နောက်ဆုံးရ သတင်း
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော တမူးကုန်သွယ်ရေးဇုန်တည် ဆောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တမူးကုန်သွယ်ရေးဇုန်တည်ဆောက်ရေးဗဟိုကော်မတီဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော နိုင်ငံတော်အရေးပေါ်ဆန်များဝယ်ယူရေး၊ သိုလှောင်ရေး၊ ဖြန်ဖြူးရေးကိစ္စများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လယ်ယာထုတ် ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အဖွင့်အမှာစကားပြောကြား
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ၏ ဥက္ကဋ္ဌဖြစ်သူ ဦးခင်စိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ
အီးယူ၏ ဖရဲ/သခွားတင်သွင်းမှုအခြေအနေ
အီးယူ၏ ဖရဲ/သခွားစားသုံးမှုစာရင်းများအရ နှစ်စဉ် ဖရဲသီး (watermelon) တန်ချိန် (၃) သန်းခန့်စားသုံးမှုရှိပြီး၊ ပိုက်ကွန်သခွားမွှေးကဲ့သို့သော အခြား ဖရဲ/သခွား (melons) အမျိုးအစားများ ကိုမူ တန်ချိန် (၂)သန်းကျော်ခန့် စားသုံးမှုရှိကြောင်း သိရှိရပါသည်။ စားသုံးသည့် ဖရဲသီးအမျိုးအစား အားလုံး၏ (၁၀) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းအကြားပမာဏကို ဖွံ့ဖြိုးဆဲနိုင်ငံများမှ အဓိက တင်သွင်းခြင်း ဖြစ်ပါသည်။ အီးယူနိုင်ငံများ၏ ဖရဲ/သခွားတင်သွင်းမှုသည် တိုးတက်လျက်ရှိပြီး အဓိကတင်သွင်းသည့်နိုင်ငံများမှာ နယ်သာလန်၊ စပိန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ ပိုလန်နှင့် ချက်သမ္မတနိုင်ငံ တို့ဖြစ်ကြပါသည်။ ၂၀၁၃ ခုနှစ်တွင် အီးယူ၏ ဖရဲသီးတင်သွင်းမှုတန်ဖိုး ယူရို (၉၅) သန်းရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် တင်သွင်းမှုတန်ဖိုး ယူရို (၂၃၃) သန်းသို့ တိုးတက်ခဲ့သည်ကိုတွေ့ရ ပါသည်။ ပိုက်ကွန်သခွားမွှေးကဲ့သို့သော အခြား ဖရဲ/သခွား (melons) အမျိုးအစားများ တင်သွင်းမှု တွင်လည်းတိုးတက်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် ယူရို (၃၅၅) သန်းမှ ၂၀၁၇ ခုနှစ်တွင် ယူရို (၄၃၈) သန်းသို့ တိုးမြှင့်တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။
အီးယူသို့ဖရဲ/သခွားတင်သွင်းရာတွင် လိုက်နာရန်လိုအပ်ချက်များ
အီးယူသို့ လတ်ဆတ်သစ်သီးဝလံတင်သွင်းရာတွင် အရေးကြီးသည့် လိုအပ်ချက်မှာ ပိုးသတ်ဆေးဓါတ်ကြွင်းပါဝင်မှု ထိန်းချုပ်နိုင်ရေးဖြစ်ပါသည်။ ဥရောပသမဂ္ဂအနေဖြင့် အစားအစာ ဘေးကင်းလုံခြုံမှု (food safety) အတွက် တင်သွင်းလာသည့် စားသောက်ကုန်များတွင် Pesticide Residues လျော့နည်းစေရေးအတွက် ဓါတ်ကြွင်းအမြင့်ဆုံးပါဝင်နိုင်မှုအဆင့် (Maximum Residue Levels-MRLs) များ သတ်မှတ်ထားပါသည်။ ဖရဲသီးနှင့်ပတ်သက်သည့် MRLs များကို ဥရောပသမဂ္ဂ၊ pesticide database ၏ https://ec.europa.eu/food/ plant/pesticides/eu-pesticides-database/public/?event=product. resultat&language=EN&selectedID=129 တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ MRLs သတ်မှတ်ချက်များသည် ကာလအလိုက်အပြောင်းအလဲ ရှိနိုင် သည်ကို သတိပြုရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။
အရည်အသွေးစံချိန်စံညွှန်းဆိုင်ရာလိုအပ်ချက်များ
ဥရောပသမဂ္ဂတွင် ဖရဲ/သခွား အမျိုးအစားများဆိုင်ရာ ဈေးကွက်စံချိန်စံညွှန်း(marketing standards) နှင့် commercial quality control အပိုင်းတို့အတွက် လုပ်ထုံးလုပ်နည်းအမှတ် (EC)No.543/2011 ကို ထုတ်ပြန်ထားရှိပါသည်။ ယင်းတွင် ဖရဲသီးအတွက် United Nations Economic Commission for Europe (UNECE) ၏ ဈေးကွက်ဆိုင်ရာစံချိန်စံညွှန်းများကို ရည်ညွှန်း ထားခြင်းဖြစ်ကြောင်းသိရှိရပြီး https://www.unece.org/fileadmin/DAM/trade/agr/ standard/ standard/fresh/FFV-Std/English/37_Watermelons.pdf တွင် အသေးစိတ်ဝင်ရောက် ကြည့်ရှုနိုင် ပါသည်။
ယင်းတွင် ဖော်ပြထားသည့်အချက်များအရ ဖရဲသီး/သခွားသီး၏ လုံလောက်သည့် ရင့်မှည့်မှု ရှိရန် လိုအပ်ချက်၊ အတန်းအစား(Extra Class, Class I, Class II) တို့ကိုလည်းခွဲခြားထားကြောင်း သိရှိရပါသည်။ အီးယူဈေးကွက်သည် Class I အမျိုးအစား ဖရဲသီး/သခွားသီးကို ပိုမိုဝယ်လိုအား ရှိပါသည်။ ဥပမာအားဖြင့် ဖရဲသီး/သခွားသီး class အားလုံးအတွက်အနည်းဆုံးရှိရမည့် လိုအပ်ချက် များမှာ လတ်ဆတ်မှုရှိခြင်း၊ သန့်ရှင်းခြင်း၊ ပိုးမွှားကင်းစင်ခြင်း၊ ပိုးမွှားကြောင့်ဖြစ်သည့် အနာအဆာ ကင်းစင်ခြင်းစသည့် အချက်များကို ယေဘုယျအားဖြင့် လိုအပ်ပါကြောင်း သိရှိရပါသည်။
အရွယ်အစားသတ်မှတ်ချက်
