နောက်ဆုံးရ သတင်း
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော MG Marvel အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂) စီး၊ MG, MG4 (Mulan) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၄) စီးနှင့် Amazing Auto Co., Ltd. မှ တင်သွင်းလာသော Dongfeng Honda ENS1 လျှပ်စစ်သုံး မော်တော်ယာဉ် (၂၇) စီး၊ စုစုပေါင်းလျှပ်စစ်သုံး မော်တော်ယာဉ် (၃၃) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များတင်သွင်းမှု အတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့နိုင်ရေးအစည်းအဝေးသို့ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘဏ်များ အသင်း ဥက္ကဋ္ဌနှင့် ပို့ကုန်လုပ်ငန်းရှင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ကြခဲ့ကြသည်။
အစည်းအဝေးတွင် ပို့ကုန်လုပ်ငန်းများ တိုးတက်တင်ပို့နိုင်ရေး မြေပြင်အခြေအနေများ၊ ကုန်စည်များ စိုက်ပျိုးမွေးမြူထွက်ရှိမှု၊ ပြည်တွင်းသုံးစွဲမှု ပိုလျှံမှုအပေါ်တွင် ပြည်ပသို့ တင်ပို့နိုင်ရေး တရားမဝင်တင်ပို့မှုမရှိစေရေး၊ ကဏ္ဍအလိုက်ဆောင်ရွက်နိုင်မည့် အစီအမံ များကို အသေးစိတ်ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
နေပြည်တော်၊ ဇွန် ၁ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာသော BYD Dolphin အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ် ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် ၂၇-၅-၂၀၂၃ ရက်နေ့မှ ၂၉-၅-၂၀၂၃ ရက်နေ့အထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့ခဲ့သည်။
လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ ဒန့်ဒလွန်စေ့ခြောက်၊ မိဿလင်ခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ ဂျင်းနွယ်ဝင်တစ်မျိုး၊ ခွေးလျားစေ့(အနက်)၊ ကန့်ချုပ်နီ၊ မန်ကျည်းသီး၊ လင်းနေမြစ်နှင့် ဂေါ်ဖီထုပ်တို့ ဖြစ်ပါသည်။ ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ပုဇွန်၊ ငါးမွှေတိုး၊ ငါးခွေးလျှာ၊ ဝသုံးလုံး ကဏန်း၊ ငါးမြစ်ချင်းစီဖောင်း၊ ကျောက်ငါး၊ ကုလားကုတ်၊ ငါးပါးနီ၊ မီးတံသွယ်ငါးခြောက်၊ ပုဇွန်ခြောက်၊ ငါးတီး၊ ငါးသလောက်၊ ကကူယံ၊ ငါးကွင်းရှပ်ငါးဆယ်နယ်နှင့် သဲကဏန်းတို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/ အမျိုးသမီးဝတ် အထည်အလိပ်များ တင်ပို့လျက်ရှိသည်။ ယခုအခါ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာခြင်းနှင့် စားသောက် ဆိုင်များတွင် အသုံးပြုရန် လိုအပ်ချက်ကြောင့် ဝယ်လိုအားမြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ ခြင်းဖြစ်သည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့်ငရုတ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့်တစ်ပြေးညီဆောင်ရွက် ပေးလျက်ရှိသည်။
သွင်းကုန်တင်သွင်းမှု အနေဖြင့် တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါး၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပို ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာ၊ ငါးဖမ်းကိရိယာ၊ စားသောက်ကုန်၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ အထည်ချုပ်၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ LPG (ဓာတ်ငွေ့ရည်)၊ စက်နှင့် စက်ပစ္စည်း ကိရိယာ၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ အားကစားပစ္စည်း၊ စက်ဆီ/ချောဆီ၊ ဆေးပစ္စည်းနှင့် အိမ်သုတ်ဆေးတို့ တင်သွင်းလျက်ရှိသည်။
ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၈၅.၁) ကျပ်သာရှိခဲ့ပြီး ယခုအပတ်တွင် လည်း (၈၅.၁) ကျပ်သာရှိ၍ ဘတ်စျေးတည်ငြိမ်လျက်ရှိပြီး ကုန်ပစ္စည်းများကို ပိုမိုတင်သွင်းလျက်ရှိ ကြောင်းသိရှိရသည်။
မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ(၁)ရက်နေ့မှ မေလ(၂၉)ရက် နေ့ထိ) ပို့ကုန်(၈၆.၂၉၃) ကန်ဒေါ်လာသန်း၊ သွင်းကုန်(၁၉၃.၀၃၅)ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၇၉.၃၂၈)ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အများဆုံးပို့ကုန်ပစ္စည်းများမှာ ပြောင်း၊ ကြက် သွန်ဖြူ၊ ကြေးနီ၊ ကတ္ထူစက္ကူ၊ ရော်ဘာ၊ ဇီးသီးစေ့၊ သစ်ခေါက်ဖြစ်ပြီး ယင်းပစ္စည်းများအနက် ပြောင်းနှင့် ပုဇွန်ဖွဲများ ပိုမိုတင်ပို့လျက်ရှိသည်။ ပြောင်းသီးနှံအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ သယ်ယူတင်ပို့လျက်ရှိရာ ယခုသီတင်းပတ်တွင် ပြောင်းဈေးမှာ တစ်တန်လျှင် (၉၇၃,၂၅၀) ကျပ် ဖြင့် တန်ချိန် (၇၀၀၀.၀၄၂) တန်နှင့် ကြက်သွန်ဖြူ တစ်တန်လျှင် ဈေးနှုန်းမှာ (၄,၂၅၀,၀၀၀) ကျပ်ဖြင့် တန်ချိန် (၉၉.၅) တန် တင်ပို့နိုင်ခဲ့သည်။ သွင်းကုန်ပစ္စည်းများမှာ စက်သုံးဆီ၊ ဘိလပ်မြေ၊ စက်သုံးဆီ၊ အုတ်၊ သံနှင့်သံမဏိ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ကာဗွန်ပုံဆောင်ခဲ၊ ကွန်ကရစ် အမိုး၊ ကြွေပြား၊ ကွန်ကရစ်အပြား၊ သွပ်ပြားတို့ဖြစ်ပြီး ယင်းပစ္စည်းများအနက် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ တင်သွင်းလျက်ရှိသည်။ဘိလပ်မြေကို ယခုသီတင်းပတ် တွင် တစ်တန်ဈေးနှုန်း (၂၂၀,၀၀၀) ကျပ်ဖြင့် (၅,၈၇၃) တန်ချိန် တင်သွင်းခဲ့သည်။ ငွေလဲနှုန်း အနေဖြင့် ငွေကျပ် (၁) သိန်းလျှင် (၁၁၇၀) ဘတ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။