နောက်ဆုံးရ သတင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ တရားဝင်မှန်ကန်စွာ ဆောင်ရွက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပို့ကုန်တင်ပို့သည့် ယာဉ်များက ကုန်ပစ္စည်းများသယ်ဆောင်တင်ပို့ရာတွင် စနစ်တကျရှိစေရေးအတွက် လည်းကောင်း၊ ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်းများ လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း၊ ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်များအား Vehicle Monitoring System ဖြင့် Online မှ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ အဆိုပါအစီအစဉ်အရ ပို့ကုန်ယာဉ်များက QR Code ကို အသုံးပြု၍ ကုန်ပစ္စည်းသယ်ဆောင်တင်ပို့နေခြင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများ နှင့်အတူ မန္တလေး (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်းသို့ ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီလ ၁၈ ရက်နေ့တွင် လာရောက်စစ်ဆေးခဲ့သည်။
ဤသို့ စစ်ဆေးကြည့်ရှုစဉ် ပို့ကုန်ပစ္စည်းများအား နယ်စပ်မှတင်ပို့ရာတွင် ကုန်ပစ္စည်းသယ် ဆောင်သည့် ယာဉ်များအတွက် QR Code ပါဝင်သည့် ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်ကို Online မှ လျှောက်ထားခွင့်ပြုနေသည့် အစီအစဉ်များ၊ စစ်ဆေးဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခြေအနေ များကိုလည်းကောင်း၊ အဆိုပါအစီအစဉ်နှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ထုတ်ပြန်ချက် များကိုလည်းကောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြ ချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပို့ကုန်လုပ်ငန်းရှင်များ၊ ယာဉ်မောင်းများနှင့်တွေ့ဆုံကာ အခက်အခဲများအား မေးမြန်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် Mr. Li Chenyang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ - ၁ ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များမြှင့်တင်ရေး၊ မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်သွယ်မှုနှင့်ပတ်သက်သော ငွေပေးချေမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများနှင့် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စများကို ဆက်လက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၁ ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကာပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကြက်သွန်နီစိုက်ဧက (၁.၇) သိန်း ကျော်ရှိပြီး နှစ်စဉ်တန်ချိန် (၁) သန်းကျော် ထွက်ရှိပါကြောင်း၊ ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများထိုက်သင့်သည့် အကျိုးအမြတ်ရရှိစေရေး၊ စားသုံးသူပြည်သူများ သင့်တင့်မျှတသည့် ဈေးနှုန်း ဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့ကို ချိန်ညှိဆောင်ရွက်ရေးနှင့် ပြည်ပနိုင်ငံများသို့ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့နိုင်ရေးတို့ကို ဟန်ချက်ညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံများ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများကဈေးကွက် အခြေအနေနှင့် အလားအလာများ၊ ပြည်ပတင်ပို့ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဈေးကွက်တိုးချဲ့တင်ပို့နိုင်ရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပိုးပေးရန်လိုအပ်ချက်များ၊ ပြည်ပနိုင်ငံများသို့ ပင်လယ်ရေ ကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ လက်ရှိတင်ပို့နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ကြက်သွန်နီကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံအပါအဝင် ဈေးကွက်အလားအလာရှိသည့် နိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေး အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်ရေး၊ လိုအပ်သည့် အပင်ပိုးမွှားရောဂါများကင်းရှင်းကြောင်း အသိအမှတ်ပြု လက်မှတ်များ လွယ်ကူစွာ ထုတ်ယူရရှိနိုင်ရေး၊ ကောင်းမွန်သော စိုက်ပျိုးထုတ်လုပ်မှု ကျင့်စဉ် (GAP)စနစ်ဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် တောင်သူ ပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အပါအဝင် ပြည်ပဈေးကွက်သို့ ကြက်သွန်နီ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်တွင်းဈေးကွက်တည်ငြိမ်စေရေးတို့အတွက် ဆောင်ရွက်သင့်သည့် အစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စာဖိုဆောင် သုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ယူနန်ပြည်နယ် ကူးသန်း ရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ရုံးအမှတ်(၃)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးအား မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင် ဆောင်ရွက်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးဆောင်၍ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများနှင့် ဘာသာရပ်တာဝန်ခံများ တက်ရောက်ပြီး တရုတ်နိုင်ငံဘက်မှ ယူနန်ပြည် နယ်၊ ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr.Li Chenyang ဦးဆောင်၍ ကိုယ်စားလှယ် (၁၉)ဦးတို့ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များဖွင့်လှစ်နိုင်ရေးနှင့် မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ကုန်စည်စီးဆင်းမှုလျင်မြန် ချောမွေ့စေရေးကိစ္စများ၊ ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စများနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေး ကိစ္စတို့အားဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ( ၁၂:၀၀ )နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။