ဖရဲ/သခွားများ၏ အရွယ်အစားကို တစ်လုံးလျှင်ရှိသည့်အလေးချိန်ဖြင့် တိုင်းတာသတ်မှတ် ပါသည်။ ဥပမာအားဖြင့် Charentais, Galia နှင့် Ogen ဖရဲ/သခွားမျိုးများအတွက် အနည်းဆုံး အလေးချိန်သတ်မှတ်ချက်သည် ၂၅၀ ဂရမ် (သို့မဟုတ်) အချင်း (၇.၅) စင်တီမီတာဖြစ်ကြောင်း၊ အခြား ဖရဲ/သခွားသီးများအတွက် အလေးချိန်သတ်မှတ်ချက်မှာ ၃၀၀ ဂရမ် (သို့မဟုတ်) အချင်း (၈) စင်တီမီတာဖြစ်ကြောင်း သိရှိရပါသည်။
အီးယူ၏ သရက်သီးတင်သွင်းမှုအခြေအနေ
အီးယူ၏ သရက်သီးတင်သွင်းမှုသည် တိုးတက်လျက်ရှိပြီး ၂၀၁၈ ခုနှစ်တွင် တင်သွင်းမှု တန်ချိန် (၄) သိန်း နီးပါးသို့တိုးတက်ခဲ့ကာ ၂၀၁၇ ခုနှစ်၊ တင်သွင်းမှုပမာဏထက် တန်ချိန် (၃၈,၀၀၀) ပိုမိုတင်သွင်းခဲ့ပါသည်။ အီးယူအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ နှစ်စဉ် သရက်သီးတင်သွင်းမှုမှာလည်း (၉) ရာခိုင်နှုန်းမှ (၁၃) ရာခိုင်နှုန်းအကြား တိုးတက်လျက်ရှိပြီး၊ ၂၀၁၄ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ တင်သွင်းမှုတန်ချိန် (၂၄၀,၀၀၀) ကျော်မှ ၂၀၁၈ ခုနှစ်တွင် တန်ချိန် (၃၇၀, ၀၀၀) ကျော်သို့ တိုးတက် တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။ အီးယူ၏ သရက်သီးကုန်သွယ်မှုသည် သရက်သီးစိုက်ပျိုးသည့် နိုင်ငံများ၏ အပူပိုင်းရာသီဥတုအပေါ်တွင် များစွာတည်မှီနေပြီး၊ သစ်သီးဝလံအရည်အသွေး တိုးတက် လာမှုနှင့်ထုတ်လုပ်မှုတည်ငြိမ်မှုတို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အီးယူသို့ နှစ်စဉ် သရက်သီးတင်ပို့မှု တိုးတက်နှုန်းသည် တက်ရိပ်ပြသည့် အခြေအနေဖြစ်ကြောင်း သိရှိရပါသည်။
အီးယူတွင် သရက်သီးအဓိကတင်သွင်းသည့်နိုင်ငံများမှာ နယ်သာလန်၊ ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ စပိန်နှင့် ပေါ်တူဂီနိုင်ငံများ ဖြစ်ကြပါသည်။ အီးယူ၏ သရက်သီးကုန်သွယ်မှုတွင် နယ်သာလန်နိုင်ငံသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး၊ ၂၀၁၈ ခုနှစ်တွင် သရက်သီးတန်ချိန် (၂) သိန်းကျော်တင်သွင်းခဲ့ပါသည်။ ဂျာမနီနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် သရက်သီးတန်ချိန် (၁) သိန်း ကျော် တင်သွင်းခဲ့ပါသည်။ နယ်သာလန်နိုင်ငံသည် သရက်သီးတင်သွင်း၍ အီးယူသို့ ပြန်လည် ဖြန့်ဖြူးခြင်းအပိုင်းတွင် အရေးပါသောအခန်းကဏ္ဍ၌ရှိနေပြီး အီးယူသို့တင်သွင်းသည့် သရက်သီး များ၏ (၅၅) ရာခိုင်နှုန်းခန့်သည် နယ်သာလန်နိုင်ငံသို့ တင်သွင်းခြင်းဖြစ်ပါသည်။ နယ်သာလန်နိုင်ငံ သည် တင်သွင်းလာသည့် သရက်သီးများကို ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့သို့ အဓိကပြန်လည်တင်ပို့ ပါသည်။
အီးယူသို့ သရက်သီး တင်သွင်းရာတွင် လိုက်နာရန်လိုအပ်ချက်များ
အီးယူသို့ သရက်သီးတင်သွင်းရာတွင် အဓိကထား၍ လိုက်နာရမည့်အချက်များမှာ ပိုးသတ်ဆေးဓါတ်ကြွင်းပါဝင်မှုလျော့နည်းစေရေးနှင့် contaminants မဖြစ်ပေါ်စေရေးအချက်များ ဖြစ်ပါသည်။ ဖရဲသီးတင်သွင်းမှုကဲ့သို့ပင် Pesticide Residues လျော့နည်းစေရေး Maximum Residue Levels (MRLs) များ သတ်မှတ်ထားပြီး၊ သရက်သီးအတွက် MRLs သတ်မှတ်ချက်များကို https://ec.europa.eu/ food/plant/pesticides/eu-pesticides-database/public/?event= product.resultat&language= EN&selectedID=76 တွင် အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။
အသင့်စားသရက်သီးများအတွက် အဏုဇီဝဆိုင်ရာစံသတ်မှတ်ချက်များ (Microbiological Criteria) လည်းရှိပြီး၊ ဥပမာအားဖြင့် pre-cut fruit အတွက် E.coli contamination သည် 100 cfu/g အောက်ရှိရမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ စားသောက်ကုန်များနှင့် စပ်လျဉ်းသည့် အဏုဇီဝဆိုင်ရာစံသတ်မှတ်ချက်များအား https://eur-lex.europa.eu/legal-content/EN/ TXT/?uri=CELEX:02005R2073-20140601 တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။
Fruit Fly နှင့်စပ်လျဉ်းသည့် အပင်ကျန်းမာရေးဆိုင်ရာလိုအပ်ချက်
၁၀။ သရက်သီးသည် fruit flies (Tephritidae) နှင့်ပတ်သက်၍ high risk ဖြစ်သည့် အသီးအနှံ ဖြစ်သဖြင့် အီးယူသို့ သရက်သီးတင်ပို့မှုအတွက် အပင်ကျန်းမာရေးဆိုင်ရာထောက်ခံချက် ပါရှိရန်နှင့် မတင်ပို့မီတွင် hydrothermal treatments လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည့် ဥရောပသမဂ္ဂ၏ Directive (EU) 2019/523 အရ သရက်သီးတင်သွင်းမှုအတွက် Phytosanitary Certificates ပူးတွဲပါရှိရန်လိုအပ်ပြီး၊ အဓိက အားဖြင့် သရက်သီးတွင် Tephritidae ကင်းစင်မှုရှိရန် လိုအပ်ကြောင်း သိရှိရပါသည်။
အရည်အသွေးစံချိန်စံညွှန်းဆိုင်ရာလိုအပ်ချက်များ
