နောက်ဆုံးရ သတင်း

  China – ASEAN Sugar Expo 2023 ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Nanning International Convention and Exhibition Center ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များမှ ပြခန်းများ ပါဝင် ပြသရန် ဖိတ်ကြားလာပါသည်။

  ကုန်စည်ပြပွဲ ကျင်းပပြုလုပ်ခြင်းမှာ သကြားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာရှိ သကြားလုပ်ငန်းနှင့် အခြားဆက်စပ်လုပ်ငန်းများအကြား စီးပွားရေးချိတ်ဆက်မှုကို မြှင့်တင်ပေးရန်နှင့် သကြားနှင့် ဆက်စပ်သောထုတ်ကုန်များနှင့် ကုန်ကြမ်းများ ဝယ်ယူမှုတို့ကို လွယ်ကူချောမွေ့စေရန်ဖြစ်ပါသည်။

  ပြပွဲအကျယ်အဝန်းမှာ ၃၀၀၀၀ စတုရန်းမီတာရှိပြီး ပုံမှန် ပြခန်းတစ်ခန်းလျှင် ယွမ်(၇,၀၀၀)နှင့် (၃၆) စတုရန်းမီတာနှင့်အထက်ကို တစ်စတုရန်းမီတာလျှင် ယွမ် (၇၀၀) ကျသင့်မည်ဖြစ်သည်။ အာဆီယံနိုင်ငံများအတွက် (၃)မီတာပတ်လည် ပုံမှန်ပြခန်း (၄)ခန်း (သို့မဟုတ်) (၃၆) စတုရန်းမီတာ အကျယ်အဝန်းကို အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ပြီး လိုအပ်ပါက ပုံမှန်ပြခန်းတစ်ခန်းလျှင် ယွမ်(၂,၅၀၀) နှင့် (၃၆) စတုရန်းမီတာ အထက်ကို တစ်စတုရန်းမီတာလျှင် ယွမ် (၂၅၀) ဖြင့် ဈေးနှုန်းလျှော့ပေါ့ပေးမည်ဖြစ်ကြောင်း သိရသည်။

  အဆိုပါပြပွဲသို့ ပြည်တွင်းနှင့် နိုင်ငံတကာမှ ထင်ရှားသည့် သကြားနှင့် ဆက်စပ်လုပ်ငန်းရှင်များ ပါဝင်ပြသမည်ဖြစ်သည်။ ပြပွဲ၌ စားသုံးနိုင်သောသကြား၊ သကြားထုတ်လုပ်ခြင်းနှင့် ထုတ်ပိုးမှုဆိုင်ရာကိရိယာများအား တရုတ်၊ ဘရာဇီး၊ ထိုင်းနှင့် ရုရှားတို့ကဲ့သို့သော သကြားအဓိက ထုတ်လုပ်သည့်နိုင်ငံများမှ ပြသမည်ဖြစ်ပြီး သကြားနှင့် ဆက်စပ်သော အစားအစာများ၊ ကော်ဖီစေ့များ၊ သစ်သီးများ၊ သစ်သီးဖျော်ရည်ကုန်ကြမ်းများ၊ အုန်းရေ၊ ဟင်းရွက်ဆီများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ အရှေ့တောင်အာရှမှ ဆန်ကွဲနှင့် ပဲများ ကဲ့သို့သော ကုန်ကြမ်းပစ္စည်းများ ပါဝင်ပြသကြမည်ဖြစ်သည်။

  အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရပါသည်။

  Japan Jewellery Fair 2023 ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Tokyo Big Sight East Hall ၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပြခန်းများ ပါဝင်ပြသနိုင်ရန် ဖိတ်ကြားလာ ပါသည်။

  အဆိုပါပြပွဲအား ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် ကမ္ဘာ့အကြီးဆုံး ကျောက်မျက်ရတနာပြပွဲကို ဦးဆောင်ကျင်းပခဲ့သည့် Informa Markets Japan နှင့် Japan Jewellery Association တို့မှ ကြီးမှူးကျင်းပမည်ဖြစ်ပြီး ပြပွဲတွင် ကုမ္ပဏီ (၄၀၀) ကျော်မှ ကျောက်မျက်ရတနာများ ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရှိရသည်။

  အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရပါသည်။

နေပြည်တော်၊ ဇွန် ၁၄ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Amazing Auto Co., Ltd. မှ တင်သွင်းလာ‌သော Dongfeng Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂) စီးနှင့် Faw Toyota BZ4X အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ် (၁၃) စီး၊ စုစုပေါင်းလျှပ်စစ်သုံးမော်တော်ယာဉ် (၁၅) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့် အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။

အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် BIMSTEC Business Conclave တွင်  ဂုဏ်ထူး‌ဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်နေသည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် BIMSTEC Business Conclave ၏ ဒုတိယနေ့ဖြစ်သည့်  ဇွန်လ ၁၄ ရက်နေ့တွင် ကဏ္ဍအလိုက်ကျင်းပသော ဆက်စပ်ဖိုရမ်များသို့ တက်ရောက်အားပေးခဲ့ပါသည်။

နံနက်ပိုင်းဒေသစံတော်ချိန် နံနက် (၉:၄၅) မှ (၁၂:၀၀) နာရီအထိ Hytta Regency Kolkata Hotel၊ Ballroom One ကျင်းပပြုလုပ်ခဲ့သည့် ဘင်းမ်စတက်စိုက်ပျိုးရေးနှင့်အစားအစာဖိုရမ်တွင် မြန်မာနိုင်ငံပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းကုန်သည်များ အသင်း၏ ဒုဥက္ကဌဒေါက်တာမျိုးလွင်နှင့် စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုစင်တာမှ အမှုဆောင်ဒါရိုက်တာဖြစ်သူ စီးပွား‌ရေးပညာရှင် ဒေါက်တာဇော်ဦးတို့က Panelist အဖြစ် ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ Hytta Regency Kolkata Hotel၊ ၏ Guchhi ခန်းမ၌ကျင်းပသော ကျောက်မျက်ရတနာဖိုရမ်သို့တက်ရောက်ပြီး မြန်မာနိုင်ငံမှ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်း၊ ဥက္ကဌ ဦးမြင့်ဟန်က Panelist အဖြစ် ဆွေးနွေးသည့် အစီအစဉ်သို့ တက်ရောက်အားပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် Hytta Regency Kolkata Hotel၊ Ballroom One ကျင်းပပြုလုပ်ခဲ့သည့်ဘင်းမ်စတက်အမျိုးသမီးများဖိုရမ်နှင့် Guchhi ခန်းမတွင် ကျင်းပသော ဘင်းမ်စတက်ပညာရေးဖိုရမ်တို့သို့ တက်ရောက်အားပေးခဲ့ပါသည်။ ဘင်းမ်စတက်အမျိုးသမီးများဖိုရမ်တွင် မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ ဒုဥက္ကဌ၊ ဒေါ်ခင်သက်မော်နှင့် ဘင်းမ်စတက်ပညာရေးဖိုရမ်တွင် မြန်မာနိုင်ငံအမျိုးသမီးစွန့်ဦးတီထွင်သူများ အသင်းဝင်၊ Streamline Training -Learning Center တည်ထောင်သူ ဒေါ်ဝင်းအိခိုင်တို့မှ Panelist အဖြစ်ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

