နောက်ဆုံးရ သတင်း
နေပြည်တော်၊ စက်တင်ဘာ ၁၄
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့၊ (၁၀:၁၀) နာရီအချိန်တွင် စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဘိုဌေးနှင့် တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. OU YANG daobing တို့ လိုက်ပါပို့ဆောင်ခဲ့ကြသည်။
အဆိုပါ (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၀) ကြိမ်မြောက် တရုတ် - အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတို့အား “ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးလာစေရေးမြှင့်တင်ခြင်းနှင့် ကြီးထွားမှုဗဟိုချက် အသစ်ကို ပြုစုပျိုးထောင်ပေးခြင်းတို့ဖြင့် အတူမျှဝေခံစားသည့် အနာဂတ်နှင့် ဟန်ချက်ညီမျှသည့် နေရာတစ်ခု ဖြစ်လာစေရေးအတွက် အတူတကွကြိုးပမ်းဆောင်ရွက်ကြပါစို့” ဟူသော ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပါသည်။
အဆိုပါခရီးစဉ်သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဦးသိန်းဌေး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ ဦးဇော်ဝင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါတို့နှင့်အတူ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည့် စီးပွားရေးလုပ်ငန်းရှင် (၂၀၉) ဦးတို့လည်း လိုက်ပါသွားကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဆန်စပါးကဏ္ဍ၊ ရေထွက်လုပ်ငန်းကဏ္ဍ၊ သစ်သီးဝလံကဏ္ဍ၊ ကော်ဖီနှင့်လက်ဖက်ကဏ္ဍ၊ ဟင်းခတ်အမွှေးအကြိုင်ကဏ္ဍ၊ သစ်သားထည်ကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည် ကဏ္ဍ၊ လက်မှုအနုပညာကဏ္ဍနှင့် ကျောက်မျက်ကဏ္ဍတို့အတွက် ပြခန်းပေါင်း (၈၀) ဖြင့် ပါဝင်ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ စက်တင်ဘာလ ၁၂
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော AIMA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ စက်တင်ဘာ ၁၂
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံများ ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများစိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ကာ ပြည်ပဈေးကွက်သို့ တိုးတက်တင်ပို့နိုင်ရေး၊ ပြည်တွင်းကောက်ပဲသီးနှံဈေးကွက် တည်ငြိမ်ရေးကိစ္စများကိုလည်းကောင်း၊ ဆီထွက်သီးနှံဖြစ်သည့် နှမ်းနှင့် မြေပဲကိုပြည်တွင်းစားသုံး ရန်၊ ထုတ်လုပ်မှုမထိခိုက်စေဘဲ ပြည်ပသို့ တင်ပို့ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပဲမျိုးစုံ ပြည်တွင်းဈေးကွက်တွင် ကြိုရောင်း၊ ကြိုဝယ်ကိစ္စရပ်များကို အခြေခံကာ ဈေးကစားဆောင်ရွက်မှုများ မရှိစေရေးနှင့် ပဲမျိုးစုံနှင့် နှမ်းများကို ပြည်ပသို့ တရားမဝင် တင်ပို့ခြင်းအား အစိုးရနှင့် လုပ်ငန်းရှင်များ ပူးပေါင်း တားဆီးဆောင်ရွက်ရေးကိစ္စရပ်များကို လည်းကောင်း၊ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း စိုက်ပျိုးထုတ်လုပ် တင်ပို့မှု ပိုမိုတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကို လည်းကောင်း အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်၊ (၉-၉-၂၀၂၃)
သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့်ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System – WRFS) အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့်ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System – WRFS) အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့်ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ၏ဖော်ထုတ်ချက်များကို လိုက်ပါ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ Task Force အဖွဲ့အနေဖြင့် သိုလှောင်ရုံကုန်အပ် လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများရေးဆွဲခြင်း၊ မူဝါဒများချမှတ်ခြင်း၊ စံလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ခြင်း၊ သီးခြားရန်ပုံငွေတစ်ရပ်ထူထောင်ခြင်း၊ အစပျိုးစမ်းသပ်ကာလ (Pilot Project) အဖြစ် စတင်ဆောင်ရွက်ခြင်းနှင့် သိုလှောင်ရုံတည်ဆောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များကို အားပေးကူညီ ခြင်းစသည့် လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဆန်စပါးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် တောင်သူလယ်သမားများအတွက် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးသည့်သီးနှံအာမခံစနစ်ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှု စနစ်တစ်ရပ် အောင်မြင်စွာဖော်ဆောင်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊ သိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် ကုန်သည်လုပ်ငန်းရှင်များ အပါအဝင် သက်ဆိုင်သူများအားလုံးက အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းလျက် ဟန်ချက်ညီစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။
ယင်းနောက် ညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ဝင်များက သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးသို့ သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့ မှုစနစ် (Warehouse Receipt Financing System – WRFS) အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံအာမခံအသင်း၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Premier Automotive Ltd. မှ တင်သွင်းလာသော Geely Geometry E အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိ လာပါသဖြင့် (၇-၉-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။