အီးယူသို့တင်ပို့မည့် သရက်သီးများ၏ အရည်အသွေး၊ အရွယ်အစားနှင့် ထုပ်ပိုးမှုဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက်များကို United Nations Economic Commission for Europe (UNECE) ၏ စံနှုန်းသတ်မှတ်ချက်များအား ကိုးကားအသုံးပြုထားပြီး ယင်းသတ်မှတ်ချက် အသေး စိတ်များကို https://www.unece.org/fileadmin/DAM/trade/agr/standard/standard/fresh/ FFV-Std/English/ 45_Mangoes.pdf တွင်ကြည့်ရှုနိုင်ပါသည်။ သရက်သီးအတွက် သတ်မှတ်ထား သည့် Codex Alimentarius Standard များကိုလည်းကိုးကားအသုံးပြုနိုင်မည် ဖြစ်ပါသည်။
အီးယူ၏ ထောပတ်သီးတင်သွင်းမှုအခြေအနေ
အီးယူ၏ ထောပတ်သီးတင်သွင်းမှုသည်လည်း ပမာဏအားဖြင့်တိုးတက်လျက်ရှိပြီး၊ ၂၀၁၈ ခုနှစ်တွင် ထောပတ်သီးတန်ချိန် သန်းပေါင်း (၆၀၀) ကျော်တင်သွင်းခဲ့ရာ ၂၀၁၇ ခုနှစ်၊ တင်သွင်းမှု ပမာဏထက် ၂၅ ရာခိုင်နှုန်းခန့် ပိုမိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ထောပတ်သီးသည် အီးယူတွင် လူကြိုက်ပိုများလာသည့် အသီးအနှံတစ်ခုဖြစ်ပြီး၊ တင်သွင်းမှုပမာဏ မြန်ဆန်စွာ မြင့်တက်မှုကြောင့် ဈေးနှုန်းကျဆင်းမှုမှတစ်ဆင့် စားသုံးမှုပိုမိုမြင့်တက်လာသည့်သဘောမျိုး ရှိကြောင်းလည်း ထောပတ်သီးဈေးကွက်လေ့လာသုံးသပ်ချက်များအရ သိရှိရပါသည်။ အီးယူတွင် ထောပတ်သီး အဓိကတင်သွင်းသည့်နိုင်ငံများမှာ နယ်သာလန်၊ ပြင်သစ်၊ စပိန်၊ ဗြိတိန်၊ ဂျာမနီနှင့် အီတလီနိုင်ငံများ ဖြစ်ကြပါသည်။ နယ်သာလန်နိုင်ငံသည် အီးယူ၏ ထောပတ်သီးကုန်သွယ်မှု ဗဟိုချက်အဖြစ် ဆောင်ရွက်ပြီး၊ အီးယူသို့ တင်သွင်းလာသည့် ထောပတ်သီးအားလုံး၏ ထက်ဝက် ပမာဏခန့်ကို တင်သွင်းပါသည်။ တင်သွင်းလာသည့် ထောပတ်သီးများကို အဓိကအားဖြင့် ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်နှင့် စကန်ဒီနေးဗီးယန်းနိုင်ငံများသို့ ပြန်လည်တင်ပို့ရောင်းချခြင်းဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၏ ထောပတ်သီးတင်သွင်မှုမှာ တန်ချိန် (၂၅၈) သန်းကျော် ရှိပြီး၊ ပြင်သစ် နိုင်ငံသည် တန်ချိန် (၁၅၇) သန်းကျော်၊ စပိန်နိုင်ငံသည် တန်ချိန် (၁၂၉) သန်းကျော်၊ ဗြိတိန်နိုင်ငံသည် တန်ချိန် (၁၁၇) သန်းကျော်နှင့် ဂျာမနီနိုင်ငံသည် တန်ချိန် (၉၂) သန်းကျော် အသီးသီး တင်သွင်း ခဲ့ကြောင်း စာရင်းဇယားများအရ သိရှိရပါသည်။
အီးယူသို့ ထောပတ်သီးတင်သွင်းရာတွင် လိုက်နာရန်လိုအပ်ချက်များ
အီးယူသို့ ထောပတ်သီးတင်သွင်းမှုအတွက် မဖြစ်မနေလိုက်နာရန်လိုအပ်သည့် အချက်များ မှာ ပိုးသတ်ဆေးဓါတ်ကြွင်းပါဝင်မှု ထိန်းချုပ်ရေးနှင့် contaminants မဖြစ်ပေါ်စေရေးအချက်များ ဖြစ်ပါသည်။ အခြားသစ်သီးဝလံများကဲ့သို့ပင် ထောပတ်သီးတွင် Pesticide Residues လျော့နည်း စေရေး Maximum Residue Levels (MRLs) များ သတ်မှတ်ထားပြီး၊ ထောပတ်သီးအတွက် MRLs သတ်မှတ်ချက်များကို https://ec.europa.eu/food/plant/pesticides/eu-pesticides-database/public/?event=product.resultat&language= EN&selectedID=74 တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
ထို့ပြင် ထောပတ်သီးတွင် lead contamination ပါဝင်မှုသည် 0.10 mg/kg အောက် လျော့နည်းရန်လိုအပ်ပြီး၊ cadmium သည် 0.050 mg/kg အောက်လျော့နည်းရမည်ဖြစ်ကြောင်း လည်း သိရှိရပါသည်။ စားသောက်ကုန်များတွင် contaminants အများဆုံးပါဝင်နိုင်မှု သတ်မှတ်ချက် များနှင့်စပ်လျဉ်း၍ https://webgate.ec.europa.eu/reqs/public/v1/requirement/auxi/eu/eu_ heafocon_annex _r1881_2006.pdf/ တွင် အသေးစိတ်ရှာဖွေတွေ့ရှိနိုင်ပါသည်။ ထောပတ်သီးများ ဥရောပသို့တင်သွင်းမှုအတွက် ဥရောပသမဂ္ဂ၏ Directive (EU) 2019/523 အရ ချမှတ်ထားသည့် အပင်ကျန်းမာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ (Phytosanitary regulations) ကိုလည်း လိုက်နာ ဆောင်ရွက်ရန်လိုအပ်ပါသည်။
အရည်အသွေးစံချိန်စံညွှန်းဆိုင်ရာလိုအပ်ချက်များ
အီးယူသို့တင်သွင်းမည့် ထောပတ်သီး၏ အရည်အသွေး၊ အရွယ်အစားနှင့် ထုပ်ပိုးမှုဆိုင်ရာ စံချိန်စံညွှန်းများကို United Nations Economic Commission for Europe (UNECE) ၏ စံနှုန်း သတ်မှတ်ချက်များအား ကိုးကားအသုံးပြုထားပြီး အသေးစိတ်အချက်များကို http://www.unece. org/fileadmin/DAM/trade/agr/standard/standard/fresh/FFV-Std/English/42_Avocados.pdf တွင်ရှာဖွေကြည့်ရှုနိုင်ပါသည်။ ထောပတ်သီးအတွက် Codex Alimentarius Standard များကိုလည်း ကိုးကားအသုံးပြုနိုင်မည် ဖြစ်ပါသည်။
အီးယူ၏ နာနတ်သီးတင်သွင်းမှုအခြေအနေ
၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း အီးယူ၏ နာနတ်သီးတင်သွင်းမှုသည် တည်ငြိမ်လျက် ရှိနေပြီး၊ ၂၀၁၇ ခုနှစ်တွင် တင်သွင်းမှုတိုးတက်ခဲ့ကာ တန်ချိန် (၉၄၂) သန်းတင်သွင်းခဲ့ကြောင်း သိရ ပါသည်။ အီးယူဈေးကွက်သို့ နာနတ်သီးတင်သွင်းမှုတွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အဓိကလွှမ်းမိုးထားပြီး၊ ၂၀၁၃ ခုနှစ်တွင် တန်ဖိုးအားဖြင့် ယူရို (၇၅၂) သန်းဖိုးတင်သွင်းခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ယူရို (၉၁၄) သန်းဖိုး တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ ဥရောပနိုင်ငံများအနက် နာနတ်သီးအဓိကတင်သွင်းသည့်နိုင်ငံ များမှာ နယ်သာလန်၊ စပိန်၊ ဗြိတိန်၊ အီတလီ၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံတို့ဖြစ်ကြ ပါသည်။ နယ်သာလန်နိုင်ငံသည် အများဆုံးတင်သွင်းသူဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ဥရောပနှင့် ဥရောပ ပြင်ပနိုင်ငံများထံမှ နာနတ်သီးတန်ချိန် (၂၈၄,၀၀၀) ကိုတင်သွင်းခဲ့ပါသည်။ စပိန်၊ ဗြိတိန်နှင့် အီတလီ နိုင်ငံများအနေဖြင့် ၂၀၁၇ ခုနှစ်တွင် နာနတ်သီးတန်ချိန် (၁၆၀,၀၀၀) ကျော်ကို တင်သွင်းခဲ့ကြကာ ဂျာမနီနှင့် ဘယ်လ်ဂျီယံနိုင်ငံတို့က တန်ချိန် (၁၄၀,၀၀၀) ဝန်းကျင်နှင့် ပြင်သစ်နိုင်ငံက တန်ချိန် (၁၂၀,၀၀၀) ဝန်းကျင် တင်သွင်းခဲ့သည်ကို စာရင်းဇယားများအရ သိရှိရပါသည်။
အခြားသစ်သီးဝလံများနှင့်မတူသည့်အချက်မှာ အီးယူ၏ နာနတ်သီးအဓိကတင်သွင်းသည့် ဂျာမနီ၊ စပိန်၊ ဗြိတိန်၊ အီတလီနှင့် ပြင်သစ်နိုင်ငံတို့သည် နာနတ်သီးထွက်ရှိရာနိုင်ငံများမှ တိုက်ရိုက် တင်သွင်းလေ့ရှိကြပါသည်။ သို့သော် နယ်သာလန်နိုင်ငံနှင့် ဘယ်လ်ဂျီယံနိုင်ငံတို့သည် အီးယူ၏ နာနတ်သီးတင်သွင်းမှုတွင် ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက် (logistics hub) အဖြစ် အရေးပါလျက် ရှိကြောင်းလည်း သိရှိရပါသည်။
အီးယူသို့ နာနတ်သီးတင်သွင်းရာတွင် လိုက်နာရန်လိုအပ်ချက်များ
အခြားသစ်သီးဝလံများနည်းတူ ပိုးသတ်ဆေးဓါတ်ကြွင်းပါဝင်မှုထိန်းချုပ်ရေးနှင့် အပင် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တို့သည် အီးယူသို့ နာနတ်သီးတင်ပို့မှုအတွက် အဓိကလိုက်နာ ရမည့် အချက်များဖြစ်ပါသည်။ နာနတ်သီးအတွက် သတ်မှတ်ထားသည့် Maximum Residue Levels-MRLs များကို https://ec.europa.eu/food/plant/pesticides/eu-pesticides-database/ public/?event= product.resultat&language=EN&selectedID=81 တွင် အသေးစိတ်ဖော်ပြထား သည်ကို တွေ့ရမည်ဖြစ်ပါသည်။ နာနတ်သီးအတွက် MRLs သတ်မှတ်ချက်ရှာဖွေထားသည့် နမူနာ ပုံစံကို နောက်ဆက်တွဲ(ဃ)ဖြင့် တင်ပြအပ်ပါသည်။ အလားတူ အထက်တွင်ဖော်ပြခဲ့သည့် ဥရောပ သမဂ္ဂ၏ Phytosanitary Regulations များကိုလည်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း သိရှိရပါသည်။
အရည်အသွေးစံချိန်စံညွှန်းဆိုင်ရာလိုအပ်ချက်များ
အီးယူသို့ တင်ပို့မည့် နာနတ်သီးများ၏ အရည်အသွေး၊ အရွယ်အစားနှင့် ထုပ်ပိုးမှုဆိုင်ရာ စံချိန်စံညွှန်းပိုင်း အသေးစိတ်အချက်များကို https://www.unece.org/fileadmin/DAM/trade/agr/ standard/standard/fresh/FFV-Std/English/49_Pineapples.pdf တွင် ဝင်ရောက်ကြည့်ရှုနိုင် ပါသည်။ နာနတ်သီးကို အရွယ်အစားခွဲခြားရာတွင် အလေးချိန်နှင့် size code တို့ဖြင့် ခွဲခြားခြင်း ဖြစ်ပြီး၊ size A (၂၇၅၀ ဂရမ်) မှ size H (၈၀၀ ဂရမ်) အထိ အရွယ်အစား ခွဲခြားသတ်မှတ်ကြောင်း သိရှိရပါသည်။ အရွယ်အစားသေးငယ်သည့် နာနတ်သီးမျိုးကွဲများမှအပ ပုံမှန်နာနတ်သီးများအတွက် အနည်းဆုံးအလေးချိန်သတ်မှတ်ချက်မှာ (၇၀၀ ဂရမ်) သတ်မှတ်ထားကြောင်းသိရှိရပြီး၊ နာနတ်သီး အတွက်စံချိန်စံညွှန်းသတ်မှတ်ချက်များကို Codex Alimentarius Standard အားကိုးကား၍ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။
အီးယူ၏ ကျွဲကောသီးအပါအဝင် ဂရိတ်ဖရုတင်သွင်းမှုအခြေအနေ
အီးယူ၏ စာရင်းဇယားများတွင် ဖော်ပြထားမှုအရ ကျွဲကောသီး (pomelo) အား citrus varieties အသီးမျိုးနွယ်ဝင် ဂရိတ်ဖရုအောက်တွင် အကျုံးဝင်သဖြင့် ဂရိတ်ဖရုတင်သွင်းမှုကို လေ့လာတင်ပြခြင်းဖြစ်ပါသည်။ အခြားသော citrus fruits အမျိုးအစားများဖြစ်သည့် လိမ္မော်သီး၊ သံပုရာ/သံပယိုစသည့် သစ်သီးဝလံများ တင်သွင်းမှုနှင့်နှိုင်းယှဉ်ပါက အီးယူ၏ ဂရိတ်ဖရုတင်သွင်းမှု မှာ အနည်းငယ်လျော့နည်းသည်ကို တွေ့ရှိရပြီး၊ Eurostat ၏ စာရင်းများအရ ၂၀၁၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း တန်ချိန် (၃) သိန်း မှ (၄) သိန်းအကြား တင်သွင်းမှုရှိခဲ့ကြောင်း သိရှိရပါသည်။ ဂရိတ်ဖရု သည်အနည်းငယ်ခါးသက်သောအရသာရှိခြင်းကြောင့် အီးယူစားသုံးသူများအကြား လူကြိုက်များ သည့် သစ်သီးဝလံမဟုတ်ကြောင်း သစ်သီးဈေးကွက်သုံးသပ်ချက်များအရ သိရှိရပါသည်။
