နောက်ဆုံးရ သတင်း
အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယကုန်သည်ကြီးများအသင်းတို့၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို၌ ကျင်းပပြုလုပ်သည့် BIMSTEC Business Conclave သို့တက်ရောက်ရန်ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော အင်ဂျင်နီယာ ပို့ကုန်မြှင့်တင်ရေးကောင်စီ (Engineering Export Promotion Council-EEPC) မှ ကြီးမှူး ကျင်းပသည့် Trade and Investment Opportunities ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ EEPC ဥက္ကဌ တာဝန်နှင့် နိုင်ငံခြားရေးရာကုန်သွယ်မှုမူဝါဒနှင့် ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ ဥက္ကဌ Mr. P.K Shah ၊ ဒုတိယဥက္ကဌ Mr. AakashShah နှင့် ဒေသတွင်းဆိုင်ရာ ဥက္ကဌ Mr. B. D Agarwal အပါအဝင် EEPC မှ တာဝန်ရှိသူများ၊ အိန္ဒိယ ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင် မည့်အခြေအနေနှင့် အလားအလာများ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး အလား အလာများ၊ ကျပ်နှင့်ရူပီးများကို နှစ်နိုင်ငံ ကုန်သွယ်မှုတွင် သုံးစွဲနိုင်ရေး နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ကုန်သည်လုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များ အသင်းဥက္ကဌ ဦးထွန်းလွင်နှင့် ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကော်လ်ကတ္တားမြို့ရှိ ပြည်ပမှတင်သွင်း သည့် ပဲမျိုးစုံအား တန်ဖိုးမြှင့်တင်ထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်သော ETG Processing Plant သို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။
ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများ မှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ် စေ့၊ ဆီအုန်းတို့ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၅၄၅)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁.၇၅၅) သန်း၊ သွင်းကုန် တန်ချိန် (၁၅၂)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၃၆၁) သန်း၊ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၁၆ သန်းဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများမှာ ပုစွန်၊ တာဝမ်၊ ကုလားကုတ်၊ ငါးပါကင်၊ ဇလွယ်၊ ဇယော၊ ပလာတူး၊ စစ်ဟောက်၊ သဲကဏန်း၊ ပလာလန်း၊ ဆီအုန်းတို့ဖြစ်ပြီး၊ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဒီဇယ်၊ ဓာတ်မြေသြဇာ၊ ထုံးမှုန့်၊ စားဆော်ဒါ၊ ပီလောပီနံမှုန့်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ မီးသွေးမှုန့်တို့ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဇွန် ၁၂ ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၁၇၉) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၈၄.၈) ကျပ်ခန့်ဖြစ်သည်။ စက်သုံးဆီဈေးနှုန်းများ အနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၀၈၀၀) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၀၃၅၀) ကျပ်ခန့်ဖြင့် တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။
FACETS Sri Lanka, International Gem & Jewellery Show 2024 ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှ ၈ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Cinnamon Grand ၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။
အဆိုပါပြပွဲတွင် ကမ္ဘာတစ်ဝှမ်းရှိ ကျောက်မျက်ရတနာဝယ်ယူသူများအဖွဲ့၊ တစ်ဦးချင်းဝယ်ယူ သူများနှင့် ကျောက်မျက်ရတနာ ဝယ်ယူသည့် အဖွဲ့အစည်းများအားလုံးကိုလည်း သီရိလင်္ကာနိုင်ငံ ကျောက်မျက်ရတနာအသင်းမှ ဖိတ်ကြားထားသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက် ပြသနိုင်ကြောင်း သိရှိရပါသည်။
(၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) သွင်းကုန်-ပို့ကုန် ကုန်စည်ပြပွဲ (7th China – South Asia Exposition and 27th China (Kunming) Import & Export Fair ) ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်မှ ၁၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center ၌ Online နှင့် Offline ပုံစံနှစ်မျိုးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင် ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။
အဆိုပါပြပွဲ ကျင်းပနေစဉ်ကာလအတွင်း ပြပွဲပြသသူများနှင့် ရင်းနှီးမြှုပ်နှံသူများအကြား စီးပွားရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဖြစ်ရာ ပြပွဲသို့ ပါဝင်ပြသခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ပြပွဲပြသသူများနှင့် ဝယ်ယူသူများကိုလည်း ပြပွဲသို့ပါဝင်တက် ရောက်ရန် ဖိတ်ကြားထားပါသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက် ပြသနိုင်ကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ မှ ဇွန်လ ၁၈ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၃၇၅၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။