နောက်ဆုံးရ သတင်း

     ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ ကမာရွက်မြို့နယ်ရှိ LOTTE Hotel ၌ ကျင်းပပြုလုပ်ခဲ့သည် မြန်မာနိုင်ငံသားများဘဏ်လီမီတက်၏ နှစ် (၃၀) ပြည့် ပုလဲရတု အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

      ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသားများဘဏ်ကို ၁၉၉၂ ခုနှစ်မှစတင် ဖွင့်လှစ်ခဲ့ရာယခုအခါ နှစ်(၃၀) ပြည့် ပုလဲရတုသို့ ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ရန်ကုန် စတော့ချိန်း (YSX) ၌ စာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည် နှင့်အညီ အစုရှယ်ယာရှင်များ၏ ကောင်းကျိုးကို ရှေးရှု၍ အစဉ်တစိုက် ကြိုးစားဆောင်ရွက်သွားရန်နှင့် ပွင့်လင်းမြင်သာ မှုရှိပြီး နည်းစနစ်မှန်ကန်သော ဘဏ်တစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း တိကျစွာလိုက်နာ ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း၊

     ဘဏ်လုပ်ငန်းများသည် တိုင်းပြည်စီးပွားရေး၏ အဓိကကျသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေသည့်အပြင် စျေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖော်ဆောင်နိုင်ရန်အတွက် အခြေခံကျသည့် အခန်းကဏ္ဍမှလည်း ပါဝင်နေပါကြောင်း၊ သုံးစွဲသူများ၏ လိုအပ်ချက်များကို စနစ်တကျနည်းလမ်း မှန်ကန်စွာနှင့် ဆောင်ရွက်ပေးပြီး မြန်ဆန်ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ပိုမိုကြိုးစားသွားကြရန် လိုအပ်ကြောင်း၊ သုံးစွဲသူများ၏ လိုအပ်ချက်များ၏ အဓိကကျသည့် Digital အသွင်ကူးပြောင်းရေးကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဘဏ်၏ ဒီဂျစ်တယ် စနစ်ကို Upgrade ပြုလုပ်ပြီး Customer များ အသုံးပြုရာတွင် လွယ်ကူစေရေးနည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း  ပြောကြားခဲ့သည်။

     ထို့နောက် မြန်မာနိုင်ငံသားများဘဏ် ဥက္ကဋ္ဌ ဦးတိုးအောင်မြင့်၊ CEO Mr. Gavinda Gurung နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက် စကားများ အသီးသီးပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်လာကြသူများက မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

၁။           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ အောက်ဖော်ပြပါ ဧရာဝတီတိုင်းဒေသကြီးမှ သိုလှောင်ရုံ(၆)လုံး၊ ပဲခူးတိုင်းဒေသကြီးမှ သိုလှောင်ရုံ (၃)လုံးနှင့် မန္တလေးတိုင်းဒေသကြီးမှ သိုလှောင်ရုံ(၁)လုံး  စုစုပေါင်း သိုလှောင်ရုံ(၁၀)လုံးတို့အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် (မြေမပါ) ထုခွဲရောင်းချမည် ဖြစ်ပါသည်-

Lot(1)         (က) ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းရှိ မြဲ-၁၊ ၂၊ ၇ သိုလှောင်ရုံ(၃)လုံး

Lot(2)         ( ခ )   ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ထူးကြီးရှိ မြဲ-၅ သိုလှောင်ရုံ(၁)လုံး

Lot(3)         ( ဂ )  ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ နတ်မော်ရှိ ပတ်ကား-၉၊ ၁၀ သိုလှောင်ရုံ (၂)လုံး

Lot(4)         (ဃ)  ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့သစ်(က)ရပ်ကွက်ရှိ သိုရုံ(၂/၁)၊ သိုရုံ(၂/၂) သိုလှောင်ရုံ (၂)လုံး

Lot(5)         ( င )   ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်ရှိ သိုရုံ - ၁၅ သိုလှောင်ရုံ(၁)လုံး

Lot(6)         ( စ )  မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်ရှိ မြဲ-၅ သိုလှောင်ရုံ (၁)လုံး

၂။            တင်ဒါပုံစံရောင်းချမည့်ရက်              -   ( ၃၁.၅.၂၀၂၂)နေ့မှ (၁၃.၆.၂၀၂၂)နေ့ထိ

၃။           တင်ဒါပိတ်မည့် ရက်/ အချိန်             -   (၁၃.၆.၂၀၂၂)ရက် ညနေ (၄)နာရီ