တရုတ်နိုင်ငံမှ ကျွဲကောသီးစိုက်ပျိုးထုတ်လုပ်သည့် ကုမ္ပဏီများသည် အီးယူဈေးကွက်သို့ ကျွဲကောသီးတင်ပို့လျက်ရှိပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အီးယူ၏ ကျွဲကောသီးစားသုံးမှု သည် တိုးတက်မှုရှိခဲ့ကြောင်း freshplaza.com ၏ ဖော်ပြချက်အရ လေ့လာသိရှိရပါသည်။ တရုတ် နိုင်ငံမှ ပျားကျွဲကောသီး (honey polemo) ကို အီးယူဈေးကွက်သို့ အဓိကထား၍ တင်ပို့လျက်ရှိပြီး၊ နယ်သာလန်နိုင်ငံ၊ ရော့တာဒမ်ဆိပ်ကမ်းမှတစ်ဆင့် တင်ပို့၍ ဥရောပနိုင်ငံများသို့ တစ်ဆင့် ပြန်လည် ဖြန့်ဖြူးခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။
အီးယူသို့ ကျွဲကောသီး(ဂရိတ်ဖရု) တင်သွင်းရာတွင် လိုက်နာရန်လိုအပ်ချက်များ
ကျွဲကောသီးကဲ့သို့သော citrus fruit မျိုးနွယ်ဝင်သစ်သီးများ အီးယူသို့ တင်သွင်းရာတွင် အဓိကအားဖြင့် ပိုးသတ်ဆေးဓါတ်ကြွင်းပါဝင်မှု (Pesticide Residue) ထိန်းချုပ်နိုင်ရန်နှင့် အပင် ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ ကျွဲကောသီးတင်ပို့ရာတွင် သတိပြုရမည့် Maximum Residue Levels-MRLs သတ်မှတ်ချက်များကို ကျွဲကောသီးအပါအဝင်ဖြစ်သည့် Grapefruit ကုန်စည်အောက်တွင် ဖော်ပြထားပြီး အသေးစိတ်ကို https://ec.europa.eu/food/plant/pesticides/eu-pesticides-database/public/?event= product.resultat&language=EN&selectedID=3 တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။
အရည်အသွေးစံချိန်စံညွှန်းဆိုင်ရာလိုအပ်ချက်များ
Citrus fruit မျိုးနွယ်ဝင်သစ်သီးများ အီးယူသို့ တင်သွင်းရာတွင် အပင်ကျန်းမာရေးဆိုင်ရာ ထောက်ခံချက် (phytosanitary certificate) လိုအပ်ပါသည်။ အပင်ကျန်းမာရေးအတွက် အသေး စိတ်လိုအပ်ချက်များကို အီးယူ၏ Council Directive 2000/29/EC အားကိုးကားအသုံးပြု၍ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ Citrus fruit များအတွက် အနည်းဆုံးရှိရမည့် ရင့်မှည့်မှုလိုအပ်ချက်၊ အရွယ်အစား၊ ထုပ်ပိုးမှုနှင့် အရည်အသွေးဆိုင်ရာ သီးခြားဈေးကွက်စံချိန်စံညွှန်းများကို အီးယူမှ EU Regulation No 543/2011 ဖြင့်သတ်မှတ်ထားသည့် ယေဘုယျစံချိန်စံညွှန်းများကို ကိုးကား၍ ဖြစ်စေ၊ UNECE standards များကိုဖြစ်စေ ရွေးချယ်၍အသုံးပြုနိုင်ကြောင်း လေ့လာသိရှိရပြီး၊ http://www.unece.org/fileadmin/DAM/trade/agr/standard/standard/fresh/FFV-Std/ English/14_CitrusFruit.pdf တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
အီးယူ၏ လက်ဖက်ခြောက်တင်သွင်းမှုအခြေအနေ
အီးယူတွင် လက်ဖက်ခြောက်သုံးစွဲမှုများပြားသည့် နိုင်ငံများမှာ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ ပိုလန်၊ နယ်သာလန်နှင့် အိုင်ယာလန်နိုင်ငံတို့ဖြစ်ကြပါသည်။ နယ်သာလန်နိုင်ငံ CBI ၏ လေ့လာမှု များအရ ၂၀၁၅ ခုနှစ်တွင် အီးယူ၏ လက်ဖက်ခြောက်သုံးစွဲမှု (Tea Consumption) မှာ တန်ချိန် (၂၂၉,၀၀၀) ရှိခဲ့ပြီး၊ ကမ္ဘာ့သုံးစွဲမှု၏ (၄.၆) ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း သိရှိရပါသည်။ ဥရောပ မြောက်ပိုင်းနှင့်အနောက်ဥရောပဒေသတို့သည် လက်ဖက်ခြောက်အတွက် အဓိကဈေးကွက်များ ဖြစ်ကြပြီး၊ ဗြိတိန်နိုင်ငံသည် ယင်း၏ လက်ဖက်ရည်သောက်သုံးမှုဓလေ့ ထွန်းကားမှုနှင့်အတူ လက်ရှိ တွင် ဥရောပ၏ လက်ဖက်ခြောက်အများဆုံးသုံးစွဲသည့်နိုင်ငံအဖြစ် ရပ်တည်နေကာ ၂၀၁၅ ခုနှစ်တွင် တန်ချိန် (၁) သိန်းကျော်သုံးစွဲမှုရှိခဲ့ပါသည်။
အီးယူစားသုံးသူများသည် အနံ့နှင့်အရသာထူးခြားသည့် အရည်အသွေးမြင့် Speciality Tea လက်ဖက်ခြောက်အမျိုးအစားများကို ပိုမိုသုံးစွဲလာကြသော်လည်း ယင်းအမျိုးအစားများအတွက် ဈေးကွက်မှာမူ များစွာကျယ်ပြန့်မှုမရှိသေးကြောင်းနှင့် ဥရောပဈေးကွက်တစ်ခုလုံး၏ (၅) ရာခိုင်နှုန်း ခန့်သာရှိကြောင်းလည်းသိရပါသည်။ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများရှိခြင်းကြောင့် အီးယူ ဈေးကွက်တွင် Green Tea နှင့် Herbal/Fruit Tea များကို ပိုမိုလူကြိုက်များလာပြီး Black Tea သောက်သုံးမှုအနည်းငယ် လျော့ကျလာသည့်အနေအထားရှိပါသည်။
