နောက်ဆုံးရ သတင်း

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Paragon Machinery Power Group Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dayun Yuehu S1 (VIP Version) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA U အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၁၁-၁၀-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ အောက်တိုဘာ ၆      “မဲခေါင်-လန်ချန်းသစ်သီးပွဲတော် (မြန်မာ)(Mekong – Lancang Fruit Festival-Myanmar)”ကို မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမင်းမင်းက ဦးဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃)၊ နေပြည်တော်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ မဲခေါင်-လန်ချန်းဒေသခွဲ စီးပွားရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးစင်တာနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံမှ သစ်သီးဝလံများအား တရုတ်နိုင်ငံဈေးကွက်သို့ ပိုမိုတင်ပို့ရောင်းချ နိုင်မည့် အကျိုးကျေးဇူးရရှိမှာဖြစ်ကြောင်း၊ ပြပွဲသို့ မြန်မာနိုင်ငံမှထွက်ရှိသော ထောပတ်၊ နာနတ်၊ မက္ကဒေးမီးယား၊ ကျွဲကော၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ ပင်မှည့်သီး၊ သစ်ကြားသီးများအပြင် ဝဥ၊ လက်ဖက်၊ ကော်ဖီနှင့် ရှောက်ကောပါကော များပါ ထည့်သွင်းပြသနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ စျေးကွက် ထိုးဖောက်နိုင်မည့်အခွင့်အလမ်းဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း သစ်သီးပွဲတော် ပထမနေ့တွင် မြန်မာနိုင်ငံ၏ အလားအလာရှိသည့် သစ်သီးဝလံများနှင့်ပတ်သက်သည့် ဈေးကွက်မြှင့်တင်ရေး ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ကုန်သည်/ အသင်းအဖွဲ့များက ပြပွဲသို့ အောင်မြင်စွာသွားရောက်ပြသနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းနှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။       

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော MG MG4 အမျိုးအစားလျှပ်စစ်သုံးယာဉ်များ၊ Myanmar Great Motor Co., Ltd. တင်သွင်းလာသော Karry Cowfish ၊ Karry Dolphin ၊Karry Elephenအမျိုးအစား လျှပ်စစ်သုံးယာဉ်များနှင့် Myanmar ArrThit Man Motor Co., Ltd.မှ တင်သွင်းလာသော AIMA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၄-၁၀-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ အောက်တိုဘာ ၄

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ်၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန် (အုန်းသီး) တန်ဖိုး ကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း”၏လုပ်ငန်းအစီအစဉ်အရ “အုန်းသီးတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း” တတိယနေ့သင်တန်းအစီအစဉ်များကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက် ဖွံဖြိုးရေးဝန်ကြီးဌာန၊ သင်တန်းခန်းမတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် ဆက်လက် ဖွင့်လှစ်ပို့ချခဲ့ပါသည်။

   အဆိုပါသင်တန်း တတိယနေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် တာဝန်ရှိသူများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် တာဝန်ရှိသူများသည် သင်တန်းခန်းမသို့ လာရောက်၍ သင်ကြားပို့ချ နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြပါသည်။ ထို့နောက် သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

   သင်တန်းတတိယမြောက်နေ့ရက်တွင် သင်တန်းနည်းပြအဖြစ် ဆောင်ရွက်သော မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ်ရောင်းချ သူများအသင်းမှ ဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဟန်က အုန်းသီးနုအရည်နှင့် အုန်းစိမ်းအသားများကို အခြေခံ၍ ကျောက်ကျောမှုန့်၊ သကြားတို့ဖြင့် ပေါင်းစပ်ပြီး အုန်းစိမ်းဂျယ်လီပြုလုပ်ခြင်း၊ အုန်းသီးချိုချဉ်နှင့် အုန်းသီး Gummy ချိုချဉ်ပြုလုပ်ခြင်းများကို စာတွေ့နှင့် သင်တန်းသားများ ကိုယ်တိုင်ပြုလုပ်နိုင်အောင် လက်တွေ့သင်ကြားပေးခဲ့ပါသည်။

   သင်တန်းဆင်းပွဲအခမ်းအနားအား ၁၆:၀၀ နာရီအချိန်၌ ကျင်းပခဲ့ရာတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းအစီအစဉ်ကို ၁၇:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း