Department of Trade

အာဆီယံ-တရုတ်လွတ် လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်(၃.၀) အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ထောက်ပံ့မှုကွင်း ဆက်စဉ်ဆက် မပြတ်စေရေးလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးသို့ ပါဝင် တက်ရောက်ခဲ့ခြင်း

Fri, 05/24/2024 - 08:00 -- regionaldep
Myanmar

    အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (၃.၀) အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်စဉ်ဆက်မပြတ်စေရေးလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်မြောက်အစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့ထိ Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံမှ ဘာသာရပ်တာဝန်ခံကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါအစည်းအဝေးသို့ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ် (၄၃) ဦးသည် Video Conferencing စနစ်ဖြင့် ပါဝင်တက်‌ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၂) ဦးသည် Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

    အစည်းအဝေးတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (၃.၀) အဆင့်မြှင့်တင်ရေးတွင် ထောက်ပံ့မှုကွင်းဆက်စဉ်ဆက်မပြတ်စေရေးအခန်းတွင် ပါဝင်ထည့်သွင်းမည့် နယ်ပယ်များနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံဘက်မှ အဆိုပြုခဲ့သည့် စာသား (မူကြမ်း) များအပေါ် အာဆီယံနိုင်ငံများမှ ပြန်လည်မေးမြန်းလာသည့်အချက်များ၊ ပြန်လည် အဆိုပြုသည့် စာသား (မူကြမ်း) များအား အဓိကထားဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

 

Latest News: 

ကုန်သွယ်ရေးဦးစီးဌာန ကွန်ပျူတာ အခြေခံအသုံးပြုမှု သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သတင်း (အပြည့်အစုံ)

Mon, 05/20/2024 - 05:45 -- DotTrading
Myanmar

ကုန်သွယ်ရေးဦးစီးဌာန

ကွန်ပျူတာ အခြေခံအသုံးပြုမှု သင်တန်းအမှတ်စဉ် (၁/၂၀၂၄)

သတင်း (အပြည့်အစုံ)

၁။    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန “ရုံးသုံးကွန်ပျူတာ အသုံးပြုမှုနှင့် Hardware အခြေခံသင်တန်း” ကို ၂၀၂၄ ခုနှစ်၊ မေလ (၁၃) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂။      လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွင် ရေးဆွဲထားရှိသည့် သင်တန်းများ အနက် မေလအတွင်း ဖွင့်လှစ်မည့် “ရုံးသုံးကွန်ပျူတာအသုံးပြုမှုနှင့် Hardware အခြေခံသင်တန်း” ကို ကုန်သွယ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ကွန်ပျူတာအသုံးပြုမှု အရည်အချင်းတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။      အဆိုပါ သင်တန်းကို ၂၀၂၄ ခုနှစ်၊ မေလ (၁၃) ရက်မှ မေလ (၂၄) ရက်ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ သင်တန်းသား (၁၅) ဦးဖြင့်လည်းကောင်း၊ နေ့လယ် (၁၃:၃၀) နာရီမှ (၁၅:၃၀) ထိ  သင်တန်းသား (၁၅) ဦးဖြင့် လည်းကောင်း၊ ဖွင့်လှစ်လျှက်ရှိပါသည်။

၄။      အဆိုပါ သင်တန်းကို စည်းကမ်းချက်များနှင့်အညီ သင်တန်းဖွင့်လှစ်လျက်ရှိပြီး၊ ကုန်သွယ်ရေး ဦးစီးဌာနရှိ အရာထမ်း (၄) ဦး၊ အမှုထမ်း (၁၃) ဦး၊ နေ့စား (၁၃) ဦး ၊ စုစုပေါင်း (၃၀) ဦးတို့တက်ရောက် သင်ကြားလျက်ရှိပါသည်။

 

Latest News: 

တီထွင်မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

Mon, 05/20/2024 - 05:01 -- ipICTdep
Myanmar

နေပြည်တော်၊ မေလ ၁၇

   တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာ စကားပြောကြားသည်။

  အဆိုပါ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲသို့ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ စုစုပေါင်း(၁၂၀)ဦးခန့် တက်ရောက်ကြသည်။

   အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မူပိုင်ခွင့်အမျိုးအစားများထဲမှ တီထွင်မှုမူပိုင်ခွင့်စနစ်အကြောင်းကို သိရှိနိုင်စေရန်နှင့် တီထွင်မှုမူပိုင်ခွင့်စနစ်ကို ထိထိရောက်ရောက်အသုံးချပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်နိုင်ရန် ရည်ရွယ် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တီထွင်မူပိုင်ခွင့်စနစ်သည် တီထွင်ဖန်တီးနိုင်မှုကို အားပေးခြင်းဖြင့် ဆန်းသစ်တီထွင်မှုများတိုးတက်ရုံသာမက မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ပံ့ပေးနိုင်ခြင်း၊ တီထွင်မှုမူပိုင်ခွင့်စနစ်ကို ကျင့်သုံးဆောင်ရွက်နိုင်ပါက တီထွင်မှုများကို အကာအကွယ်ပေးနိုင်ခြင်း၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာနိုင်ခြင်း၊ ပြည်သူများ၏ အကျိုးစီးပွားများ မြင့်မားတိုးတက်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ  ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊

   မြန်မာနိုင်ငံတွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့(World Trade Organization) ၏ မူပိုင်ခွင့်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်(Trade Related Aspects of Intellectual Property Rights–TRIPs)၏ အနိမ့်ဆုံးသတ်မှတ်ချက်များနှင့်အညီ ရေးဆွဲပြဋ္ဌာန်းထားပြီး TRIPs သဘောတူစာချုပ်ပါ ဖြေလျော့မှုများကို နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့်လျော်ညီစွာ အသုံးပြုနိုင်ရေး ထည့်သွင်းပြဋ္ဌာန်းထားပါကြောင်း၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေပါ TRIPS ဖြေလျော့မှုများကို သိရှိနားလည်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် အသုံးပြုမှုများ အထူးသဖြင့် ဆေးဝါး၊ ကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပြည်ပနည်းပညာများ ရယူအသုံးပြုနိုင်ရေး၊ ဆေးဘက်ဆိုင်ရာသုတေသနများကို ထောက်ပံ့ပေးနိုင်ရေး၊ နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်မည့် ဆေးဝါးများရရှိစေရေးနှင့် ပြည်သူ့ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေမည့် အစီအစဉ်များ ချမှတ်နိုင်ရေးတို့အတွက် ဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့သည်။

    ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာပွင့်ဖြိုးဝင်းက မြန်မာနိုင်ငံ တီထွင်မှုမူပိုင်ခွင့်စနစ်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ တီထွင်မှုမူပိုင်ခွင့်စနစ်ကို ထိရောက်စွာအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 

လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူညီချက်ဆိုင်ရာ ဝန်ဆောင်မှု ကုန်သွယ်ရေးလုပ်ငန်းအဖွဲ့၏ သတ္တမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ခြင်း

Fri, 05/10/2024 - 09:42 -- regionaldep
Myanmar

     အာဆီယံ-ကနေဒါ လွတ်လပ်သေ ာကုန်သွယ်မှုဒေသသဘောတူညီချက်ဆိုင်ရာ ဝန်ဆောင်မှုကုန်သွယ်ရေးလုပ်ငန်းအဖွဲ့၏ သတ္တမအကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် ကနေဒါနိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၃) ဦး ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။

  အဆိုပါအစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကနေဒါနိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်မှုဒေသဖော်ဆောင်ရန်အတွက် ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းကော်မတီအောက်ရှိ လူပုဂ္ဂိုလ်များ ယာယီရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အခန်း၊ဝန်ဆောင်မှုကုန်သွယ်ရေး/ နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာအခန်း၊ စီမံဆောင်ရွက်ချက်များ၏ တိုးတက်မှုနှင့် အုပ်ချုပ်မှုဆိုင်ရာ ပြဋ္ဌာန်းချက်နောက်ဆက်တွဲ၊ ကျွမ်းကျင်ပညာရှင်ဆိုင်ရာ ဝန်ဆောင်မှုများ၏ ပြဋ္ဌာန်းချက်နောက်ဆက်တွဲနှင့် လုပ်ငန်းအစီအစဉ်တို့နှင့်စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးခဲ့ကြပြီး နောက်တစ်ကြိမ် ကျင်းပမည့်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားရန် အစည်းအဝေးက သဘောတူခဲ့ပါသည်။

Latest News: 

Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Thu, 05/09/2024 - 07:25 -- DotTrading
Myanmar

Wednesday Talk ဆွေးနွေးပွဲ  သတင်း (အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ မေလ (၈) ရက်၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၄၅) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         Wednesday Talk ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးအောင်မင်းသိုက် က “မြန်မာနိုင်ငံနှင့် ကုန်သွယ်ဖက်နိုင်ငံများအကြား ချုပ်ဆိုထားသော နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များနှင့် လိုက်ပါဆောင်ရွက်မှု အခြေအနေများ” ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြခဲ့ပါ သည်။

၃။       ဆက်လက်၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးဒေါ်နှင်းစန္ဒာ၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရန်ရှင်း နှင့် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ် တို့က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ် က ဆွေးနွေးပြောကြားခဲ့သော ညွှန်ကြားရေးမှူး၊ ဦးအောင်မင်းသိုက် အား ဂုဏ်ပြုလက်ဆောင်ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

