နောက်ဆုံးရ သတင်း

နေပြည်တော်၊ ဇွန် ၂၁          ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရုံး အမှတ်(၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညီလာခံ ခန်းမ၌ ကျင်းပပြုလုပ်သည့် စားသုံးသူများထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးနှင့် ကုန်ထုတ် စွမ်းအား အရည်အသွေးမြင့်မားရေး ရည်ရွယ်၍ စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၁/၂၀၂၁) သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း တက်ရောက်အမှာ စကားပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်း မှာ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆက်စပ်သည့်ဘာသာရပ်များကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရန် အပြင် အခြားဝန်ကြီးဌာန (၆) ခု၏ လုပ်ငန်းသဘောတရားများ၊ စားသုံးသူရေးရာဦးစီးဌာနက ဥပဒေ အရခန့်အပ်ထားသည့် စစ်ဆေးရေးအရာရှိများသည် ဈေးကွက်စောင့်ကြည့်စစ်ဆေးသောအခါ လုံခြုံ စိတ်ချရမှုမရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို မည်ကဲ့သို့စီမံခန့်ခွဲရမည်ဆိုသည့် အကြောင်း အရာများ၊ အန္တရာယ်မကင်းသော ကုန်စည်များကို မှန်ကန်စွာဆုံးဖြတ်နိုင်ရန်နှင့် အန္တရာယ်ရှိသော ကုန်စည်များကို သတိပေးခြင်း၊ သိမ်းဆည်းခြင်းနှင့် တားမြစ်ခြင်းလုပ်ငန်းစဉ်များ စနစ်တကျ ဆောင်ရွက်နိုင်ရန်တို့အတွက်  ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊  ထို့ကြောင့်  ဆွေးနွေးပွဲသို့ တက်ရောက်လာကြ  သည့်စစ်ဆေးရေးမှူးများအနေဖြင့် လက်တွေ့နယ်ပယ်တွင် တွေ့လာရသည့် အတွေ့အကြုံများနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၏ ဆွေးနွေးချက်များပေါင်းစပ်ပြီး နောက်ဆုံးတွင် စံလုပ်ထုံးလုပ် နည်းတစ်ခုရလာသည်အထိ ဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးညွန့်အောင်နှင့် အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းတို့မှ ထပ်မံဖြည့်စွက်ပြောကြားခဲ့ သည်။

          အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပြအရာရှိများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေးမှူး(၄၉)ဦးတို့ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဇွန် ၂၁       ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၁)သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာ စကားပြောကြားခဲ့သည်။

              ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီရုံးမှ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီနှင့်အတူ လုပ်ငန်းကော်မတီ (၄) ရပ်ကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် ပြည်သူကိုရှေ့ရှုပြီး ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထား ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီသည် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင် စီနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ဝန်ကြီးဌာနအလိုက် အမြန်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းနှင့် ပြည်သူများသိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာချပြပေးရန်နှင့် အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်ပေးရန်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်သည့် မုန်တိုင်းနှင့်ရေကြီးမှုများ၊ မြေပြိုမှုများ ကျရောက်လွယ်သော ပြည်နယ်ဖြစ်သည့်အတွက် ယခုကဲ့သို့ ဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်ရာတွင် သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသော အ‌ခြေခံအဆောက်အဦ များတည်ဆောက်ရန်လိုအပ်သလို ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အဦများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍများလည်း ထိထိရောက် ရောက် ဆောင်ရွက်ပေးကြရန်၊ ဒေသခံပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးမြင့်မားရေး အတွက် လည်း အ‌ခြေခံမှစ၍ ရည်မှန်းချက်ထား ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့် ဝင်ငွေတိုးပွားလာစေရေးအတွက် အရည်အသွေးမြင့်မားပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေဖြစ်စေမည့်  ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ကုန်ထုတ်လုပ်ရေးနှင့် တင်ပို့ရေး ကိုဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက နည်းလမ်းများဖော်ထုတ်ပြီး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဒေသတွင်းလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ ဒုတိယဝန် ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက်ရောက်လာကြသူများမှ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက် များအပါ် ပြည်ထောင်စုဝန်ကြီးမှ ညှိနှိုင်းဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံရောင်းဝယ်မှု  ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ(မူကြမ်း)အား  G to G လက်မှတ်ရေးထိုးနိုင်ရန် ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်ဖက်အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသည်။

ယခုအခါ မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့၏ ပဲထုတ်လုပ်မှုပမာဏနှင့်စားသုံးမှုလိုအပ်ချက်များအပေါ် မူတည်၍ နှစ်နိုင်ငံအကြား မတ်ပဲနှင့်ပဲစင်းငုံကုန်သွယ်မှုကို အားပေးရန် ရည်ရွယ်၍ မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံအကြား G to G အစီအစဉ်ဖြင့် မတ်ပဲနှင့်ပဲစင်းငုံရောင်းဝယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။

