နောက်ဆုံးရ သတင်း
နေပြည်တော်၊ စက်တင်ဘာ ၂၅
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၃/၂၀၂၃) ကို ယနေ့ နေ့လယ်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားလာသည့်အမှုကိစ္စများ၊ တိုင်ကြားမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဝက်ဘ်ဆိုက်ရေးဆွဲဆောင်ရွက်မှု အခြေအနေများ၊ ယှဉ်ပြိုင်မှုဥပဒေ၊ နည်း ဥပဒေများကို ခေတ်နှင့်လျော်ညီစေရန် ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် လေ့လာသုံးသပ်ဆောင်ရွက်နေမှု အခြေအနေများ၊ ယှဉ်ပြိုင်မှု ဥပဒေကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ပြည်တွင်း လုပ်ငန်းစဉ်များအပြင် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များအပေါ် အသေးစိတ်ညှိနှိုင်း ဆွေးနွေးကြသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။
နေပြည်တော် စက်တင်ဘာလ ၂၄
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန် ပေးလျက်ရှိပါသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၃၇၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၂၂
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Gabar Motor Service Co., Ltd.မှ တင်သွင်းလာသော BAIC BEIJING EU5 Plusအမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Myanmar ArrThit Man Motor Co., Ltd.မှ တင်သွင်းလာသော AIMA အမျိုးအစား လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့လည်းကောင်း၊ Premier Automotive Ltd. မှ တင်သွင်းလာသော Geely Geometry C အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ လည်းကောင်းရောက်ရှိလာပါသဖြင့် (၂၂-၉-၂၀၂၃) ရက်နေ့တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိ သည်။
နေပြည်တော်၊ စက်တင်ဘာ ၂၀
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. မှ တင်သွင်းလာ သော NETA U အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော YADEA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀-၉-၂၀၂၃ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ စက်တင်ဘာ ၂၀ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Watanabe Yusuke (မစ္စတာ ဝါတာနာဘဲ ယုဆုကဲ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် ဂျပန်-မြန်မာချစ်ကြည်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအားအသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။