၄။       ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပါသည်။

၅။       အဆိုပါ Wednesday Talk ဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် နှင့် ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၈၉) ဦး တို့ တက်ရောက် ခဲ့ပါသည်။     

Latest News: 

“အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် ဆဋ္ဌမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့အဆင့် အကြိုညှိနှိုင်းအစည်းအဝေး

Tue, 05/07/2024 - 05:14 -- competition
Myanmar

         

    အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် ဆဋ္ဌမအကြိမ်ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်း အဖွဲ့အဆင့်အကြို ညှိနှိုင်းအစည်းအဝေး(Caucus of the 6th ACAFTA WGC)ကို ၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။                

      အစည်းအဝေးတွင် ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးတွင် ဆွေးနွေးခဲ့မှုများအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ယှဉ်ပြိုင်မှုအခန်းတွင် ထည့်သွင်းမည့်အချက်အလက်များ၊ ယှဉ်ပြိုင်မှု အခန်းအပြင် စားသုံးသူကာကွယ်ရေးအခန်းကိုပါ ထည့်သွင်းနိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

  အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

Latest News: 

ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Fri, 05/03/2024 - 02:30 -- dotadmin
Undefined

ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဆောင်ရွက်ကြသော နိုင်ငံများတွင် ယှဉ်ပြိုင်မှုဥပဒေသည် အဓိကအရေးပါသော ဥပဒေတစ်ရပ်ဖြစ်ပါသည်။ သို့ပါ၍ ဥပဒေသည် ခေတ်နှင့်လျော်ညီ‌စေရန် ဥပဒေ၏ အားသာချက်၊ အားနည်းချက်များအား အစဉ်တစိုက် လေ့လာသုံးသပ်ရေးနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် “ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေး ဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးအဖွဲ့”ကို ဖွဲ့စည်းခဲ့ပါသည်။

အဆိုပါ “ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေး အဖွဲ့”က ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။ 

အစည်းအဝေးကို အဖွဲ့ခေါင်းဆောင်ဖြစ်သူ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌက ဦးဆောင်၍ကျင်းပပြုလုပ်ခဲ့ပြီး ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေး ဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများက လူကိုယ်တိုင်နှင့် Virtual စနစ်တို့ဖြင့် Hybrid ပုံစံဖြင့် တက်ရောက်ခဲ့ကြပါသည်။

Latest News: 

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (၃.၀) အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်စဉ်ဆက်မပြတ်စေရေးလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်မြောက် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ခြင်း

Thu, 04/25/2024 - 08:50 -- regionaldep
Myanmar

    အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (၃.၀) အဆင့်မြှင့်တင်ခြင်းဆိုင်ရာထောက်ပံ့မှုကွင်းဆက် စဉ်ဆက်မပြတ်စေရေးလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်မြောက်အစည်းအဝေးအား၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ထိ Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံမှ ဘာသာရပ်တာဝန်ခံ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

    အဆိုပါအစည်းအဝေးသို့ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များသည် လူကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံများမှ  ကိုယ်စားလှယ် (၂၀) ဦးသည် Video Conferencing စနစ်ဖြင့် ပါဝင်တက်‌ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၂) ဦးသည် Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

    အစည်းအဝေးတွင် ထောက်ပံ့မှုကွင်းဆက် စဉ်ဆက်မပြတ်စေရေးကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးများတွင် အာဆီယံဘက်မှသဘာပတိ (Chair Person) အဖြစ်ဆောင်ရွက်ရန်အတွက် ဆွေးနွေးညှိနှိုင်းခဲ့ရာ အာဆီယံနိုင်ငံများအနေဖြင့် လက်ရှိကာလအထိ သဘာပတိတာဝန်ထမ်းဆောင်ရန် အဆင်ပြေမှုမရှိသည့်အတွက် အာဆီယံအတွင်းမှူးချုပ်ရုံးက သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (၃.၀) အဆင့်မြှင့်တင်ရေးတွင် ထောက်ပံ့မှုကွင်းဆက်စဉ်ဆက်မပြတ်စေရေးအခန်းတွင် ပါဝင်ထည့်သွင်းမည့်နယ်ပယ်များနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံဘက်မှ အဆိုပြုခဲ့သည့်စာသား (မူကြမ်း) များအပေါ် အာဆီယံနိုင်ငံများမှ ပြန်လည်မေးမြန်းလာသည့်အချက်များ၊ ပြန်လည်အဆိုပြုသည့် စာသား (မူကြမ်း)များအား အဓိကထား ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

Latest News: 

၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၄၄) ကြိမ်မြောက် အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းမှုကော်မတီအစည်းအဝေး (44th Meeting of the Coordinating Committee on the implementation of the ATIGA (44th CCA Mee

