရှင်းလင်းပြောကြားခဲ့ပြီးနောက် အိန္ဒိယကုန်သည်များအသင်းမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Dr. Ragaeev Singh မှ အိန္ဒိယနိုင်ငံမှ တက်ရောက်လာသော ကုန်သည်လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ တစ်ဦးချင်းအား မိတ်ဆက်ပေးခဲ့ပါသည်။ ထို့နောက် အိန္ဒိယကုန်သည်လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံနှင့်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကိစ္စများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   အဆိုပါအစည်းအဝေးသို့  ကဏ္ဍအသီးသီးမှ  စုစုပေါင်းကုမ္ပဏီ (၁၅) ခု ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ နိုဝင်ဘာ ၁၁         ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပို့ကုန်လျာထားချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားသည်။

   ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ်၊ မတ်လထိ ပို့ကုန်လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ ဝိုင်းဝန်းဆွေးနွေး အကောင်အထည်ဖော်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ၏ တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

   အဆိုပါ အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နေပြည်တော်၊နိုဝင်ဘာ ၉  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်၊ (၀၈:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ဒါရိုက်တာဖြစ်သူ Mr.SHATIROV Alexander Sergeevich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ လက်ခံတွေ့ဆုံခဲ့သည်။

   အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ - ရုရှားနှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုတိုးမြှင့်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ တင်ပို့ရန်အလားအလာ ရှိသည့်ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေး၊ တင်ပို့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် စံချိန်စံညွှန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စများကို  ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

   တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း