၄။           တင်ဒါယှဉ်ပြိုင်ရမည့် ရက်/အချိန်      -   (၁၆.၆.၂၀၂၂)ရက် မွန်းလွှဲ (၁)နာရီ

၅။           တင်ဒါတင်သွင်းရမည့် နေရာ            -   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်

၆။           စာရင်းပေးသွင်းရမည့် နေရာ            -   ရုံးအမှတ်(၅၂)၊ နေပြည်တော်

၇။           တင်ဒါစည်းကမ်းချက်များ                -   (၁၆.၆.၂၀၂၂)ရက် နံနက် (၁၁)နာရီ

              ရှင်းလင်းမည့်ရက်/အချိန်/နေရာ        -   ရုံးအမှတ်(၅၂)၊ နေပြည်တော်

၈။           တင်ဒါပုံစံရောင်းချမည့်နေရာ            -   စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီး မှူးရုံး၊ ပုသိမ်မြို့၊ ပဲခူးမြို့၊ မန္တလေးမြို့

၉။           Deposit ပေးသွင်းနိုင်သည့်ဘဏ်များ  -   တင်ဒါစည်းကမ်းသတ်မှတ်ချက်ပုံစံတွင် ဖေါ်ပြထားပြီး ဖြစ်ပါသည်။

၁၀။      အဆိုပါ ဧရာဝတီတိုင်းဒေသကြီးမှ သိုလှောင်ရုံ(၆)လုံး၊ ပဲခူးတိုင်းဒေသကြီးမှ သိုလှောင်ရုံ (၃)လုံးနှင့် မန္တလေးတိုင်းဒေသကြီးမှ သိုလှောင်ရုံ(၁)လုံးတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာ မြို့နယ်များသို့ သွားရောက် ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံ ဝယ်ယူရမည့် နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂ ၊ ၀၅၂-၂၂၂၁၁၀၈၊ ၀၂-၄၀၃၆၃၃၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

 

                                                                                                တင်ဒါစိစစ်ရေးအဖွဲ့

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ထုတ်ပေးမှုအပါအဝင် ဆက်စပ်ကတ်များ၊ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်ထုတ်ပေးမှုများအား Tradenet2.0 အသုံးပြု၍ Online စနစ်ဖြင့် ဝန်ဆောင်မှုပေးလျှက်ရှိရာ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် စနစ်အသုံးပြုရာတွင် လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။

          ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet2.0 စနစ်အသုံးပြုမှု သင်တန်းအမှတ်စဉ်      (၃/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ သင်တန်းကာလ(၂)ရက် သတ်မှတ်ထားပြီး နံနက် (၁၀:၀၀) နာရီမှ (၁၆:၀၀)နာရီအထိ Virtual Online စနစ်(Webinar)ဖြင့် သင်တန်းသား (၂၃၁)ဦးနှင့် မိမိဝန်ကြီးဌာနမှ သင်တန်းသား (၆၀)ဦး တက်ရောက်ခဲ့ပါသည်။

          ၂၀၂၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကုန်သွယ်ရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဦးမင်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြများနှင့် Virtual Online ဖြင့် သင်တန်းသားများအားလုံး တက်ရောက်ခဲ့ကြပါသည်။

          သင်တန်းမှာ Tradenet Brief၊ ပသကနှင့်ဆက်စပ်ကတ်များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပသကနှင့်ဆက်စပ်ကတ်များ လျှောက်ထား/ခွင့်ပြုမှုစနစ်အသုံးပြုမှု၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်လျှောက်ထား/ခွင့်ပြုမှု စနစ်အသုံးပြုမှု၊ကုန်သွယ်မှုဆိုင်ရာ ငွေပေးသွင်းမှု (e-Commerce Pay)ဘာသာရပ်များကိုကုန်သွယ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနခွဲအသီးသီးမှ သင်ကြားပို့ချခဲ့ပါသည်။

          ဆက်လက်၍ နောင်အလားတူသင်တန်းများကိုလည်းဖွင့်လှစ်ပို့ချသွားမှာဖြစ်ပါတယ်။သင်တန်းများဖွင့်လှစ်ဆွေးနွေးပို့ချမှုနှင့် ပတ်သက်၍ CommerceWebsite,Tradenet Website, တို့တွင် ကြေငြာသွားမည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

     ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ကြာသပတေးနေ့ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း တက်ရောက်  အမှာစကားပြောကြားခဲ့သည်။

