နောက်ဆုံးရ သတင်း

နေပြည်တော်၊ ဇူလိုင် ၂၄

   ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ညီနောင်အသင်းများ တွေ့ဆုံပွဲတွင် ကဏ္ဍအသီးသီးရှိ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များမှ တင်ပြချက်များအပေါ် ဆက်လက်အကောင်အထည်ဖော်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်နှင့် စပ်လျဉ်းသည့်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့၊ (၁၄:၀၀)နာရီ၊ နေ့လည်ပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့်ညီနောင်အသင်းအဖွဲ့(၁၈)ခုမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး (၃၈) ဦးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

   ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယခုအစည်းအဝေးသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မှ ညီနောင်အသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တွေ့ဆုံပွဲ၌ လုပ်ငန်းရှင်များမှ တင်ပြဆွေးနွေးချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်‌ရေးအတွက် ယခုကဲ့သို့ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ပြန်လည်မြှင့်တင်နိုင်ရေး ဘက်ပေါင်းစုံမှနေ၍ အစိုးရနှင့်ပုဂ္ဂလိက လက်တွဲကြိုးပမ်းဆောင်ရွက်ရာတွင် ဆက်လက်ဆောင်ရွက်ရန် ကိစ္စများအပေါ် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးရန်ဖြစ်ပါကြောင်း၊ လက်တွေ့ထိရောက်သည့် နည်းလမ်းများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်‌အောင်ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများကို ပိုမိုဆောင်ရွက်နိုင်ပြီး ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများအပေါ် မူတည်၍ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်များ တိုးတက်ရရှိလာမည်ဖြစ်ပါက လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးများ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့် နှမ်းများကို ပိုမိုစိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်း၌ ဆီထုတ်လုပ်ခြင်းလုပ်ငန်းများ၌ အသုံးပြုဆောင်ရွက်မည်ဆိုပါက ဆီစက်များလည်ပတ်ရခြင်း၊ တိရစ္ဆာန်အစာအတွက် လိုအပ်သည့် နှမ်းဖတ်၊ ပဲဖတ်များရရှိခြင်း၊ အလုပ်အကိုင်များ ရရှိခြင်းများ ဖြစ်ပေါ်ပြီး ပြည်တွင်းဆီဖူလုံမှုများကို များစွာအထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ဦးတည်ချက် (၁၂) ချက်တွင် ပါရှိသည့် အချက်များကို အလေးထားဆောင်ရွက်ရန် လိုပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရန်အတွက် အားပေးဆောင်ရွက်ရန် လိုအပ်သဖြင့် ပေါင်းစပ်ညှိနှိုင်း ကြရမည်ဖြစ်ကြောင်းနှင့် ပို့ကုန်မြှင့်တင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပုဂ္ဂလိကစီးပွားရေးအသင်းအဖွဲ့များ တွေ့ဆုံပွဲတွင် ပုဂ္ဂလိကကဏ္ဍမှ တင်ပြချက်များအပေါ် အသေးစိတ်ထပ်မံတင်ပြခြင်းနှင့် ထပ်မံဖြည့်စွက်တင်ပြလိုသည်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ကြုံတွေ့နေရသည့်  အခြေအနေများကိုလည်းကောင်း တင်ပြခဲ့ရာ ကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက်ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

နေပြည်တော် ဇူလိုင်လ ၂၃

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ် နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ မှ ဇူလိုင်လ ၃၀ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၂၃၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

နေပြည်တော် ဇူလိုင်လ ၁၆

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန် ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ မှ ဇူလိုင်လ ၂၃ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာ လျှင် ၄၁၀၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

နေပြည်တော်၊ ဇူလိုင် ၃   တီထွင်မှုမူပိုင်ခွင့်နည်းဥပဒေများ (မူကြမ်း)နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းလွဲ (၁၃:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကားပြောကြားခဲ့သည်။

   လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်စုံ၊ ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်ရာတွင် မူပိုင်ခွင့်ကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများပေါများစေရေး၊ ကုန်သွယ်မှုလုပ်ငန်းများချောမွေ့စေရေး၊ တီထွင်ဖန်တီးမှုများ တိုးတက်စေရေးတို့အတွက် မူပိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ (၄) ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး တီထွင်သူများနှင့် တီထွင်မှုကို အသုံးပြုသူများအကြား နည်းပညာဗဟုသုတနှင့် လူမှုစီးပွားဘဝသာယာဝပြောရေးများကို အပြန်အလှန် အကျိုးပြုစေရန်၊ နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုများနှင့် နည်းပညာဖြန့်ဖြူးလွှဲပြောင်းရေးတို့ကို မြှင့်တင်နိုင်ခြင်း အားဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် တီထွင်ဖန်တီးသော လူမှုပတ်ဝန်းကျင်ဖြစ်ပေါ်စေရေးအတွက် အားပေးရန် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် တီထွင်မှုမူပိုင်ခွင့်နည်းဥပဒေများ (မူကြမ်း) အား ရေးဆွဲခဲ့ပြီး အဆိုပါနည်းဥပဒေများ (မူကြမ်း)အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ အကြံပြုချက်များ တောင်းခံရရှိထားပြီးဖြစ်ပါ၍ ယခုညှိနှိုင်းအစည်း အဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အစည်းအဝေးမှ ဆွေးနွေးအကြံပြုချက်များနှင့်အညီ လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်ပြီး နည်းဥပဒေအတည်ပြုနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံတို့က တီထွင်မှု မူပိုင်ခွင့်နည်းဥပဒေများ(မူကြမ်း) နှင့်စပ်လျဉ်း၍ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ တောင်းခံရရှိခဲ့မှုအခြေအနေ၊ ပြင်ဆင် ထားရှိမှုအခြေအနေများကို PowerPoint ဖြင့် ရှင်းလင်းတင်ပြရာ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်း များမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဇူလိုင် ၁၂

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်နိုင်ဦးသည် ပြည်ပနိုင်ငံ (၁၂) နိုင်ငံရှိ မြန်မာသံရုံး/ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ၌ တာဝန်ထမ်းဆောင်နေသော စီးပွားရေးသံမှူး (၁၆) ဦးနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသည့်သံမှူးတို့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၊ နေ့လည်ပိုင်းတွင်  ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် တွေ့ဆုံကာ လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီးက စီးပွားရေးသံမှူးများအနေဖြင့် မြန်မာ့ပို့ကုန်များ ဈေးကွက်ပိုမိုရရှိရေးအတွက် သက်ဆိုင်ရာနိုင်ငံများမှ အစိုးရဌာန အဖွဲ့အစည်းများ၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် ထိတွေ့မှု ပိုမိုရယူကာ ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရေး၊ သက်ဆိုင်ရာနိုင်ငံများ၏ ကုန်စည်ပြပွဲ များတွင် မြန်မာ့ပို့ကုန်များ ပါဝင်ပြသနိုင်ရေးနှင့် ချိတ်ဆက်မှု ပိုမိုရရှိစေရေး၊ မိမိနိုင်ငံအတွက် အကျိုးရှိ စေမည့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ကျယ်ပြန့်စွာရယူ အသုံးချနိုင်ရေး၊ ပြည်တွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက အကူအညီတောင်းခံမှုများကို Virtual စနစ်ဖြင့် တွေ့ဆုံညှိနှိုင်းကာ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးရေး၊ သက်ဆိုင်ရာနိုင်ငံများသို့ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက် များ ကျယ်ပြန့်စွာဖြန့်ဝေပေးနိုင်ရေးနှင့် ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေးကိစ္စများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးစသည်တို့အား အသေးစိတ်မှာကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက် စီးပွားရေးသံမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပါသည်။

   ထို့နောက် စီးပွားရေးသံမှူးများက နိုင်ငံအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း