Fri, 04/05/2024 - 09:36 -- regionaldep
Myanmar

     (၄၄) ကြိမ်မြောက် အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်အကောင်အထည် ဖော်ရေးဆိုင်ရာညှိနှိုင်းမှုကော်မတီအစည်းအဝေး (44th Meeting of the Coordinating Committee on the implementation of the ATIG (44th CCA Meeting)) ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်‌နေ့တွင် စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်း အဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘာသာရပ်တာဝန်ခံကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

   အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် (၃၂) ဦးသည် Video Conferencing စနစ်ဖြင့် ပါဝင် တက်‌ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၁) ဦးသည် အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ် များနှင့်အတူ Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေး ညှိနှိုင်းခဲ့ပါသည်။

    အစည်းအဝေးတွင် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများ၏ လမ်းညွှန် ချက်များအရ ၂၀၂၄ ခုနှစ်အတွက် CCA ၏ လုပ်ငန်းများနှင့် ဦးစားပေးလုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်း၊ အာဆီယံကုန်စည်ကုန်သွယ်ရေးသ‌ဘောတူစာချုပ်ပါ အချက်အလက်များအနက် အကောက်ခွန်လျှော့ချမှု အစီအစဉ်ဇယား (Tariff Reduction Schedule– TRS) အား AHTN 2017 မှ 2022 သို့ ကူးပြောင်းချိတ်ဆက်ခြင်း၊ ပင်ရင်းနိုင်ငံစည်းမျဉ်း (rules of origin) ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုဆိုင်ရာစာရင်းအင်းများ (Trade Statistics) ဆိုင်ရာကိစ္စရပ်များစသည့်အချက်များကို အဓိကထား၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

  အဆိုပါအစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုလွယ်ကူချောမွေ့ စေရေးဆိုင်ရာကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခြင်း၊ အကောက်ခွန်လျှော့ချမှု အစီအစဉ်ဇယားနှင့်ပတ်သက်၍ နှုန်းထားများ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ အကောက်ခွန်သက်သာခွင့်ကိစ္စရပ်များအား ပွင့်လင်းမြင်သာရှိခြင်းနှင့် ကုန်သွယ်မှုအချက်အလက်များအား ပွင့်လင်းမြင်သာမှုရှိစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိပါသည်။

Latest News: 

INTRODUCTION COURSE ON WTO (PRINCIPLES AND GENERAL RULES) သင်တန်း၊ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့်ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲသတင်း (အပြည့်အစုံ)

Thu, 03/28/2024 - 07:37 -- DotTrading
Myanmar

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မိတ်ဆက်သင်တန်း Introduction Course on WTO(Principles and General Rules)၊ အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၄)နှင့် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲများကို နေပြည်တော်၊ ရုံးအမှတ်-၃ ၌ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ရက်၊  အင်္ဂါနေ့၊ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတက်ရောက်အမှာစကားပြောကြားခဲ့သည်။

   ပြည်ထောင်စုဝန်ကြီးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေး၏ သမိုင်းကြောင်းများ၊ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများ၊ သဘောတူညီချက်များကို သိရှိနားလည်ပြီး လုပ်ငန်းခွင်အတွင်း အသုံးပြုနိုင်ရေးအတွက် သင်တန်းများပို့ချပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အလားတူ အင်္ဂလိပ်ဘာသာစကား အရေး၊ အဖတ်၊ အပြော၊ နားထောင်မှုစွမ်းရည်များတိုးတက်ရန် အင်္ဂလိပ်စာသင်တန်းကိုပါ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ပို့ကုန်သွင်းကုန်မူဝါဒများ သိရှိနားလည်မှ လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချသော နည်းစနစ်များ၊ သင်ခန်းစာများကို အမှီပြု၍ ဆက်လက်လေ့လာရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် လေ့လာနိုင်ဖို့လိုကြောင်း၊ သင်ယူလေ့လာခြင်းမှ ပိုမိုတတ်သိသော မျိုးဆက်သစ်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြ ရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။  

   ဆက်လက်၍ သင်တန်းသားထူးချွန်ဆုများချီးမြှင့်ရာ Introduction Course on WTO (Principles and General Rules) သင်တန်းမှ ဆုရသင်တန်းသားများကို ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) မှ ဆုရ သင်တန်းသားများကို ဒုတိယဝန်ကြီးက လည်းကောင်း၊ ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ ဆုရသင်တန်းသားများကို ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ သင်တန်းဆင်းအောင်လက်မှတ်များနှင့် နည်းပြဂုဏ်ပြုမှတ်တမ်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း ချီးမြှင့်ခဲ့သည်။

   အဆိုပါသင်တန်းဆင်းပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူ ၁၁၅ ဦးတို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး သည် ဆုရသင်တန်းသား/သူများနှင့်အတူ လန်းဆန်းစာများကို သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 

Pages

Subscribe to RSS - Department of Trade