ဥရောပဒေသသည် လက်ဖက်စိုက်ပျိုးထွက်ရှိမှု မရှိသလောက်နည်းပါးသဖြင့် ပြည်ပမှ တင်သွင်းမှုကို အဓိကမှီခိုနေရပါသည်။ စာရင်းဇယားများအရ ဥရောပသမဂ္ဂ၏ လက်ဖက်ခြောက် တင်သွင်းမှုမှာ ၂၀၁၅ ခုနှစ်တွင် တန်ချိန် (၃၄၂,၀၀၀) ရှိခဲ့ပြီး၊ ဗြိတိန်နိုင်ငံမှ တင်သွင်းမှုတန်ချိန် (၁၃၃,၀၀၀) ရှိခဲ့ကြောင်း သိရှိရပါသည်။ ဗြိတိန်နိုင်ငံသည် အီးယူ၏ လက်ဖက်ခြောက် တင်သွင်းမှု အားလုံး၏ (၃၉) ရာခိုင်နှုန်းခန့်ကို တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ လက်ဖက်ခြောက် အဓိကတင်သွင်း သည့် အခြားဥရောပနိုင်ငံများမှာ ဂျာမနီ၊ ပိုလန်၊ နယ်သာလန်၊ ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့ ဖြစ်ကြပါသည်။ ဂျာမနီနိုင်ငံသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် လက်ဖက်ခြောက် တန်ချိန် (၅) သောင်းကျော် တင်သွင်းမှုရှိပြီး၊ ပိုလန်နိုင်ငံသည် နှစ်စဉ်တင်သွင်းမှုတန်ချိန် (၃) သောင်း မှ (၄) သောင်းဝန်းကျင်၊ နယ်သာလန်နိုင်ငံသည် နှစ်စဉ်တန်ချိန် (၂) သောင်းကျော် စသည်ဖြင့် အသီးသီးတင်သွင်းမှုရှိခဲ့သည်ကို တွေ့ရပါသည်။ အီးယူသို့ လက်ဖက်ခြောက်အဓိကတင်ပို့သည့် နိုင်ငံများမှာ ကင်ညာ၊ အိန္ဒိယ၊ တရုတ်နှင့် သီရိလင်္ကာနိုင်ငံများဖြစ်ပါသည်။
အီးယူသို့ လက်ဖက်ခြောက်တင်သွင်းရာတွင် လိုက်နာရန်လိုအပ်ချက်များ
အီးယူသို့ လက်ဖက်ခြောက်တင်သွင်းမှုအတွက် အဓိကလိုက်နာရမည့် အချက်များမှာ စားသောက်ကုန်ဘေးကင်းလုံခြုံမှု(food safety)၊ နောက်ကြောင်းပြန်ခြေရာခံနိုင်မှု (traceability)၊ သန့်ရှင်းမှု (hygene) နှင့် ထိန်းချုပ်မှု (control) တို့ဖြစ်ပါသည်။ အများဆုံးတွေ့ရသည့် အချက်မှာ ဓါတ်ကြွင်းပါဝင်မှုကန့်သတ်ချက် (Maximum Residue Levels-MRLs) နှင့်ကိုက်ညီရန် လိုအပ်မှု ဖြစ်ပါသည်။ လက်ဖက်ခြောက်အပါအဝင် စားသောက်ကုန်များအတွက် anthraquinone MRLs သတ်မှတ်ချက် (0.02mg/kg) နှင့်ပတ်သက်၍ သတိပြုရန်လိုအပ်ကြောင်း သိရပါသည်။ လက်ဖက် ခြောက်အတွက် MRLs သတ်မှတ်ချက်ကို https://ec.europa.eu/ food/plant/pesticides/eu-pesticides-database/public/?event=product.resultat&language=EN&selectedID=243 တွင် အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပြီး လက်ဖက်အစိုကို အခြောက်ခံခြင်း၊ ထုပ်ပိုးခြင်း စသည့် လုပ်ငန်းစဉ်တို့မှ တစ်ဆင့်လည်း Contamination ဖြစ်ပေါ်နိုင်သဖြင့် သတိပြုရန် လိုအပ်မည် ဖြစ်ပါသည်။
အရည်အသွေးစံချိန်စံညွှန်းဆိုင်ရာလိုအပ်ချက်များ
ကြိုတင်ထုပ်ပိုးထားသည့် လက်ဖက်ခြောက်ကဲ့သို့သော စားသောက်ကုန်များအတွက် ဥရောပသမဂ္ဂမှ တံဆိပ်ကပ်ခြင်း(labelling) ဆိုင်ရာ တင်းကျပ်သည့်သတ်မှတ်ချက်များကို ချမှတ် ထားပါသည်။ ယင်းသို့တံဆိပ်ကပ်ဖော်ပြရာတွင် ပါဝင်ပစ္စည်းစာရင်း၊ အသားတင်အလေးချိန် ပမာဏ၊ ဓါတ်မတည့်မှုဖြစ်နိုင်ချေစသည့် စားသုံးသူအတွက် သတင်းအချက်အလက်များကို ဖော်ပြရန် လိုအပ် ပါသည်။ ထို့အပြင် စားသောက်ကုန်လုပ်ငန်းများတွင် လက်ဖက်ခြောက်ကဲ့သို့သော ထုတ်ကုန်များ၊ အထူးသဖြင့် အော်ဂဲနစ်ထုတ်ကုန်များအတွက် Corporate social responsibility (CSR) နှင့် Sustainability ဆိုင်ရာ အသိအမှတ်ပြုထောက်ခံချက်များ တွင်ကျယ်လာသဖြင့် အီးယူသို့ လက်ဖက်ခြောက်တင်ပို့ရာတွင် ဥပမာအားဖြင့် Rainforest Alliance နှင့် Fairtrade စသည့် Sustainability Standards များသည်လည်း အရေးကြီးမည် ဖြစ်ပါကြောင်း သိရှိရပါသည်။
နိဂုံး
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအထိ စာရင်းများအရ အီးယူသည် လူဦးရေ သန်း (၅၀၀) ကျော်ရှိ သည့် ကြီးမားသောဈေးကွက်ဖြစ်ခြင်း၊ အီးယူ၏ စားသုံးသူများသည် လတ်ဆတ်သစ်သီးဝလံများ ကဲ့သို့သော healthy foods များကို ပိုမိုရွေးချယ် စားသုံးလာကြခြင်း၊ သစ်သီးဝလံများကို ပြည်ပမှ တင်သွင်းရန်လိုအပ်ချက်ရှိနေခြင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ ဈေးကွက်များမှတင်သွင်းမှု တိုးတက်လာခြင်း စသည့်အချက်များကြောင့် မြန်မာနိုင်ငံကဲ့သို့သော သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများ အနေဖြင့် ဈေးကွက်ရှာဖွေတင်ပို့နိုင်မည့် အလားအလာများ ရှိနေပါသည်။ သစ်သီးဝလံတင်ပို့မှု အတွက် နယ်သာလန်နိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် ဘယ်လ်ဂျီယံနိုင်ငံတို့သည် အဓိကဈေးကွက်များ ဖြစ်လာ နိုင်ပြီး၊ Green Tea တင်ပို့မှုအတွက် ဗြိတိန်နှင့်ဂျာမနီနိုင်ငံတို့သည် အရေးပါသည့် ဈေးကွက်များ ဖြစ်ပါသည်။ အီးယူ၏ ပိုးသတ်ဆေးဓါတ်ကြွင်းပါဝင်မှု ဆိုင်ရာ သတ်မှတ်ချက်များ၊ အပင်ကျန်းမာရေး ဆိုင်ရာလိုအပ်ချက်များ၊ အရည်အသွေးစံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက မြန်မာနိုင်ငံရှိ သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်သူများ၏ အကျိုးစီးပွားကို ဖန်တီးပေးနိုင်ပြီး၊ မြန်မာ့ ပို့ကုန်ကဏ္ဍတိုးတက်ရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း သုံးသပ်သိရှိရပါသည်။
မူရင်း - ဦးကျော်စိန်ဝင်း၊ စီးပွာရေးသံမှူး၊ ဘရပ်ဆဲလ်မြို့
မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China - GACC) နှင့်ချိတ်ဆက်ညှိနှိုင်းမှုများကြောင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၀ ရက်တွင် တရုတ်နိုင်ငံသို့ မြန်မာ့နိုင်ငံမှ ဆန်နှင့်ဆန်ကွဲများတင်ပို့မည့် ကုမ္ပဏီ ၄၃ ခုအား တရုတ်နိုင်ငံဘက်မှ အရည်အသွေးကြီးကြပ်စစ်ဆေးရေးဆိုင်ရာအချက်များ လက်ခံအသိအမှတ်ပြုကြောင်း GACC မှ ၎င်း၏ website ဖြစ်သည့် jckspi.customs.gov.cn တွင် ထုတ်ပြန်ကြေညာခဲ့သည်။ တင်ပို့ခွင့်ရရှိသည့်ကုမ္ပဏီများမှာ -
1. |
Adipati Agricultural Produce Trading Ltd |
2. |
Aung Naing Thitsar Company Limited |
3. |
Ayeyar Hinthar Trading Company Limited |
4. |
Ayeyar Prince Trading Company Limited |
5. |
Bhome Yaung Chi Company Limited |
6. |
Eternal Victory General Trading Company Limited |
7. |
Excel International Trading Company Limited |
8. |
First Rice & Paddy Trading Company Limited |
9. |
Gold Delta Company Limited |
10. |
Golden Bayint Naung Rice & Paddy Company Limited |
11. |
Golden Circle Company Limited |
12. |
Golden Composure Company Limited |
13. |
Golden Lace Posco International Company Limited |
14. |
Good Brothers' Company Limited |
15. |
Htein Lin Ayeyar Trading Company Limited |
16. |
Htoo San Linn Let Trading Company Limited |
17. |
Htoonk Main Hilang Company Limited |
18. |
International Green Land Trading Company Limited |
19. |
Ko Pya Gyi Trading Company Limited |
20. |
Laser World Family Trading Company Limited |
21. |
Mandalay Rice Development Company Limited |
22. |
Mandalay Rice Millers' Development Company Limited |
23. |
Myanmar Agribusiness Public Company Limited |
24. |
MAPCO Golden Lace Company Limited |
25. |
MAYLP Agriculture Company Limited |
26. |
Min Hla Agricultural Products Trading Special Rice Paddy Company Limited |
27. |
Myanmar Rice Mill Company Limited |
28. |
Myanmar Rice Trading Company Limited |
29. |
Myanmar Shwe Ayeyar Agriculture Development Company Limited |
30. |
Nang Sein A Kar Re Family Company Limited |
31. |
New Generation Stars Company Limited |
32. |
Nine Seas Trading Company Limited |
33. |
Phone Pyae Zaw Trading Company Limited |
34. |
Shan State (Northern)Rice And Paddy Development Public Company Limited |
35. |
Shwe Ma Naw Myay Trading Company Limited |
36. |
Shwe Sin Nan Taw Trading Company Limited |
37. |
Shwe Wah Yaung Agriculture Production Company Limited |
38. |
Swan Htet Myat Company Limited |
39. |
Thamadi Family Trading Company Limited |
40. |
Thi Ha Soe San Production Company Limited |
41. |
Top Partner Company Limited |
42. |
Unity Mandalay Rice Trading Company Limited |
43. |
Wahkhema Trading Company Limited |
တို့ဖြစ်သည်။
မြန်မာနိုင်ငံမှထွက်ရှိသော ဆန်များကိုတရုတ်နိုင်ငံသို့တရားဝင်တင်ပို့ရောင်းချနိုင်ရန်အတွက် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်တွင် မြန်မာနိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံကုန်ပစ္စည်းအရည်အသွေးကြီးကြပ်စစ်ဆေးရေး နှင့်ပိုးမွှားကင်းစင်ရေးအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (AQSIQ)တို့အကြား စစ်ဆေးခြင်းနှင့်ပိုးမွှားကင်းစင်ရေးသဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါကာလ၌ တရုတ်နိုင်ငံဘက်မှ အရည်အသွေးကြီးကြပ် စစ်ဆေးရေးဆိုင်ရာအချက်များ လက်ခံအသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံဘက်မှ ဆန်တင်ပို့ခွင့်ရရှိသော ကုမ္ပဏီအရေအတွက်မှာ ၁၁ ခု သာရှိခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနှင့်နိုင်ငံတော်ကောင်စီ၏နိုင်ငံပိုင်အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲမှုအစီအစဉ်အရ ၂၀၁၈ ခုနှစ် ၊ မေ ၁၈ ရက်တွင် အရည်အသွေးစမ်းသပ်စစ်ဆေးရေးနှင့်ရောဂါပိုးမွှားထိန်းချုပ်စစ်ဆေးရေး အထွေထွေအုပ်ချုပ် ရေးအဖွဲ့ (General Administration of Quality Supervision, Inspection and Quarantine of the People’s Republic of China)ကို အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China - GACC)ဟု ပြင်ဆင်ဖွဲ့စည်းကာ မူရင်းအကောက်ခွန်ကိစ္စရပ်များအပြင် AQSIQ မှ တာဝန်ယူဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များကိုပါ ဆောင်ရွက်လာခဲ့သည်။ နယ်စပ်ဒေသများ၌ ကုန်သွယ်မှုဆောင်ရွက်ရာတွင် တရားမဝင်ဆောင်ရွက်နေမှုများရှိနေခြင်းအပေါ် တင်းကြပ်သည့်မူဝါဒ၊စည်းမျဉ်းစည်းကမ်းများဖြင့် ချုပ်ကိုင်ဆောင်ရွက်လာခဲ့ခြင်းကြောင့် ယခင်က မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လွယ်ကူစွာတင်ပို့ခဲ့သည့် မြန်မာ့ပို့ကုန်အများစုသည် SPS ဆိုင်ရာ အခက်အခဲများ ပိုမိုတွေ့ကြုံလာခဲ့ရသည်။
