နောက်ဆုံးရ သတင်း
နေပြည်တော်၊ ဇန်နဝါရီ ၂၀ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ၁၃:၀၀ နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီးရုံး အဆောက်အဦတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ရန်ကုန်တိုင်းရုံး ဖွင့်လှစ်မည့်နေရာအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရုံးသစ်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့်ဆက်စပ်ပစ္စည်း များရရှိရေး၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရေးနှင့် မကြာမီကာလအတွင်း ကုန်အမှတ်တံဆိပ် ဥပဒေအာဏာသက်ဝင်ဆောင်ရွက်တော့မည်ဖြစ်၍ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိရေးကိစ္စရပ်များ မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်္လာတောင်ညွှန့်မြို့နယ်၊ စက်ဆန်းရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင်သိုလှောင်ရုံးများအား လိုက်လံကြည့်ရှုစစ်ဆေးကာလိုအပ်သည်များမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ (၁၈:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ၊ Western Park Royal Restaurant ၌ ကျင်းပ ပြုလုပ်ခဲ့သည့် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အားပေးအမှာစကားပြောကြားခဲ့သည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်အမှာ စကားပြောကြားရာ၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ထိုင်ကြည့်တပ်ခွဲ၊ဂုဏ်ပြုယာဉ် (၁) စီးနှင့် ပြခန်း (၁) ခန်းတို့ ပါဝင်ပြသခဲ့ပြီး တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုသော အနေဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသည် ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ် ဖြစ်သည့်အပြင် သမိုင်းတွင်ကျန်ရစ်မည့် နိုင်ငံတော်အဆင့် အခမ်းအနားကြီးဖြစ်သည့်အတွက် အဆိုပါအခမ်းအနားတွင် ကျရာနေရာ ကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခွင့်ရရှိခဲ့ကြသည့် ဝန်ထမ်းများ အနေဖြင့်လည်း ဂုဏ်ယူရမည့် အခမ်းအနားတစ်ခုဖြစ်ပါကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် စိန်ရတုလွတ်လပ်ရေးနေ့တွင် စိတ်ဓာတ်တက်ကြွစွာ ပါဝင်ခဲ့ကြခြင်းကို ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ခဲ့သော အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေးပူးတွဲကော်မရှင်အစည်းအဝေးအား ဆောလျင်စွာ ပြန်လည်ကျင်းပနိုင်ရေး၊ နှစ်နိုင်ငံ အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေး၊ နယ်စပ်ကုန်သွယ်မှုတွင် အဆင်ပြေချောမွေ့စေရေးနှင့် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဆော်ဒီအာရေဗျနိုင်ငံ၊ အရှေ့ပိုင်းပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပမည့် Dhahran Expo တွင် ပါဝင်သည့် Saudi International Marine Exhibition သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ကြားလာပါသည်။ အဆိုပါပြပွဲသို့ ဝင်ရောက်ပြသခြင်းဖြင့် ဆော်ဒီအာရေဗျနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတို့အကြား ငါးမွေးမြူရေးလုပ်ငန်းနှင့် ပင်လယ်စာကဏ္ဍတို့၏ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးခိုင်မာစေရန် ထူးခြားသော စီးပွားရေးအခွင့်အလမ်းတစ်ခုဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များ ချဲ့ထွင်နိုင်ရန်နှင့် ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် ပြပွဲစီစဉ် သူများနှင့် တွေ့ဆုံ နိုင်ရေး B2B Package များလည်း စီစဉ်ထားရှိပါကြောင်း သိရှိရသည်။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါပြပွဲနှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇ -၄၀၈၆၂၃ တို့သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရှိရပါသည်။