ယင်းနားလည်မှုစာချွန်လွှာအရ   အိန္ဒိယအစိုးရသည်  မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် (၂.၅) သိန်းနှင့် ပဲစင်းငုံတန်ချိန် (၁) သိန်းတို့ကို နှစ်စဉ်ပုဂ္ဂလိကကုန်သွယ်မှုမှတစ်ဆင့် နောင်လာမည့် (၅) နှစ်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ   ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီလမှမတ်လ)အတွင်း တင်သွင်းသွားမည်ဖြစ်ပါသည်။ ယခု G to G MoU သည် အိန္ဒိယနိုင်ငံအစိုးရမှ နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံတကာပဲ Quota အား ထိခိုက်မှုမရှိစေပဲ မြန်မာ့ပဲတင်ပို့သူများအနေဖြင့် နိုင်ငံတကာ Quota တွင်လည်း ပါဝင်အကျိုးခံစားခွင့်ရှိမည် ဖြစ်ပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအားဖြင့် မြန်မာနိုင်ငံမှ ပဲတင်ပို့ရောင်းချသူများသာမက ပဲစိုက်တောင်သူများအတွက်ပါ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ခြင်း၊ မြန်မာ့ပဲများအတွက်ဈေးကွက်တည်ငြိမ်မှုရှိစေခြင်းနှင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ခြင်:းစသည့်အကျိုးကျေးဇူးများရရှိလာနိုင်မည်ဖြစ်ပါကြောင်းရေးသားဖော်ပြလိုက်ရပါသည်။

 

နေပြည်တော် ဇွန် ၁၁ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်လျှောက်ထားခြင်းဆိုင်ရာကိစ္စများကို ကိုယ်စားဆောင်ရွက်ရမည့် ကိုယ်စားလှယ်များသတ်မှတ်ခြင်း နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည့် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် မူပိုင်ခွင့်ဦးစီးဌာနကို အလေးထားပါကြောင်း၊ ဦးစီးဌာနအသစ်တစ်ခုအနေဖြင့် ရုံးအဆောက်အဦတွင်ရှိသင့်ရှိထိုက်သည့်အင်္ဂါရပ်များနှင့် ပြည့်စုံစေရေး၊ လူ့စွမ်းအားအရင်းအမြစ်ရရှိရေးနှင့် ပြုစုပျိုးထောင်ရေးတို့ကို ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားပြီဖြစ်ပါကြောင်း၊ ဗဟိုကော်မတီသို့ မူပိုင်ခွင့်ဆိုင်ရာဆောင်ရွက်မှုများကို တင်ပြနိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့် ဥပဒေ(၄)ရပ်ကို အကောင်အထည်ဖော်ရာတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ဦးစွာဆောင်ရွက်ပြီး လျာထားသည့်အစီအစဉ်အလိုက် ဥပဒေတစ်ရပ်ချင်းစီကို အာဏာသက်ရောက်စေပြီး အကောင်အထည်ဖော်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ရှင်းလင်းတင်ပြခဲ့ရာ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းကို ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်ခြင်း (Soft Opening)ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပထမအဆင့်အနေဖြင့် အမှတ်တံဆိပ်ပိုင်ရှင်များသည် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသောလုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင်အဖွဲ့များမှတစ်ဆင့် သတ်မှတ်ထားသည့် အီလက်ထရောနစ်နည်းဖြင့် လျှောက်ထားနိုင်ပါကြောင်း၊ အီလက်ထရောနစ်ဖြင့် User Account ယူခဲ့သော ကိုယ်စားလှယ်အရေအတွက်မှာ (၆၀၂) ဦး ရှိသော်လည်း မှတ်ပုံတင်လျှောက်ထားမှုများကို ဆောင်ရွက်နေသော ကိုယ်စားလှယ် (၄၁၁) ဦးသာရှိပါကြောင်း၊ Account များမှတစ်ဆင့် တင်သွင်းလာသော လျှောက်လွှာအရေအတွက်မှာ (၃၀၀၀၀) ကျော်ရှိပြီး Pending Status ဖြစ်နေသည့် လျှောက်ထားချက်များလည်း ရှိပါကြောင်း၊ အမှတ်တံဆိပ်ပိုင်ရှင်များကိုယ်တိုင် (သို့မဟုတ်) ၎င်း၏ ကိုယ်စားလှယ်က မူပိုင်ခွင့်ဦးစီးဌာနသို့ လာရောက်လျှောက်ထားနိုင်ရေးကို ဒုတိယအဆင့်တွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့မဆောင်ရွက်မီ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ “ကိုယ်စားလှယ်” သတ်မှတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး အခမ်းအနား ကိုရုပ်သိမ်းခဲ့သည်။

          အဆိုပါအခမ်းအနားသို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၂၁) ပါ သွင်းကုန်လိုင်စင်တစ်စောင်လျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ကာလတိုးမြှင့်သတ်မှတ်ကောက်ခံခဲ့မှုမှာ ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အဆိုပါသွင်းကုန်လိုင်စင်ကြေးအား ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှစ၍ ယခင်အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၁၉) ပါ သတ်မှတ်နှုန်းထားများအတိုင်း ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း