   အိန္ဒိယသမ္မတနိုင်ငံ၊ ကုန်သည်များအသင်း(Indian Chamber of Commerce- ICC)၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇွန်လ ၁၃ ရက်က အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ Hytta Regency Kolkata Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် ဘင်းစတက်စီးပွားရေးလုပ်ငန်းဆွေးနွေးပွဲ(BIMSTEC Business Conclave)သို့ ဂုဏ်ထူး‌ဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   အဆိုပါဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဒေသစံ‌တော်ချိန် နံနက် (၁၀ : ၁၅) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက  အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ၊ ကုန်သွယ်မှုပိုမိုမြှင့်တင်ရေးအတွက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်ကုန်သွယ်နိုင်မည့် အလားအလာရှိသော ကုန်ပစ္စည်းများ ရှာဖွေရန်နှင့် ပို့ကုန် လုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုတည်ဆောက်ရန်တို့အတွက် စီးပွားရေး လုပ်ငန်းများမှ စီးပွားရေးလုပ်ငန်းများသို့ (B 2 B) ထိတွေ့ဆက်ဆံမှုများကို အားပေးသွားရန်၊ မြန်မာနိုင်ငံတွင် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံငွေကြေးများကို သုံးစွဲနိုင်ရေးကိစ္စရပ်များ၊ နှစ်ဖက်ကုန်သည်များအကြား ပိုမိုထိတွေ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်‌‌ရေး စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါ သည်။ ထို့အပြင် ဘင်းစတက်နိုင်ငံများအကြား လမ်းပန်းဆက်သွယ်မှု၊ ဘဏ္ဍာရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုနှင့် ပြည်သူများ အချင်းချင်းထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးတို့ကို ရှေ့လုပ်ငန်းစဉ်များအဖြစ် ထည့်သွင်းစဉ်းစားနိုင်ရေးတို့ကိုပါ အကြံပြုဆွေးနွေးခဲ့သည်။

   ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ဘင်းစတက်နိုင်ငံများမှ ထုတ်ကုန်ပြပွဲများခင်းကျင်းပြသထားရာ နေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ခင်းကျင်းပြသထားသော ပြခန်းအားကြည့်ရှုအားပေး ခဲ့သည်။ 

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသစံတော်ချိန် (၁ : ၄၅) အချိန်တွင် Ballroom One တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာကုန်သွယ်မှု- အခွင့်အရေးနှင့်အတားအဆီးများဖိုရမ်သို့ တက်ရောက်အားပေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ ဦးအေးဝင်းမှ Panellist အဖြစ် ပါဝင် ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Ballroom Two တွင် ကျင်းပပြုလုပ်သည့် ဘင်းမ်စတက် ရင်းနှီးမြှုပ်နှံမှုဖိုရမ် - စိန်ခေါ်မှုနှင့် အခွင့်အလမ်းသို့ ဆက်လက်တက်ရောက် အားပေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် မှ Panellist အဖြစ် ဆွေးနွေးပြောကြားခဲ့သည်။

   ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဆွေးနွေးပွဲသို့ အိန္ဒိယသမ္မတနိုင်ငံ၊ ကုန်သည်များအသင်းဥက္ကဌ Mr.  MehulMohanka ၊ အိန္ဒိယနိုင်ငံအစိုးရ ပြည်ပ‌ရေးရာနှင့်ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး Dr. Rajkumar Ranjan Singh ၊ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ စက်မှုဝန်ကြီး ဌာနဝန်ကြီး  Mr. Nurul Majid Mahmud Humayun ၊ နီပေါနိုင်ငံ၊ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနဝန်ကြီး Mr. Ramesh Rizal ၊ သီရိလင်္ကာနိုင်ငံ၊ စက်မှုဝန်ကြီးဌာနဝန်ကြီး Dr. Ramesh Pathirana ၊ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. VijavatIsarabhakdi ၊ ဘူတန်နိုင်ငံ၊ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် အလုပ်အကိုင်ဝန်ကြီးဌာန၊ အတွင်းရေးဝန်၊ Ms. Tashi Wangmo၊ အိန္ဒိယသမ္မတနိုင်ငံ၊ ကုန်သည်များအသင်း ဒုတိယဥက္ကဌ Mr. Ameya Prabhu ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း ဥက္ကဌ ဦးထွန်းလွင်၊ မြန်မာနိုင်ငံအမျိုးသမီးစီးပွား‌ရေးစွမ်းဆောင်ရှင် များအသင်း ဥက္ကဌ ‌ဒေါ်ကြွယ်ကြွယ်ဇင်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဟန်တို့အပါအဝင် ကိုယ်စားလှယ်အဖွဲ့ဝင် များ ပါဝင်တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း