နောက်ဆုံးရ သတင်း
နေပြည်တော်၊ ဩဂုတ် ၃၀ ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်း အဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြားခဲ့သည်။
ညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံတော်အနေဖြင့် စားအုံးဆီကိုပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီတင်သွင်းရာတွင် ဝယ်ယူကုန်ကျသည့် နိုင်ငံခြားငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့်လည်းကောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပဈေးထက်သက်သာသည့် နိုင်ငံခြားငွေလဲလှယ်မှု နှုန်းထားဖြင့် လည်းကောင်း ပံ့ပိုးဆောင်ရွက်ပေးထားပါကြောင်း၊ ၎င်းအပြင် ဝယ်ယူတင်သွင်းသူများ ငွေကြေးအခက်အခဲ မပေါ်ပေါက်စေရေးအတွက် ဗဟိုဘဏ်က သီးခြားအစီအစဉ်ဖြင့်လည်း ထောက်ကူ ပေးထားပါကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုံးဆီအခြေခံရည်ညွှန်းဈေးကိုလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အပတ်စဉ်ပုံမှန်တွက်ချက် ထုတ်ပြန်ပေးလျှက်ရှိပါကြောင်း၊ သို့ရာတွင် စားသုံးသူဈေးကွက်တွင် စားအုံးဆီဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် များစွာမြင့်တက်နေပြီး နိုင်ငံတော်အကြီးအကဲ၏ စေတနာဖြင့် ဆောင်ရွက်ပေးသည့် အစီအစဉ်ကို စားသုံးသူပြည်သူများ ခံစားရခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ စားအုံးဆီဈေးများမြင့်တက်နေမှုနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးအနေဖြင့် ဇူလိုင်လ (၁) ရက်နေ့က ရန်ကုန်မြို့တွင် လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချရေး သတိပေးပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိအကျိုးအမြတ်ရရှိမှု တစ်ခုတည်းကိုသာဦးမတည်ဘဲ စားသုံးသူများ သက်သာချောင်ချိစွာ စားသုံးနိုင်ရေးအတွက် ဦးစားပေးစဉ်းစားရန်လိုအပ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ညှိနှိုင်းရရှိမှုများကို လက်တွေ့ကျကျ ကြပ်မတ်အကောင်အထည်ဖော် သွားမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း စားအုံးဆီဈေးနှုန်းများ သိသာစွာကျဆင်းစေရေး ဆောင်ရွက်မည် ဖြစ်၍ ပူးပေါင်းပါဝင်ကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း စားသုံးဆီဖြန့်ဖြူးမှုနှင့် ပတ်သက်၍ လိုအပ်သည့် အစီအမံများချမှတ်ကာ ကြပ်မတ်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။
ယင်းနောက် ညှိနှိုင်းအစည်းအဝေးကိုတက်ရောက်လာကြသည့် စားသုံးဆီတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများက စားသုံးဆီပြည်တွင်းပို့ဆောင်ရာတွင် QR Code ဖြင့် ကြပ်မတ်မည့် အစီအစဉ်၊ နေ့စဉ်ကုန်လက်ကျန်သတင်းပို့မှုအစီအစဉ်၊ လက်ကားနှင့်လက်လီရောင်းချသူများအကြား ဈေးနှုန်း ကွာဟမှုမရှိစေရေးနှင့် မြို့ကြီးများအလိုက် သတ်မှတ်ဈေးနှုန်းဖြင့် စားအုံးဆီဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ အသေးစိတ်ညှိနှိုင်း ဆွေးနွေးကြပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များက သတ်မှတ်ရည်ညွှန်း ဈေးကို အခြေခံပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၏ ဈေးကွက်များ၌ ဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းကို ရှောင်ကြဉ်မည်ဖြစ်ကြောင်း၊ ရည်ညွှန်းဈေးအပေါ် အခြေခံကာ သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ စားသုံးဆီဈေးနှုန်းများကို လက်ရှိအခြေ အနေမှ လျှော့ချသွားရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနက ကြပ်မတ် ဆောင်ရွက်မည့်အစီအစဉ်များအပေါ် အပြည့်အဝလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ကတိကဝတ်ပြု ကြပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် စားသုံးဆီ တင်သွင်းဖြန့်ဖြူးနေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။
၂၉-၈-၂၀၂၃
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီလက်လီဈေးနှုန်းများ ကြီးမြင့်နေမှုအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် ဆီ ကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆီတင်သွင်းသည့် ကုမ္ပဏီများနှင့်ညှိနှိုင်း၍ သက်သာသောဈေးနှုန်းများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။