တရုတ်နိုင်ငံကုန်ပစ္စည်းအရည်အသွေးကြီးကြပ်စစ်ဆေးရေးနှင့်ပိုးမွှားကင်းစင်ရေးအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(AQSIQ)နှင့် လက်မှတ်ရေးထိုးခဲ့သည့် စစ်ဆေးခြင်းနှင့်ပိုးမွှားကင်းစင်ရေးသဘောတူစာချုပ်မှာ ဆန်တင်ပို့နိုင်ရန်အတွက်သာ ဖြစ်နေခဲ့ ခြင်းကြောင့် ဆန်အပြင် ဆန်ကွဲအား ထပ်မံဖြည့်စွက်၍ စစ်ဆေးခြင်းနှင့်ပိုးမွှားကင်းစင်ရေးသဘောတူစာချုပ်ချုပ်ဆိုနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေအထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) နှင့်ချိတ်ဆက် ညှိနှိုင်းခဲ့ကြသည်။ ထိုသို့ညှိနှိုင်းဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက် အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏သမ္မတမစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည့်ခရီးစဉ်အတွင်း မြန်မာ နိုင်ငံမှ ဆန်နှင့်ဆန်ကွဲများ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ခွင့်ရရှိရန် စစ်ဆေးခြင်းနှင့်ပိုးမွှားကင်းစင်ရေးသဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေအထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ ဝန်ကြီးတို့က လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည်။
အဆိုပါသဘောတူစာချုပ်အရ မြန်မာနိုင်ငံဘက်မှ ဆန်တင်ပို့မည့် ကုမ္ပဏီ ၄၃ ခုနှင့် ဆန်စက် ၇၉ လုံးတို့ကို တရုတ်နိုင်ငံဘက်မှ အရည်အသွေးစစ်ဆေးရေးဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရေးနှင့် တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေအထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)တွင် မှတ်ပုံတင်နိုင်ရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာမြန်မာ သံရုံးနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
တရုတ်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရန်အတွက် မှတ်ပုံတင်လျှောက်ထားသည့်ကုမ္ပဏီများ၏အချက်အလက်များအား SPS Protocol နှင့်အညီ စနစ်တကျစစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံသို့ ဆန်တင်ပို့မည့် မြန်မာကုမ္ပဏီ ၄၃ ခုနှင့် ဆန်စက် ၇၉ လုံးတို့အား စစ်ဆေးထားသည့် Inspection Report ကို သံတမန်လမ်းကြောင်းမှတစ်ဆင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်နေ့တွင် တရုတ်နိုင်ငံ GACC သို့ပေးပို့နိုင်ခဲ့သည်။ ထိုကဲ့သို့သက်ဆိုင်ရာဌာနများပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၀ ရက်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မည့်ကုမ္ပဏီ ၄၃ ခုအား မှတ်ပုံတင်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ ယခင်က တရုတ်နိုင်ငံဘက်မှ ခွင့်ပြုခဲ့သည့် ကုမ္ပဏီ ၁၁ ခုသာ ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်အတွင်း ကုမ္ပဏီ ၄၃ ခု အထိ တရုတ်နိုင်ငံဘက်သို့ ဆန်နှင့် ဆန်ကွဲများ တရားဝင် တိုးတက်တင်ပို့နိုင်တော့မည်ဖြစ်သည်။
လက်ရှိတွင် တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံဘက်မှ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်စာရင်းများအရ ဆန်တန်ချိန်မှာ ၁၈ ဒသမ ၃၆၆ သိန်းနှင့် ဆန်ကွဲတန်ချိန် ၅ ဒသမ ၁၉၃ သိန်းနီးပါး တင်ပို့နိုင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဇူလိုင်လ ၇ ရက်အထိ) စာရင်းအရ ဆန်တန်ချိန်မှာ ၁၃ ဒသမ ၇၅၈ သိန်းနှင့် ဆန်ကွဲတန်ချိန် ၇ ဒသမ ၉၀၈ သိန်းကျော် တင်ပို့နိုင်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် လေးသောင်းကျော် လျော့နည်းတင်ပို့ခဲ့ပြီး ဆန်ကွဲတန်ချိန် လေးသိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆန်၊ ဆန်ကွဲအပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံများ၊ ရေထွက်ကုန်ပစ္စည်းများအား တရုတ်နိုင်ငံသို့ အခက်အခဲမရှိ ပိုမိုတိုးတက်တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) နှင့် အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)တို့ထံ သံတမန်လမ်းကြောင်းမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။
နှစ်နိုင်ငံ