နောက်ဆုံးရ သတင်း
နေပြည်တော်၊ နိုဝင်ဘာ ၈ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများနှင့် တွေ့ဆုံလမ်းညွှန်ပွဲ အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားရာတွင် ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများအား စနစ်တကျရွေးချယ်လေ့ကျင့်ထားခြင်းဖြစ်သည်နှင့်အညီ တစ်ဦးချင်းစည်းကမ်းရှိ၍ ဂုဏ်သိက္ခာထိန်းသိမ်းပြီး တာဝန်ထမ်းဆောင်ကြရန်၊ မိမိတို့ သွားရောက်တာဝန်ထမ်းဆောင်မည့်နိုင်ငံနှင့် မြန်မာနိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရေး သန္နိဋ္ဌာန်ချမှတ်၍ ကြိုးစားဆောင်ရွက်သွားကြရန်နှင့် စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များနှင့်ချိတ်ဆက်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာကဏ္ဍနယ်ပယ်အလိုက် နိုင်ငံအတွက်အကျိုးရှိ၍ လက်တွေ့အသုံးချနိုင်မည့် အစီရင်ခံစာများ၊ သတင်းအချက်အလက်များ ပြုစုပေးပို့ကြစေလိုကြောင်း မှာကြားခဲ့သည်။
အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရတို့အကြား ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding - MoU) ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါနားလည်မှု စာချွန်လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ် အများဆုံး ဆန်ဖြူတန်ချိန် (၂၅၀၀၀၀) ထိနှင့် ပေါင်းဆန် တန်ချိန် (၅၀၀၀၀)ထိ တို့အား တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ အဆိုပါ MoU အရ မြန်မာနိုင်ငံမှာ Myanmar Rice Federation – MRF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food တို့မှ ဧည့်မထ ၅% တန်းမြင့်ဆန် တန်ချိန် (၂၀၀၀၀၀) တင်ပို့ရန် သဘောတူ စာချုပ် (Sales Contract) ကို ချုပ်ဆိုခဲ့ပြီး တင်ပို့နိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ Sales Contract အရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံမှ ဆန်တန်ချိန် (၂၀၀၀၀) ကျော် တင်ပို့နိုင်ခဲ့ပြီးဖြစ်သည်။ တင်ပို့ရန် ကျန်ရှိသည့် ဆန်များအနက် ဆန်တန်ချိန် (၁၅၀၀၀) ကျော်မှာ သင်္ဘောတင်ဆဲဖြစ်ပြီး ကျန်ရှိသည့် ဆန်တန်ချိန် (၁၅၀၀၀၀) ကျော်ကို သတ်မှတ်ကာလအတွင်း ပြည့်မီအောင်တင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်း ဆောင်ရွက်လျက်ရှိရာ စက်သုံးဆီတင်သွင်းမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် ဓာတ်ဆီ 92 Ron(၁.၆၀၃) ဂါလန်သန်း၊ ဓာတ်ဆီ 95 Ron (၀.၈၈) ဂါလန်သန်းနှင့် ရိုးရိုးဒီဇယ်ဆီ (၁.၆၂၂) ဂါလန်သန်းတင်ဆောင်လာသည့် MT Yu Dong သင်္ဘောသည် ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပရီမီယံဒီဇယ်ဆီ (၂.၆၇) ဂါလန်သန်း တင်ဆောင်လာသည့် MT Intan Premier သင်္ဘော၊ ရိုးရိုးဒီဇယ်ဆီ (၁.၉၂၂) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၂.၁၃၆) ဂါလန်သန်း တင်ဆောင်လာသည့် MT YU YI သင်္ဘောတို့ရောက်ရှိနေပြီဖြစ်သဖြင့် ရန်ကုန်၊ သီလဝါဆီလှောင်ကန် လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှု လက်ကျန် အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။
စက်သုံးဆီဈေးနှုန်းများအနေဖြင့် ယခုရက်သတ္တပတ်တွင် ဓါတ်ဆီဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး ဒီဇယ်ဆီဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်းတွေ့ရှိရပါသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်၊ (၁၆:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် CITIC Consortium Myanmar Port Investment Limited ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Frank Ma Chuanfu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ စက်သုံးဆီတင်သွင်းမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် ရိုးရိုးဒီဇယ်ဆီ(၃.၀၇) ဂလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၃.၀၇)ဂါလန်သန်း တင်ဆောင်လာသည့် MT Harmony One သင်္ဘော သည် ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဓာတ်ဆီ 92 Ron(၂.၇၆)ဂါလန်သန်း၊ ဓာတ်ဆီ 95 Ron (၀.၉၂)ဂါလန်သန်းနှင့် ရိုးရိုးဒီဇယ်ဆီ (၁.၆၅) ဂါလန်သန်း တင်ဆောင်လာသည့် MT Yu Dong သင်္ဘော၊ ပရီမီယံဒီဇယ်ဆီ (၄.၃၁) ဂါလန်သန်း တင်ဆောင်လာသည့် MT Beluga Pacific သင်္ဘောတို့သည် သက်ဆိုင်ရာ Terminal များသို့ ဆိုက်ကပ်၍ ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ရန်ကုန်သီလဝါ ဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှု လက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။
စက်သုံးဆီဈေးနှုန်းများအနေဖြင့် ယခုရက်သတ္တပတ်တွင် အစိုးရရုံးပိတ်ရက်များ၌ ပြည်တွင်းခရီးသွားလာမှုများပြားခဲ့သဖြင့် စက်သုံးဆီသုံးစွဲမှုမြင့်တက်ခဲ့ပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်းတွေ့ရှိရသည်။