စားသုံးသူပြည်သူများအနေဖြင့် လက်လီဈေးကွက်အတွင်း စားသုံးဆီများဝယ်ယူရာတွင် ယခင်ဈေးနှုန်းအတိုင်း အမြင့်ဈေးဖြင့် ဆက်လက်ရောင်းချနေပါက ဝယ်ယူစားသုံးခြင်းမပြုရန်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Call Center ၁၅၃၅ ၊ စားသုံးသူရေးရာ ဦးစီးဌာန Facebook Page နှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ Facebook Page များသို့ ဆက်သွယ်တိုင်ကြားနိုင်ပါ ကြောင်း အသိပေးအပ်ပါသည်။
စားသုံးသူရေးရာဦးစီးဌာန
နေပြည်တော် ဩဂုတ်လ ၂၇
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှား နိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ မှ စက်တင်ဘာလ ၃ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၁၅၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
နေပြည်တော်၊ သြဂုတ် ၂၇ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းရုံး၌ ရှမ်းပြည်နယ်ရှိ ကော်ဖီ၊ ထောပတ်သီးနှင့် ဒေသစိုက်ပျိုးရေးထုတ်ကုန် ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပ ပို့ကုန်တိုးမြှင့်ရေးဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ၌ ရှမ်းပြည်နယ်၏ ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် ကော်ဖီနှင့် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှုကို နိုင်ငံတော်မှ အားပေးမြှင့်တင်ဆောင်ရွက်လျှက်ရှိကြောင်း၊ မြန်မာ့ထောပတ်သီးများ အရည်အသွေးမီ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် အထွက်နှုန်းတိုးတက်မြင့်မားရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စျေးကွက်တိုးချဲ့၍ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး၊ ပြည်ပသို့ တင်ပို့ရာတွင် ဈေးကွက်နိုင်ငံ၏ လိုလားချက်နှင့်အညီ တင်ပို့နိုင်ရေး၊ မြန်မာနိုင်ငံမှ ထွက်ရှိသော နိုင်ငံတကာအဆင့်မီ ကော်ဖီများကို အလားအလာရှိသည့် နိုင်ငံတကာဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန် အတွက် လိုအပ်ချက်များကို အစိုးရဌာနများ၊ အသင်းအဖွဲ့နှင့် စိုက်ပျိုးထုတ်လုပ်သူများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မြန်မာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေးနှင့် ဈေးကွက်ဝင်နိုင်ငံ၏ စံချိန်စံညွှန်းဆိုင်ရာနှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေးကိုလည်း ဆက်လက်ညှိနှိုင်းဆောင်ရွက် သွားနိုင်ရေးတို့ အား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများ၏ တင်ပြ ချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေညောင်မြို့ မြနဒီသီနှံအခြောက်ခံစက်ရုံသို့ သွား ရောက်ကာ ပြောင်းကုန်ကြမ်းများ အခြောက်ခံသန့်စင်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟဲဟိုးမြို့၊ တီခေါင်ကျေးရွာအုပ်စု၊ ဥဿကံကျေးရွာရှိ Heho Potato Co.,Ltd အအေးခန်းစက်ရုံသို့ သွားရောက်ခဲ့ပြီး အာလူးလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ အာလူးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ စျေးကွက်ရရှိရေး၊ တိုးမြှင့် တင်ပို့နိုင်ရေးနှင့် အာလူးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်တောင်သူများ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးတို့အား ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဩဂုတ် ၂၇ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးညွန့်အောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ YACL အစည်းအဝေးခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(ခရီးသည်)၊ လေဆိပ်ပို့ကုန်(MCS)၊ လေဆိပ် သွင်းကုန် (YACL) တို့တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များနှင့်တွေ့ဆုံ၍ လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။