နောက်ဆုံးရ သတင်း

နေပြည်တော် ဇွန်လ ၂၅

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန် ပေးလျက်ရှိပါသည်။

  ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ မှ ဇူလိုင်လ ၂ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၀၁၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

  ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

  အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

နေပြည်တော်၊ ဇွန် ၂၃ 

   မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ပုံမှန်အစည်းအဝေး (၂/၂၀၂၃) ကို ယနေ့ နံနက်ပိုင်းက စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

   အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ယှဉ်ပြိုင်မှုဆိုင်ရာတိုင်ကြားလာသည့် အမှုကိစ္စများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက် မှုများ၊ ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ရေးကိစ္စများ၊ ယှဉ်ပြိုင်မှုဥပဒေကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ယှဉ်ပြိုင်မှုဥပဒေကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေးဆောင်ရွက်မည့်အစီအစဉ်များ၊ ပြည်တွင်းလုပ်ငန်းစဉ်များအပြင် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်များအပေါ် အသေးစိတ်ညှိနှိုင်းဆွေးနွေးကြသည်။

   အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

  အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Brilliance Auto Co., Ltd. မှ တင်သွင်းလာ‌သော လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger, 60 KW) (၁၀) ခုသည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့်      (၂၁-၆-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံးယာဉ်အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ (၁) ခု၊ ယာဉ်စီးရေ (၁) စီးဖြင့် နှာခေါင်းစည်း Mask (၂.၁၂၈) တန် တင်သွင်းခဲ့ကြောင်း သိရပါသည်။

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့်အသိပေးကြေညာချက် များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါသည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်စပါး ကြိတ်ခွဲထုတ်လုပ်ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (CTQM)၊  သင်တန်းခန်းမ၌ ကျင်းပခဲ့ပါခဲ့သည်။

   အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင် များအသင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။

   ဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ဖော်ထုတ်ချက်အရ ယနေ့သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ယင်းသင်တန်းကို ဆန်စပါးစိုက်ပျိုးထုတ်လုပ်၊ ကြိတ်ခွဲ၊ သိုလှောင်၊ တင်ပို့ရောင်းချခြင်း တန်ဖိုးကွင်းဆက်လုပ်ငန်းစဉ်တစ်လျှောက်တွင် ပါဝင်ဆောင်ရွက်မည့်သူများ အထူးသဖြင့် ဆန်စက် အင်ဂျင်နီယာများ၊ ဆန်စက်ကိုင်တွယ်မောင်းနှင်သူများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စက်အခြေခံနည်းပညာ များနှင့် ခေတ်မီဆန်စက်နည်းပညာများအား လက်ဆင့်ကမ်းမျှဝေနိုင်‌စေရေး၊ ရိတ်သိမ်းချိန်လွန်ကဏ္ဍမှာ ဆန်အရည်အသွေးနှင့် ပတ်သက်ပြီး ကြုံတွေ့နေရသည့်ပြဿနာများကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်စေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ သင်တန်းတွင် ဆန်စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာများ၊ ဆန်စပါးရိတ်သိမ်းချိန်လွန် နည်းပညာများ၊ ဆန်အရောင်တင်ခြင်း နှင့် အရောင်ရွေးခြင်းနည်းပညာများ၊ ပေါင်းဆန်ထုတ်လုပ်ခြင်းနည်းပညာများ၊ ဖွဲနုဆီထုတ်လုပ် ခြင်းနည်းပညာများ၊ ခေတ်မီဆန်စက်များ ကိုင်တွယ်မောင်းနှင်ခြင်း၊ ထုတ်လုပ်မှုအလေ့အကျင့် ကောင်းများနှင့် မြန်မာ့ဆန်စပါးတို့၏ စံချိန်စံညွှန်းအရည်အသွေးသတ်မှတ်ချက်များ စသည်တို့နှင့် သက်ဆိုင်သည့် ဘာသာရပ်များကို ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစုတွင် စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် စက်မှုဝန်ကြီး ဌာန၊ အမှတ် (၁)၊ စက်မှုသင်တန်းကျောင်း (ဆင်တဲ) တွင်လည်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်မော်တာမောင်းနှင်ခြင်း၊ ပြစ်ချက်ရှာဖွေခြင်း၊ လျှပ်စစ်တိုင်းတာရေးကိရိယာများ၊ မီတာများကိုင်တွယ်အသုံးပြုခြင်း၊ စက်ရုံအလုပ်ရုံသုံးဘွိုင်လာနည်းပညာများနှင့် အခြေခံဂဟေ ဆက်နည်းပညာ အစရှိသည့် ဘာသာရပ်များကိုလည်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

   အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု၊ လှည်းကူးတွင် ရက်သတ္တပတ် (၂) ပတ်၊ ရွှေဝါရောင်ဆန်စက်၊ ညောင်တုန်းမြို့နယ်တွင် လေ့လာရေးခရီး (၁) ပတ်၊ အမှတ်(၁)၊ စက်မှုသင်တန်းကျောင်း(ဆင်တဲ)တွင် ရက်သတ္တပတ် (၃) ပတ်၊ စုစုပေါင်း (၆)ပတ်ကြာ ပို့ချသွားမည်ဖြစ်ပြီး စုစုပေါင်းသင်တန်းသားသင်တန်းသူ (၄၂) ဦး တက်ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း