နောက်ဆုံးရ သတင်း
ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) အစီအစဉ်အရ ၂၀၂၃ ခုနှစ်၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန်(အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း စီမံကိန်း” ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်း အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုန်းစိုက်ပျိုးထုတ်လုပ်သူ များအတွက် “စီးပွားဖြစ် အုန်းပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြလေ့ကျင့်ခြင်းသင်တန်း” ဖွင့်ပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ဦးသီဟဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးထွန်းထွန်းက သင်တန်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် စီမံကိန်း အစီအစဉ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းနည်းပြနှင့် သင်တန်းသားများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲကို နံနက် (၁၀:၀၀) နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပြီး သင်တန်းပို့ချခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ရာ သင်တန်းသား (၃၀) ဦး တက်ရောက်ကြ မည်ဖြစ်ပြီး လက်တွေ့ကွင်းဆင်း သရုပ်ပြလေ့ကျင့်ခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါ သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် စားသုံး သူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်း၊ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Auto Top Power Co., Ltd. မှ တင်သွင်းလာသော Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီး၊ Faw Toyota BZ4X အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ် (၆) စီး၊ Myanmar Brilliance Auto Co., Ltd. မှ တင်သွင်းလာသော Kaiyi B-EV အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၆) စီးနှင့် Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာသော BYD Dolphin အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၁၅) စီး၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၃၆) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၇-၆-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှု အတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ ဇွန် ၇ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်၊ (၁၁:၃၀) နာရီအချိန်တွင် နယူးဒေလီရှိ တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း ( The Foreign Correspondents’ Club of South Asia – FCC ) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Shirumalla Venkat Narayan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေနှင့် ဝန်ကြီး ဌာနက လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်မျာအား ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး၊ မြန်မာနှင့် ယခင်ဗြိတိသျှ အိန္ဒိယဒေသ၌ ပါဝင်ခဲ့သော နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်မည့် အလားအလာများ၊ မြန်မာနှင့် အိန္ဒိယအရှေ့မြောက်ဒေသပြည်နယ်များအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ဒေသခံပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများမြှင့်တင်ရေးတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့နောက် Mr. Shirumalla Venkat Narayan ကသိရှိလို၍ မေးမြန်းသည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်ရေးညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ -၂ ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးအောင်နိုင်ဦးတက်ရောက် အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စု၀န်ကြီးက ပြည်ပသို့ ကော်ဖီပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိသော နိုင်ငံတကာအဆင့်မီ ကော်ဖီများကို အလားအလာရှိသည့် နိုင်ငံတကာဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေး နှင့် ဈေးကွက်ချဲ့ထွင် နိုင်ရန်အတွက် လိုအပ်ချက်များကိုအစိုးရဌာနများ၊ အသင်းအဖွဲ့နှင့် စိုက်ပျိုးထုတ်လုပ်သူများအကြား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဈေးကွက်ရရှိရေးနှင့် ဈေးကွက်ဝင် နိုင်ငံ၏ စံချိန်စံညွှန်းဆိုင်ရာနှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေးကိုလည်း ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မြန်မာ့ ကော်ဖီကို အမေရိက၊ ဥရောပနှင့် အာရှဒေသတို့မှ နိုင်ငံပေါင်း (၁၄) နိုင်ငံသို့ တင်ပို့လျက်ရှိပါကြောင်းနှင့် ဈေးကွက်အလားအလာရှိသည့် နိုင်ငံများသို့ ဆက်လက်တိုးမြှင့်တင်ပို့နိုင်ရေးစိုက်ပျိုးထုတ်လုပ်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများနှင့် ကော်ဖီအသင်းမှ တာဝန်ရှိသူများက မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ကော်ဖီပို့ကုန်မြှင့်တင်ရေးနှင့် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာမှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့်ဒေသများမှ စိုက်ပျိုးထုတ်လုပ်သူအစုအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၃၇၉၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။