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အခွန်သက်သာခွင့်နှင့်ပတ်သက်၍ (Regional Comprehensive Economic Partnership- RCEP) တွင် ကျင့်သုံးနေသည့် အခွန်သက်သာခွင့်ဆိုင်ရာကိစ္စရပ်များကို မိမိတို့ ဌာနအနေဖြင့် စိစစ်သုံးသပ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း RCEP နှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာဖြန့်ဝေပေးရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ အများဆုံးတင်ပို့သည့် ပို့ကုန် အမယ် (၁၀) မျိုးနှင့် အများဆုံးတင်သွင်းသည့် အမယ် (၂၀) မျိုးတို့ကို အခြေခံပြီး ဆောင်ရွက်သွားရန်နှင့် နောင်တွင် ကုန်စည်လိုင်းအားလုံးအား ဆက်လက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားရန်လိုကြောင်း ပြောကြားခဲ့သည်။

      ဆက်လက်၍ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးမှ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူညီချက် (Regional Comprehensive Economic Partnership- RCEP) တွင် ပါဝင်သောဘာသာရပ်ဆိုင်ရာအခန်းကဏ္ဍများ၊ ကုန်စည် ကုန်သွယ်ရေးအောက်တွင် သက်ရောက်မှုရှိသော အကောက်ခွန်သက်သာခွင့်နှင့် ပင်ရင်းနိုင်ငံစည်းမျဉ်းများ၊ အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများကို အကျဉ်းချုပ်ဆွေးနွေးခြင်း၊ RCEP ၊ အာဆီယံ-တရုတ်နှင့် တရုတ်နိုင်ငံမှ တဖက်သတ်ပေးသော အကောက်ခွန် သက်သာခွင့်တို့တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်မှုအပေါ် သုံးသပ်ခြင်းတို့အားဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာ သူများမှ အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

       အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

     ၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များဘဏ္ဍာတိုက် (Services Trade  and Investm- ent Portal- STIP) တည်ထောင်ထားရှိမှုနှင့်စပ်လျဉ်း၍ Beta Version အား အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကုန်သွယ်မှုကဏ္ဍတွင် ဝန်ဆောင်မှုကုန်သွယ်ရေးသည် အလားအလာကောင်းများရှိနေသည့်အတွက် ဝန်ဆောင်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာအောင်ဆောင်ရွက်၍ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အာဆီယံ၏ ၂၀၁၉ ခုနှစ်တွင် တရားဝင်ထုတ်ပြန်ထားသည့်စာရင်းအရ မြန်မာနိုင်ငံအနေဖြင့် GDP ၏ ၅၈ ရာခိုင်နှုန်းခန့်မှာ ဝန်ဆောင်မှုကုန်သွယ်ရေးမှ ရရှိခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားတွင် စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ တို့ပြီးလျှင် စတုတ္ထနေရာတွင်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာအစီအမံ(Measures)များကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုတည်ထောင်ထားသည့် STIP Web Portal သည် ဝန်ဆောင်မှု ကုန်သွယ်ရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို တနေရာတည်းတွင် စုစည်းတွေ့မြင်ရမည့် website ဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို စုစည်းပြုစုထားရာတွင် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ်ပါဝင်ထားသည့် FTAs များ၏ ကတိကဝတ်များနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုစုထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ (AEC 2025) လုပ်ငန်းစီမံချက်အရ အကောင်အထည်ဖော်ဆောင်ရွက်မှုများတွင် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမှာဖြစ်ပါကြောင်း၊ STIP Web Portal သည် မြန်မာနိုင်ငံ၏ ဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍအတွက် များစွာအထောက်အကူဖြစ်စေပါကြောင်းပြောကြားခဲ့သည်။

   ထို့နောက် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများနှင့် ဆက်စပ်သည့် ဦးစီးဌာန (၃၅) ခုမှ ကိုယ်စားလှယ် (၄၄) ဦးတို့အား တာဝန်ခံညွှန်ကြားရေးမှူး၊ Developer Company မှ နည်းပညာဆိုင်ရာတာဝန်ခံတို့မှ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များဘဏ္ဍာတိုက် (Services Trade  and Investment Portal- STIP) တည်ထောင်ထားရှိမှုနှင့် အသုံးပြုမှုဆိုင်ရာများကိုရှင်းလင်းတင်ပြခဲ့သည်။ အနယ်နယ်အရပ်ရပ်ရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ ဘဏ္ဍာတိုက်တည်ထောင်ထားရှိမှုနှင့် အသုံးပြုမှုဆိုင်ရာများကို ပိုမိုရှင်းလင်းလွယ်ကူစွာ သိရှိနိုင်ရေးအတွက် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် STIP တည်ထောင်ထားရှိမှုနှင့် စပ်လျဉ်းသည့် Beta Version အား အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားများကိုလည်း ဆက်လက်၍ ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း