နောက်ဆုံးရ သတင်း

ကုန်သွယ်မှုလုပ်ငန်းများ တရားဝင်လမ်းကြောင်းမှ ဘဏ်စနစ်ဖြင့် မှန်ကန်စွာဆောင်ရွက်လာစေရန် ပို့ကုန်တင်ပို့သည့်ယာဉ်များ အတွက် သယ်ဆောင်ခွင့်များအား စိစစ်ခွင့်ပြုပေးခြင်းကို အွန်လိုင်းမှ Vehicle Monitoring System စနစ်ဖြင့် စတင်ဆောင်ရွက်သည့် အစီအစဉ်နှင့်ပတ်သက်၍ ကုန်သည် လုပ်ငန်းရှင်များ ရှင်းလင်းစွာ သိရှိဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပွဲကို ယနေ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

ဆွေးနွေးပွဲတွင် စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦး​မြင့်သူရ၊ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်းတို့က တက်ရောက်အမှာစကားများပြောကြားခဲ့သည်။ 

 

ဆွေးနွေးပွဲတွင် နယ်စပ်မှ ပို့ကုန်အမျိုးအစားအားလုံးကို သယ်ဆောင်သည့် ယာဉ်များအတွက် QR Code ပါဝင်သည့် ယာဉ်သယ်ဆောင်ခွင့်ကို အွန်လိုင်းမှ Vehicle Monitoring System စနစ်ဖြင့် လျှောက်ထားခွင့်ပြုမည့်အစီအစဉ်၊ စစ်ဆေးဆောင်ရွက်သွားမည့် လမ်းကြောင်းများ၊ ယင်းအစီအစဉ်အတွက် မူဝါဒဆိုင်ရာ ထုတ်ပြန်ချက်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြခဲ့သည်။

 

ဆွေးနွေးပွဲကို ပုဂ္ဂလိကလုပ်ငန်းရှင်များ ၊ နယ်စပ်ကုန်သွယ်ရေးဇုန်များမှ တာဝန်ရှိသူများ စုစုပေါင်း (၂၃၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

 

အစီအစဉ်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများက သိရှိလိုသည်များ၊ မရှင်းလင်းသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

        ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် (၀၉:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန၏ (၁၈) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အားပေးအမှာ စကားပြောကြားခဲ့သည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ဦးစီးဌာနများအလိုက် ပြိုင်ပွဲဝင်အသင်းများ၏ တပျော်တပါးထမနဲထိုးယှဉ်ပြိုင်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။ ထို့နောက် ဆုရရှိသည့်အသင်းများအား ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

         ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးသည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ၊ မစ္စတာအန်နာ သိုလီဘူးလော့ချ်နိကော့  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

          တွေ့ဆုံစဉ် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေး၊ ရုရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ကူညီဆောင်ရွက်သွားရေးနှင့်  ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်စပ်လျဉ်း၍ သိရှိလိုသည်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

       တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

          ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Hadong Sports Park ၌ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Hadong World TEA Expo 2023 သို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ပြသနိုင်ကြောင်း ဖိတ်ကြားလာသည်။

          ပြပွဲ၌ ပါဝင်ပြသရန် ပြခန်း (၁) ခန်းအား အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ ကုမ္ပဏီ ၆၀ ခုမှ ပြခန်း (၁၀၀) ဖြင့် ပါဝင်ပြသမည်ဖြစ်ကာ လူဦးရေ ၁ သန်းကျော် လာရောက်ကြည့်ရှု မည်ဟု မျှော်မှန်းထားကြောင်းနှင့် ပြခန်းပါဝင်ပြသခြင်းဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

          အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ် ဆက်ပြသနိုင်ကြောင်း သိရှိ ရသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း